ဦးခေါင်းနှင့် ခြေလက် ဖြတ်တောက်သည့် စစ်ကြောင်း ဝင်ရောက်သွားသည့် စစ်ကိုင်းမြို့တွင် အမျိုးသမီးတချို့ အပါအဝင် ဒေသခံ ၁၄ ဦး၏ ရုပ်အလောင်းများကို တွေ့ရသည်။

(သတင်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ ဓာတ်ပုံအချို့ ပါဝင်သည်)

မူးမြစ်နှင့် ဧရာဝတီမြစ် ပေါင်းဆုံသည့် ဒေသ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တာတိုင်ရွာ တော်လှန်ရေးအဖွဲ့၏ ခေါင်းဆောင်တစ်ဦးကို စစ်ကောင်စီတပ်က အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်သွားသည်။

ယမန်နေ့ (မတ် ၁) မိုးမလင်းမီ ဖြစ်ပွားသည့် ထိုဖြစ်စဉ်အတွင်း စစ်ကောင်စီက ဓားစာခံ ဖမ်းခေါ်သွားသည့် အမျိုးသမီးသုံးဦးအပါအဝင် အခြားဒေသခံ ၁၄ ဦးပါ သတ်ဖြတ်ခံခဲ့ရသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ထိုစစ်ကြောင်းမှာ ဖေဖော်ဝါရီ ၂၈ ညဦးပိုင်းတွင် တာတိုင်ရွာ အရှေ့ဘက်ရှိ မြင်းမူမြို့နယ်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ထွက်လာသည်၊ မူးမြစ်နှင့် ဆုံသည့်နေရာ ကမ်းနဖူးပေါ်ရှိ တာတိုင်ရွာသို့ နောက်တစ်ရက် နံနက်မိုးမလင်းမီ ၃ နာရီဝန်းကျင်တွင် ရုတ်တရက် ဝင်ရောက်စီးနင်းခြင်းဖြစ်သည်ဟု သိရသည်။

ရွာအနီးသို့ ကပ်လာသော စစ်ကောင်စီတပ်၏ စစ်ကြောင်းသတင်းကို ထောက်လှမ်းနေသည့် တာတိုင်ရွာ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုမိုက်ကယ် (ခ) ကိုကျော်ဇော၏ ရုပ်အလောင်းမှာ ခေါင်း၊ ခြေနှစ်ဖက်၊ လက်နှစ်ဖက်တို့ သီးခြားစီ ရှိနေပြီး ဝမ်းဗိုက်အတွင်းရှိ အူများ ထွက်နေသည်ကို မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။ ခြေလက်များ ဖြတ်တောက်ခံရချိန်တွင် ကိုမိုက်ကယ် သေဆုံးပြီးခြင်း ရှိမရှိ မသိရသေးပေ။

စစ်ကြောင်းပြန်ထွက်သွားပြီးနောက်တွင် ကိုမိုက်ကယ်၏ အလောင်းကို ရွာအတွင်း၌ တွေ့ရသည်၊ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ သတ်ဖြတ်ခံရသည့် ဒေသခံ ၁၄ ဦး၏ ရုပ်အလောင်းများကိုမူ မူးမြစ်အနောက်ဘက်ကမ်း၊ မြင်းမူမြို့နယ် ညောင်ရင်းရွာအနီး ရှာဖွေတွေ့ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ကိုင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နာယကတစ်ဦးက ပြောသည်။

“သူ့ကျေးရွာကို စစ်ကြောင်းဝင်တဲ့အခါ ပြည်သူတွေ ဖမ်းဆီးခံလိုက်ရတယ်။ သူက အခြေအနေကို သွားပြီးတော့ ကြည့်တဲ့အခါမှာ စစ်ကြောင်းနဲ့ တွေ့ပြီးတော့ ဒဏ်ရာရသွားတယ် ထင်တယ်။ အဲဒီမှာ ဖမ်းဆီးပြီးတော့ တစ်စစီ နှိပ်စက်သတ်ဖြတ်ခဲ့တာ” ဟု ၎င်းက ပြောသည်။

ရုပ်အလောင်းများ၏ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ကျည်သင့်ဒဏ်ရာများ တွေ့ရကြောင်း၊ မသေဆုံးခင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ကြရသည်ဟု ယူဆရကြောင်း ထိုသူက ယနေ့ ညနေပိုင်းတွင် ပြောသည်။

အလောင်းများကို သင်္ဂြိုဟ်ရန် စီစဉ်နေသည်၊ သေဆုံးသူများထဲတွင် ကိုမိုက်ကယ်၏ ညီ ၃၅ နှစ်အရွယ် ကိုထွန်းထွန်း၊ ၃၅ နှစ်အရွယ် ကိုကျော်စိုး၊ ၄၇ နှစ်အရွယ် ဦးစိုးနိုင်၊ ၄၅ နှစ်အရွယ် ဦးငလင်း၊ ၃၄ နှစ်အရွယ် ကိုကျော်ကျော်တို့ပါဝင်သည်၊ အခြားသူများ မည်သူမည်ဝါဖြစ်သည်ကို မသိရသေးဟုလည်း သူက ဆက်ပြောသည်။

