ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင်အဖွဲ့တွေက စခန်းအတွင်းနေထိုင်သူတွေကို ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ်နေလို့ ဒုက္ခသည်တွေဟာ အသက်အိုးအိမ်လုံခြုံရေးကို နေ့စဉ်စိုးရိမ်နေရပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက လုံခြုံရေးကို ဖိဖိစီးစီးဆောင်ရွက်ပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒုက္ခသည်တွေ အသက်အန္တရာယ်လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို ဖိအားပေးတောင်းဆိုဖို့ ရိုဟင်ဂျာတွေက လိုလားနေပါတယ်။

အခု ၂၀၂၃ ခုနှစ် ပထမ သုံးလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အသတ်ခံရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၄ ဦးအထိ ရှိလာတယ်လို့ စခန်းအတွင်းနေထိုင်နေသူတွေက ပြောပါတယ်။

“ကျွန်တော်တို့ ညဆိုမအိပ်ရဘူး။ အချိန်မတော် သေနတ်ပစ်သံတွေ၊ တဲအိမ်တွေကို မီးရှို့ပစ်မလား၊ ပြီးတော့လာပြီးတော့ သတ်မလား၊ သေနတ်ပစ်မလား အဲ့လိုမျိုးစိုးရိမ်စိတ်နဲ့ နေရတာပါ”

အသတ်ခံရသူအားလုံးဟာ အမျိုးသားတွေဖြစ်ပြီး ဇန်နဝါရီလက နှစ်ဦး၊ ဖေဖော်ဝါရီလမှာ နှစ်ဦးနဲ့ အခုမတ်လမှာ ၁၀ ဦးအထိရှိလာတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ အသတ်ခံရသူတွေ တဖြည်းဖြည်းများလာနေလို့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ နေ့စဉ်အသက်အန္တရာယ်အတွက် စိုးရိမ်နေကြရပါတယ်။

အသတ်ခံရသူအများစုဟာ ARSA ကနေ ထွက်လာသူ၊ ARSA ကို ဆန့်ကျင်သူ၊ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ၊ စခန်းခေါင်းဆောင်တွေနဲ့ ရာအိမ်မှူးတွေ များတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

မတ်လ တတိယအပတ်မှာ ဒုက္ခသည်စခန်းအမှတ် ၁၃ က ရာအိမ်မှူးတစ်ဦးကို သတ်ဖို့လာတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရာအိမ်မှူးကို မတွေ့လို့ ညီဖြစ်သူကို သေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့ အဲ့ဒီအချိန် အနီးနားမှာ ရှိနေခဲ့တဲ့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“သုံးနာရီလောက်မှာ သူတို့အိမ်ခြေတစ်ရာရဲ့ ရာအိမ်မှူးကို သတ်ဖို့လာတယ်လို့ ပြောတယ်။ သူ့ကို မတွေ့လို့ သူ့ ညီကို ပစ်လိုက်တာ၊ လက်နက်ကိုင်အဖွဲ့က ပစ်လိုက်တယ်။ ဘယ်အဖွဲ့လည်းတော့ မပြောတက်ဘူး။ အခုစခန်းမှာ အဖွဲ့နှစ်ဖွဲ့၊ သုံးဖွဲ့တော့ရှိတယ်။ တစ်ဖွဲ့က လုပ်ရင်နောက်တစ်ဖွဲ့ကို ပြောတယ်။ အဲ့လိုပါ။”

ကော့ဘဇားမှာ ဒုက္ခသည်စခန်း ၃၄ ခုရှိပြီး ဒီနှစ်အတွင်း အသတ်ခံရသူတွေဟာ စခန်းအမှတ် ၁၊ ၂၊ ၈ ၊၉ ၊ ၁၃၊ ၁၇၊ ၁၉ စတဲ့ စခန်းတွေက ဖြစ်ကြောင်း ဒုက္ခသည်တချို့ဆီက ရတဲ့အချက်အလက်တွေအရ သိရပါတယ်။

“ဒီမှာ ကျွန်တော်တို့က စိုးရိမ်စိတ်က တစ်ရက်ထက်တစ်ရက် ပိုပိုများလာတယ်။ ညဆို သေနတ်သံက ဟိုမှာဒိုင်း၊ ဒီမှာဒိုင်းနဲ့ အခုပြန်ချင်တယ်။ မြန်မာကို ပြန်လို့မရလို့”

ဒါကတော့ ဘာလုခါလီဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဒုက္ခသည်တစ်ဦး ရင်ဖွင့်ပြောပြသွားတာပါ။

စခန်းအတွင်းနေထိုင်သူတွေ အသတ်ခံရတဲ့အခါ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အမှုဖွင့်တာတွေ ရှိပေမယ့် ထိထိရောက်ရောက်အရေးမယူတဲ့အတွက် အသတ်ခံရသူတွေ လျော့ကျမသွားဘဲ တိုးလာတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။

image (3).jpg
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဘာလုခါလီ ဒုက္ခသည်စခန်းတွင် ရိက္ခာရယူရန် တန်းစီစောင့်ဆိုင်းနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ်။ (Photo: Reuters)

ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က စခန်းတိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေထားပေမယ့် တပ်ဖွဲ့ဝင်တွေက ထိထိရောက်ရောက် လုံခြုံရေး ယူပေးတာ မရှိဘူးလို့ ဆိုပါတယ်။

အဓိကအားဖြင့် ညဘက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တာဝန်ယူမှုမရှိသလောက်ဖြစ်နေလို့ ရာဇဝတ်မှုကျူးလွန်တဲ့သူတွေ ပေါလာတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။

