၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဩဂုတ်လ (၁)ရက်မှ (၇)ရက်နေ့အတွင်း တနင်္သာရီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့မှ ပြည်သူ (၆၀)နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ ဩဂုတ်လ (၇)ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်ကို လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်နှင့် ကချင်ပြည်နယ်၊ရွှေကူမြို့ အကြား ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာအချို့ ကို စစ်အာဏာရှင်တပ် သားများ၏ သင်္ဘောများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် လူငယ်များကို ပစ်မှတ်ထားပြီး YBS ကားများပေါ် အထိ တက်ရောက်စစ်ဆေးမှုများ ပြုလုပ်လာခဲ့သည်။

ပဲခူးတိုင်းဒေသကြီး သာယာဝတီထောင် နှင့် ဒိုက်ဦးထောင်တို့တွင် နိုင်ငံရေး အကျဉ်းသားများ ကို စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနက ရိုက်နှက် နှိပ်စက်ခဲ့ပြီး တိုက်ပိတ်ထားခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ကလေးငယ် (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး မှ ဒေသခံပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်မှုများ ပြုလုပ်ခဲ့ရသည်။