ဖေဖော်ဝါရီလ ၁ရက်မှ ၇ ရက်အတွင်း ကယားပြည်နယ် ဒီမော့ဆိုမှ ပြည်သူ ၁ဦးနှင့် စစ်ကိုင်းတိုင်း မုံရွာမြို့မှ ပြည်သူ ၁ဦးကို စစ်အာဏာရှင် တပ်သားများက ခေါင်းဖြတ် သတ်ဖြတ်ခဲ့သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ် သပိတ် လှုပ်ရှားမှုနှင့် ပတ်သတ်၍ ဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့သော ရန်ကုန် မရမ်းကုန်းမှ ပြည်သူ ၂ဦးနှင့် စစ်ကိုင်းမှ ပြည်သူ ၁ဦး ဖမ်းဆီးခဲ့ရပြီး တော်လှန်ရေးနှင့် ဆက်စပ်သော အကြောင်းအရာများ လူမှုကွန်ယက်တွင် မျှဝေသည်ဟုဆိုကာ နေပြည်တော်မှ ပြည်သူအချို့လည်း ဖမ်းဆီးခံခဲ့ရသည်။ ရန်ကုန် အင်းစိန်ထောင်နှင့် မန္တလေး အိုးဘိုထောင်မှ နိုင်ငံရေး အကျဉ်းသားများကို အကြမ်းဖက် ရိုက်နှက် နှိပ်စက်ခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိသူများ ရှိခဲ့သည်။