“တဖြည်းဖြည်းတိုးလာတာပါ။ တစ်လပိုင်း၊ နှစ်လပိုင်းထက် သုံးလပိုင်းမှာ ၁၀ ယောက်တောင်ရှိသွားပြီ။ စိုးရိမ်ချက်က အရမ်းရှိတယ်။ ကျွန်တော်တို့ ညဆိုမအိပ်ရဘူး။ အချိန်မတော် သေနတ်ပစ်သံတွေ၊ တဲအိမ်တွေကို မီးရှို့ပစ်မလား၊ ပြီးတော့လာပြီးတော့ သတ်မလား၊ သေနတ်ပစ်မလား အဲ့လိုမျိုးစိုးရိမ်စိတ်နဲ့ နေရတာပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က စနစ်တကျကိုင်တွယ်ဖြေရှင်းဖို့လိုတယ်။ ဒုက္ခသည်တွေနဲ့ သာညှိနှိုင်းပြီးလုပ်မှ ဒါရမယ်လို့ ကျွန်တော်က ထင်တယ်။ နိုင်ငံတကာနဲ့ပါ ပူးပေါင်းပြီးလုပ်မယ်ဆိုရင် ပိုပြီးတော့ ကောင်းမှာပါ။”

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်နောက်တစ်ဦး ပြောပြတာပါ။ လုံခြုံရေးအရ သူ့အမည်နဲ့ နေထိုင်တဲ့ စခန်းနံပါတ်ကို ထုတ်ပြောဖို့ အခက်အခဲရှိတယ်လို့ ပြောပါတယ်။

“နေ့တိုင်းလိုလို အသတ်ခံနေရတယ်။ တစ်ရက်ခြား နှစ်ရက်ခြား၊ အဲ့လိုမျိုး အမြဲတမ်းအသတ်ခံနေရတော့ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ ရှိပေမယ့် သူတို့ ကိုယ်တိုင်ကိုက ဒုက္ခသည်တွေကို အကာအကွယ်မပေးနိုင်ဘူး။”

စခန်းတွေမှာ ချထားပေးတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဒုက္ခသည်တွေအတွက် လုံခြုံရေးတာဝန်ယူမပေးနိုင်ဘူးဆိုရင် အစားထိုးလဲလှယ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရမှာ တာဝန်ရှိတယ်လို့ ရိုဟင်ဂျာအရေးဆောင်ရွက်သူတွေက ထောက်ပြကြပါတယ်။

အခုမတ်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိခဲ့ပြီး ဒုက္ခသည်တွေအရေး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့သူ ရိုနေဆန်းလွင်က စခန်းအတွင်း ဆိုးဝါးနေတဲ့ လုံခြုံရေးအခြေအနေတွေကို ပြောပြပါတယ်။

“နေ့တိုင်းလိုလို အသတ်ခံနေရတယ်။ တစ်ရက်ခြား နှစ်ရက်ခြား၊ အဲ့လိုမျိုး အမြဲတမ်းအသတ်ခံနေရတော့ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ ရှိပေမယ့် သူတို့ ကိုယ်တိုင်ကိုက ဒုက္ခသည်တွေကို အကာအကွယ်မပေးနိုင်ဘူး။ အဲ့မှာ ဒုစရိုက်ဂိုဏ်းတွေကလည်း အများကြီးရှိတယ်။ များသောအားဖြင့်တော့ ARSA ကနေ သတ်တယ်ဆိုပြီးတော့ လူတွေကတော့ ပြောကြတာပေါ့နော်။ ကျွန်တော်တို့ရဲ့ စုံစမ်းချက်မှာလည်း များသောအားဖြင့် ARSA ကနေပဲ သူတို့နဲ့ အဆင်မပြေတဲ့သူတွေ၊ သူတို့ကို ဆန့်ကျင်သူတွေကို ပစ်မှတ်ထားပြီးတော့ သတ်ဖြတ်တာကြားရတယ်။ တခြား ဒုစရိုက်ဂိုဏ်းတွေလည်း ရှိကောင်းရှိနိုင်တယ်။ အခုလောလောဆယ်တော့ အခြေအနေက တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာတယ်။”

rohingya09.jpg
၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပါလောင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာခေါင်းဆောင် မိုဟစ်အူလာ အသတ်ခံရပြီးနောက် လုံခြုံရေးစောင့်ကြပ်နေသော ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ (Photo: AFP)

ရှေ့ဆက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက စခန်းတွေမှာ လုံခြုံရေးသေသေချာချာမချထားပေးရင် ဒုက္ခသည်အများစု အသက်ဆုံးရှုံးရနိုင်ချေရှိတယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကနေ အခုနှစ်မတ်လ ၂၅ ရက်နေ့အထိ ခြောက်နှစ် နီးပါးကာလအတွင်း မြန်မာပြည်တွင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ အသတ်ခံရတဲ့ ဒုက္ခသည် စုစုပေါင်း ၂၀၀ ကျော်ရှိတယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းရှိတယ်လို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ စာရင်းတွေမှာ ဖော်ပြထားပေမယ့် မြန်မာနိုင်ငံဘက်က ထွက်ပြေးသွားတဲ့သူ ငါးသိန်းကျော်ပဲရှိတယ်လို့ မတ်လ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနဲ့မေးမြန်းချက်မှာ စစ်ကောင်စီနိုင်ငံခြားရေးတာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်။

အဲ့ဒီအထဲက တစ်ထောင်ကျော်ကို ရှေ့ပြေးစီမံကိန်းအနေနဲ့ လာမယ့် ဧပြီလမှာ မြန်မာပြည်မှာ ပြန်လက်ခံဖို့ စစ်ကောင်စီက စီစဉ်နေပါတယ်။

RFA Burmese