လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်နေတဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီရဲ့ အခြေစိုက်တပ်စခန်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေဟာ ပြည်နယ်ရဲ့ အချက်အချာကျတဲ့ လမ်းမတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ဖြတ်သန်း သွားလာသမျှ ကားနဲ့ ဆိုင်ကယ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်နယ်တစ်ခုလုံးမှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေး ဂိတ်စခန်းပေါင်း ၄၀ နီးပါး ရှိနေပြီး အများစုက မြို့တော် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖယ်ခုံမြို့ အဝင်အထွက် လမ်းမတွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေး နေတာလို့ ဆိုပါတယ်။
“ကယားပြည်နယ်တစ်ခုလုံးမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို အနုနည်းနဲ့ အစာရေစာဖြတ်နေတာလို့ မြင်တယ်”
အဲဒီစစ်ဆေးရေးဂိတ်တွေကို စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက ဖွင့်လှစ်ထားတာဖြစ်ပြီး ပြည်နယ်အတွက် အဓိက ရိက္ခာသယ်တဲ့ လမ်းကြောင်းတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညား က ပြောပါတယ်။
“ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာရှိနေတဲ့ ကျနော်တို့ တောင်ငူဆင်းတဲ့ လမ်းမတစ်ကြောမှာ ဗျူဟာကုန်းတွေ ရှိတယ်၊ အဲဒီဗျူဟာကုန်းရယ် လိပ်သိုရွာမှာ တစ်ခု စစ်တယ်။ ယာသိုနဲ့ လိပ်သိုရွာကြားမှာ တစ်ခု စစ်တယ်။ အဲဒါကတော့ အကြီးအကျယ် စစ်တဲ့ဂိတ်တွေပေါ့၊ အထူးသဖြင့် အဲဒီဂိတ်တွေကနေတစ်ဆင့် ကျနော်တို့ ပြည်နယ်ကို ဆန်၊ ဆီ၊ ဆား ရိက္ခာသယ်တဲ့ အဓိကလမ်းကြောင်း ဖြစ်တယ်”
လွိုင်ကော်- ဒီးမော့ဆို လမ်းမပေါ်က သူတထူးအိမ်ရာ စခန်းဂိတ်၊ လွိုင်ကော်-ဆီဆိုင် လမ်းမပေါ်က ကမ်းသာယာ စစ်ဆေးရေးဂိတ်နဲ့ လွိုင်ကော်-မိုးဗြဲ လမ်းမပေါ်က ဘုရားဖြူ စစ်ဆေးရေးဂိတ်တွေဟာ ဆေးဝါးနဲ့ ရိက္ခာသယ်ယူမှုတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတဲ့ ဂိတ်တွေလို့ သူက ဆိုပါတယ်။
အခုနှစ် ဇန်နဝါရီလထဲမှာပဲ စားနပ်ရိက္ခာကို ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံကနေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သယ်ယူလာခဲ့ပေမယ့် လမ်းခုလတ် စစ်ဆေးရေးဂိတ်မှာပဲ ကုန်ပစ္စည်းနဲ့ ငွေတွေ သိမ်းဆည်းခံလိုက်ရ တယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ မနော် က သူ့ကိုယ်တွေ့ကို ပြောပြပါတယ်။
“ကုန်ပစ္စည်းတွေ ဘာတွေသယ်တဲ့အခါ အဖမ်းခံရတာလည်း ရှိတယ်။ အဲဒီအပေါ်မှာ ငွေတွေ ပါသွားတယ်။ ဒါက ကျမမိသားစုအတွင်းမှာ ကြုံရတဲ့ ပြဿနာတွေပေါ့။ ဒါက လုံးဝကို မလုံခြုံဘူးပေါ့နော်။ လမ်းပန်းဆက်သွယ်ရေးက အရမ်းကြီးကို တင်းကျပ်ပြီးတော့ စစ်ရှောင်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် သူတို့က ဥပဒေအရ စိုးမိုးမှု မရှိဘူး။ သူတို့လုပ်ချင်သလို လုပ်တဲ့ အခြေအနေလည်း အများကြီး ရှိတယ်”
