နိုဝင်ဘာလ ၂၅ရက်နေ့ကို “နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့” အဖြစ် သတ်မှတ်ထားပြီး၊ ထိုနေ့တွင် နိုင်ငံတကာအသိုင်းအဝန်းများမှ အမျိုးသမီးထုများအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများသည် လှုပ်ရှားမှုပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်မှုရပ်တန့်ရန် ဆန္ဒထုတ်ဖော်ကြသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်စေရန် လှုပ်ရှားမှုကို လွန်ခဲ့သည့် ၁၉၈၁ ကတည်းမှ စတင်တောင်းဆိုခဲ့သည်။ သို့သော် ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက် နေ့ ကုလသမဂ္ဂ၏ ၅၄ ကြိမ်မြောက် အထွေထွေညီလာခံ စည်းဝေးဆုံးဖြတ်ချက်အရ နိုဝင်ဘာလ ၂၅ ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ် စတင်သတ်မှတ်ခဲ့သည်။
ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်း ရှင်း (CEDAW) တွင် အဖွဲ့ဝင်နိုင်ငံများ လိုက်နာလုပ်ဆောင်ရမည့် ဥပဒေပုဒ်မပေါင်း ၃၀ ရှိသည့်အနက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဓိပ္ပါယ်ဖွင့်ဆိုထားသည့် ဥပဒေပုဒ်မပေါင်း ၁ မှ ၁၆ အထိ ရှိသည်။ ဤပဋိညာဉ်စာတမ်း CEDAW တွင်ပါဝင်သော ဥပဒေများကို လေးစားလိုက်နာပြီး အမျိုးသားအဆင့် အရေးယူ ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရန် သဘောတူ လက်မှတ်ထိုးထားသည့် နိုင်ငံပေါင်း ၁၈၉ နိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် သဘောတူ လက်မှတ်ထိုးခဲ့သည်။ တကယ်တော့ ထိုစဉ်က မြန်မာနိုင်ငံ၏ လက်တစ်ဆုပ်စာ တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားသူများသည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ပိုမိုရရှိဖို့ရန်အတွက်သာ ရည်ရွယ်လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။ အမှန်မှာ မြန်မာနိုင်ငံရှိ တောင်ပေါ် တိုင်းရင်းသားဒေသနှင့် မြေပြန့်ဒေသပါမကျန် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ဖမ်းဆီးချုပ်နှောင်သတ်ဖြတ်မှု စသည်ဖြစ်ရပ်များသည် လျော့နည်းပပျောက်သွားခြင်းမရှိခဲ့သည်မှာ အားလုံး အသိပင်ဖြစ်သည်။
ပို၍ အခြေအနေဆိုးလာသည်မှာ အကြမ်းဖက်စစ်တပ်သည် ဖေဖော်ဝါရီ ၁ရက်၊ ၂၀၂၁ခုနှစ် တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ပြီးနောက် အမျိုးသမီးများအပေါ်ပစ်မှတ်ထားပြီး၊ အကြမ်းဖက်မှု ပုံစံမျိုးစုံကို စီမံကိန်းတစ်ခုသဖွယ် ကျူးလွန်လျက်ရှိသည်။ ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသတွင် အခြေပြုဖွဲ့စည်းထားသော Justice Movement for Community-Innlay ကိုတည်ထောင်သူ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေသခံ အမျိုးသမီးခေါင်းဆောင် တစ်ဦးသည် စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြမှုဖြင့် ပုဒ်မ ၅၀(ည)ဖြင့် မတရား ဖမ်းဝရမ်းထုတ်ခံခဲ့ရသည်။
ကရင်ပြည်နယ် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်အမျိုးသမီးများအား အကြမ်းဖက်စစ်တပ်မှ ပေါ်တာဆွဲပြီးဓါးစားခံအဖြစ် ပြုလုပ်လေ့ရှိကာ၁၀ပိဿာခန့်လေးသော ပစ္စည်းထုပ်များကို အတင်းအဓမ္မထမ်းခိုင်းကြောင်း ကရင်အမျိုးသမီးများအစည်းအရုံး (KWO) မှပြောဆိုထားသည်ကို ၂၀၂၂ခုနှစ် မေလတွင် ဧရာဝတီသတင်းဌာန၌ ဖော်ပြထားသည်။
ND-Burma အဖွဲ့ဝင် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းသို့ ၂၀၂၂ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၀း ၃၀ ခန့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် မသရဖူ (၂၂) နှစ်အား စစ်ထောက်လှမ်းရေးများနှင့် စစ်အုပ်စု လက်အောင်ခံပြည်သူ့စစ်အဖွဲ့ဝင်များမှ သူမအားရပ်တန့်ကာ ဖုန်းကိုစစ်ပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ မျက်မြင်တစ်ဦးမှ သတင်းပေးပို့ထားသည်။
ဩဂုတ်လအတွင်း စစ်ကိုင်းတိုင်းရှိ ကျေးရွာများသို့ အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံအမျိုးသမီး ၇ ဦးကို အဓမ္မပြု ကျင့်ခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ သတင်းသုံးသပ်ချက်တွင် ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်တပ်သည် တိုင်းပြည်အာဏာသိမ်းပြီး ၂၁လ ကြာအတွင်း နိုင်ငံတဝန်းရှိ အမျိုးသမီးပေါင်း ၃၀၀ကျော်ကို နှုတ်ပိတ်သတ်ဖြတ်ခဲ့ကြောင်းကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း (မြန်မာ) Free Expression Myanmar (FEM) မှ အောက်မေ့သတိရကြောင်း နိုင်ဝင်ဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားသည်။ အမျိုးသား ညီညွတ်ရေးအစိုးရ NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှလည်း အကြမ်းဖက် စစ်အာဏာသိမ်းသည့် ၂၁ လအတွင်းတွင် နိုင်ငံတဝန်း၌ အမျိုးသမီး ၃၇၀ကျော်သေဆုံးခဲ့ရပြီး၊ ၃၃၈၅ ဦး မှာ ဖမ်းဆီးခံထားရကာ ၁၂၇ ဦးမှာ လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်ခြင်းခံခဲ့ရသည်ဟု သတင်းထုတ်ပြန် ထားသည်။
ထို့ကြောင့် ဤကဲ့သို့သော အကြမ်းဖက်စစ်တပ်၏ အမျိုးသမီးများအပေါ် ပစ်မှတ်ထားပြီး ရက်စက်စွာ သတ်ဖြတ်ကျူးလွန်နေမှု များအပါအဝင် မတရားဖမ်းဆီးချုပ်နှောင်မှု၊ မတရားဖမ်းဝရန်းထုတ် တရားစွဲဆိုမှု၊ ညှင်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု စသည်ပြစ်မှုများကို ပြည်သူရွေးကောက် တင်မြှောက်ထားသော ပြည်သူ့အစိုးရ အာဏာပြန်ရလာသည့်အခါ တရားမျှတမှုအတွက် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။