တာတိုင်ရွာသည် အိမ်ခြေ ၈၀ ခန့်သာ ရှိပြီး ငါန်းဇွန်မြို့၊ မြင်းမူမြို့တို့နှင့် ထိစပ်နေသည်။
Hm.jpg

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တာတိုင်ရွာ မတ် ၁ ရက်တွင် စစ်တပ်က စီးနင်းပြီးနောက် ရက်စက်စွာ သတ်ဖြတ်ခံရသည့် ရွာတော်လှန်ရေးအဖွဲ့ခေါင်းဆောင်နှင့် ဒေသခံအချို့။ ဓာတ်ပုံ-ပေးပို့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တာတိုင်ရွာ မတ် ၁ ရက်တွင် စစ်တပ်က စီးနင်းပြီးနောက် ရက်စက်စွာ သတ်ဖြတ်ခံရသည့် ရွာတော်လှန်ရေးအဖွဲ့ခေါင်းဆောင်နှင့် ဒေသခံအချို့။ ဓာတ်ပုံ-ပေးပို့

တာတိုင်ရွာကို ဝင်မွှေခဲ့သည့် စစ်ကြောင်းမှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က မလဲသာရွာသို့ ရဟတ်ယာဉ်နှစ်စီးဖြင့် ရောက်သွားသည့် အင်အား ၇၀ နီးပါးပါ တပ်ဖွဲ့ဖြစ်သည်။ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တစ်ခုဖြစ်သည့် ထိုစစ်ကြောင်းသည် မလဲသာရွာမှတစ်ဆင့် မြင်းမူမြို့နယ် ပဒတ္ထိုင်း၊ ကန်တော်၊ ညောင်ပင်ရွာတို့ကို လှည့်လည်သွားလာခဲ့သည်။

ထိုစစ်ကြောင်းက ပဒတ္ထိုင်းရွာတွင် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၁ ဦး၊ ကန်တော်ရွာမှ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးတို့လည်း ဦးခေါင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခဲ့ဖူးသည်။

စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင်မူ ကိုမိုက်ကယ်ကို တော်လှန်ရေးအဖွဲ့အချင်းချင်း သတ်ဖြတ်သည်ဟု ရေးထားသည်။

ယင်းမှာ သတင်းအမှားသာဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အထက်ပါ သတင်းရင်းမြစ်က တုံ့ပြန်သည်။

စစ်ကိုင်းမြို့ လတ်တလော သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အာဏာသိမ်းကာလ ၂ နှစ်ပြည့်ချိန် ဇန်နဝါရီ ၃၁ တွင် နိုင်ငံတစ်ဝန်း မြို့နယ် ၃၃၀ အနက် ထက်ဝက်ခန့်ကိုသာ အပြည့်အဝထိန်းချုပ်ထားနိုင်ကြောင်း စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် လက်နက်ကိုင်ခုခံမှုအားကောင်းရာ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မွန်၊ ကရင်ပြည်နယ်တို့မှ မြို့နယ် ၄၀ ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။
Tartaing_village.png

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တာတိုင်ရွာအခြေပြမြေပုံ။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တာတိုင်ရွာအခြေပြမြေပုံ။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်ကောင်စီက ၎င်းကို ခုခံသူများကို မကြာခဏ အစုအပြုံလိုက်သတ်ဖြတ်ပြလေ့ရှိသည်။ စစ်ကောင်စီ၏ ထိုသို့သော လုပ်ရပ်များမှာ ရက်စက်ယုတ်မာလွန်းနေပြီဖြစ်၍ နိုင်ငံတကာက ထိရောက် ပြင်းထန်စွာ အရေးယူသင့်နေပြီဟု စစ်ကိုင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နာယကက ဆိုသည်။

“ဒါက အချိန်ဆွဲလို့မရဘူး။ ဆွဲနေရင်တော့ အသက်ပေါင်းများစွာ ဆုံးရှုံးရမယ်။ ပြာပုံဖြစ်ရဦးမယ်။ အချိန်ဆွဲလေ များများသေလေ ဖြစ်မှာပဲ” ဟု ၎င်းက ပြောသည်။

နိုင်ငံတကာကလည်း စစ်ကောင်စီကို သတ်ဖြတ်မှုများ၊ ဖမ်းဆီးမှုများ ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရန်၊ အကျဉ်းသားများ လွှတ်ပေးရန် ဝိုင်းဝန်း တိုက်တွန်းလျက်ရှိသည်။ အလားတူ တိုက်တွန်းနေသည့် အရှေ့တောင်အာရှနိုင်ငံများအသင်းကို မြန်မာ့အရေး ဖြေရှင်းပေးရန်လည်း တောင်းဆိုထားသည်။

Myanmar Now News