ရိက္ခာနဲ့ ဆေးဝါး သယ်ယူပေးနေတဲ့ ကုန်ကားတွေကို စစ်တပ်စစ်ဆေးရေးဂိတ်တွေက တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာကြောင့် ဒုက္ခသည်တွေကို ဆေးဝါးနဲ့ စားနပ်ရိက္ခာ အချိန်မီ မထောက်ပံ့နိုင် တော့ဘူးလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေတဲ့ မဟယ်လင် က ပြောပါတယ်။
“များသောအားဖြင့် အစုအဖွဲ့တွေက ပစ္စည်းရယူတဲ့အခါမှာ အရမ်း ခက်ခဲတယ်ပေါ့။ ဟိုနည်းနည်း ဒီနည်းနည်း ခွဲသယ်နေရတာတို့ လုပ်ရတဲ့အခါကျတော့ အလုံအလောက် ပံ့ပိုးနိုင်တာမျိုး မရှိဘူးပေါ့နော်။ ဆေးရုံ၊ ဆေးခန်းတွေအတွက်တောင် မလောက်တဲ့ အခြေအနေ ဖြစ်နေတယ်။ အဓိကက သယ်ပေးတဲ့လူ မရှိဘူး။ သယ်လို့ အဆင်မပြေတော့ဘူး ပြောရင် ဒီကို မရောက်တော့ဘူးပေါ့။ အဲဒီလိုမျိုးတွေ ဖြစ်လာတာပေါ့။ ဒီလမ်းပန်း သွားလာရေးတွေမှာ ကုန်သည်တွေ၊ ကုန်ကားတွေက ဘယ်လောက်အထိ သယ်ပေးနိုင်မလဲပေါ့၊ သူတို့ကို ခွင့်ပြုတဲ့ ပမာဏ၊ စစ်တပ်ကို ပြောလို့ဆိုလို့ ကောင်းတဲ့ ပမာဏပဲ သယ်ရတော့ ဒုက္ခသည်တွေထံကို မရောက်နိုင်တာ၊ အဲဒါတွေကြောင့်လည်း ပါတာပေါ့”
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း ၂၀၂၂ ခုနှစ် ဇွန်လအစောပိုင်းမှာ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်သောင်းငါးထောင်ကျော်ကို အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ဖို့ ကြိုးစားခဲ့ပေမယ့် စစ်ဆေးမှု တင်းကျပ်လွန်းတာကြောင့် အမှန်တကယ် လိုအပ်နေတဲ့ ဒုက္ခသည်တွေထံ အပြည့်အဝ မရောက်ဘူးလို့လည်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဗူးပြားရွာမှာခိုလှုံနေတဲ့ ကရင်နီစစ်ဘေးဒုက္ခသည် ကလေး ၂၀ ခန့် ဖေဖော်ဝါရီ ဒုတိယပတ်ထဲမှာ ဝမ်းရောဂါဖြစ်ခဲ့ပြီး လမ်းပိတ်ဆို့မှုနဲ့ ဆေးဝါး မလုံလောက်မှုကြောင့် ခုနစ်လအရွယ် ကလေးငယ်တစ်ဦး ဖေဖော်ဝါရီ ၁၄ ရက်နေ့က သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရွာဟာ အိမ်ခြေ ၅၀ ကျော်နဲ့ လူဦးရေ ၃၀၀ ကျော် နေထိုင်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါကို ကလေးငယ် ၂၀ ကျော်နဲ့ လူကြီး နှစ်ဦး ခံစားခဲ့ရတာပါ။
စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်တာအတွင်း ဒုက္ခသည် ကလေးငယ်အများစုဟာ ကာကွယ်ဆေး ပုံမှန် မထိုးခဲ့ရသလို အခုလို အရေးပေါ်ကူးစက်ရောဂါ ဖြစ်လာချိန်မှာ ဆေးဝါးအလွယ်တကူ မရတာ၊ ဆေးရုံ အမြန်မပို့နိုင်တာတွေကြောင့် အခုလို အသက်ဆုံးတဲ့အထိ ဖြစ်ခဲ့ရတာလို့ မိုးဗြဲအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ကာကွယ်ဆေးသာ ကျမတို့ ထိုးရင်တော့ ကျမတို့က ကူးစက်မှုမနိုင်မနင်းဖြစ်လာတာ (Out Break) ကို အနည်း နဲ့ အများ ကာကွယ်မိပြီးသားလေ။ အခုက နှစ်နှစ်လောက် ကာကွယ်ဆေးက မထိုးမိတဲ့အခါကျတော့ စစ်ရှောင်ဆို ပိုးဆိုးတာပေါ့။ အမှန်က ဝမ်းပျက်ရောဂါ (GEO) ကာကွယ်ဆေးတွေ ရှိတယ်။ အဲဒါထိုးလိုက်ရင် တော့ Out Break တွေ ကျသွားမှာပေါ့။ အခုက မထိုးတဲ့ အခါကျတော့ မထိန်းချုပ်နိုင်တော့ဘဲ ဆေးမထိုး လိုက်ရတဲ့ နောက်ဆက်တွဲ တစ်ခု ဖြစ်လာတာပေါ့”
လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ ကယားပြည်နယ်မှာ ၂၀၂၁ ခုနှစ် မေလကတည်းက နှစ်ဖက်တိုက်ပွဲတွေ၊ အင်အားသုံး ဖြိုခွင်းမှုတွေနဲ့ စစ်တပ်က လူနေရပ်ကွက်တွေအထိ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ကြောင့် ကျေးရွာ ၈၇ ရွာက နေအိမ် တစ်ထောင့်နှစ်ရာ နီးပါး ဖျက်ဆီးခံထားရတယ်လို့ ဖေဖော်ဝါရီ ၇ ရက်နေ့က ကရင်နီ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းထုတ်ပြန်တဲ့ “အနာဂတ်မှာ ဘယ်လို အသက်ရှင်နိုင် မလဲ” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီလို ဖျက်ဆီးခံရတာကြောင့် ပြည်နယ်လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ တစ်သိန်း ရှစ်သောင်း စစ်ဘေးဒုက္ခသည်တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ ဒေသကာကွယ်ရေးတပ်တွေကို ငွေကြေး၊ အစားအစာနဲ့ ဆေးဝါး ထောက်ပံ့နိုင်တယ်ဆိုတဲ့ သံသယနဲ့ အခုလို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာဟာ ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်ရဲ့ အသက်ရှင်သန်ခွင့်ကို ခြိမ်းခြောက်နေတယ်လို့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးဒုက္ခသည် ကိုအယ်နီ က ပြောပါတယ်။
“လုံခြုံရေး အကြောင်းပြ KNDF ကို ရိက္ခာတွေ ထောက်ပံ့နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လမ်းတွေ ပိတ်တယ်၊ စစ်ဆေးရေးဂိတ်တွေ တိုးချတယ်၊ ဘာကိုမှ သယ်ခွင့်မရှိအောင် ပိတ်ပင်တယ်။ ဒါက ကယားပြည်နယ် တစ်ခုလုံးမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို အနုနည်းနဲ့ အစာရေစာဖြတ်နေတာလို့ မြင်တယ်။ ကျနော်တို့က စစ်ဘေးဒုက္ခသည်အဖြစ် ရပ်တည်နေရတဲ့ ဒီကာလတွေမှာ အလုပ်မှ လုပ်လို့ မရတာ၊ အလှုရှင်တွေ ပေးမယ့် ရိက္ခာကိုမျှော်ပြီး အသက်ဆက်နေရတာ။ ဒါကို စစ်ကောင်စီက ဒီလိုနည်းလမ်းတွေ သုံးတာက မသေသေအောင် သတ်နေသလိုပဲလို့ မြင်တယ်။ သူတို့ကိုယ်တိုင်လည်း မထောက်ပံ့ဘူး။ ထောက်ပံ့တာတွေကိုလည်း ဖြတ်တောက်တာ အောက်တန်းကျလွန်းတယ်”
ပြီးခဲ့တဲ့နှစ်တွေက ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဆံ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် စတဲ့ ရိက္ခာထောက်ပံ့မှုတွေ ရခဲ့ပေမယ့် တင်းကျပ်တဲ့ စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီးနောက်ပိုင်း တစ်လကို တစ်ကြိမ် ဆန်ရရှိဖို့ တောင် ခက်ခဲလာတယ် လို့ သူက ဆိုပါတယ်။
စားနပ်ရိက္ခာ ပြတ်လပ်လာတာနဲ့အမျှ စစ်ဘေးဒုက္ခသည် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အာဟာရမပြည့်ဝမှုနဲ့ နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုတွေ ရှိလာတယ်လို့လည်း စစ်ဘေးဒုက္ခသည် တွေက ပြောပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ကယားပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦး ကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ကောင်စီက ဖြတ်လေးဖြတ်စနစ်မျိုးနဲ့ အခုလိုဆက်ပြီး ပိတ်ဆို့စစ်ဆေးနေမယ်ဆိုရင် နေရပ်စွန့်ခွာ ထွက်ပြေး နေရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အငတ်ဘေးနဲ့ ရင်ဆိုင်ရမယ့်အခြေအနေ ဖြစ်လာနိုင်တယ် လို့ စစ်ဘေး ဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။