Myanmar Now က ရရှိထားသည့် ထောင်ပြောင်းရွှေ့ခံရသူ အများစု စာရင်းတွင် နိုင်ကျဉ်း ၁၀၀ ပါဝင်ပြီး ဘားအံမြို့ခံများနှင့် ကရင်ပြည်နယ်တွင် နေထိုင်သူ အများစုဖြစ်ကြောင်း တွေ့ရသည်။ 

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကို ဇူလိုင် ၉ နံနက် ၃ နာရီဝန်းကျင်က ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများ၊ အကျဉ်းသားမိသားစုဝင်များထံမှ သိရသည်။

ဝေးလံသည့် နေရာသို့ ရွှေ့လိုက်သဖြင့် ထောင်ဝင်စာပို့ရန် အခက်အခဲများစွာ ကြုံနေရသည်ဟု ဘားအံမြို့ခံ နိုင်ကျဉ်းမိသားစုဝင်တစ်ဦးက ပြောသည်။

“ကိုယ့်သား၊သမီးတွေနဲ့က အဆက်အသွယ်မရဘူး။ သာယဝတီထောင်ကို လိုက်သွားဖို့ လုပ်နေတာ။ ခုက သာယာဝတီထောင်မှာလည်း ထောင်ဝင်စာပိတ်ထားတယ်လို့ ကြားနေတယ်” ဟု ၎င်းက ပြောသည်။ 

ထောင်တွင်းသတင်းများ မကြာခဏပေါက်ကြားနေသည်ဆိုသော အကြောင်းပြချက်ဖြင့် အငြိုးထားခြင်းဖြစ်နိုင်ကြောင်း ထိုသူက ဆက်ပြောသည်။

“မြို့ခံနိုင်ငံရေးအကျဉ်းသားမိသားစုတွေကိုပါ သူတို့က ဒဏ်ခတ်တဲ့သဘောမျိုးလို့ ကျွန်တော် ယူဆတယ်။ ထောင်သတင်းတွေထွက်တဲ့အပေါ်မှာ မကျေမလည်ဖြစ်တော့ ယုတ်မာတာပေါ့ဗျာ” ဟု ၎င်းက ဆက်ပြောသည်။ 

Myanmar Now က ရရှိထားသည့် ထောင်ပြောင်းရွှေ့ခံရသူ အများစု စာရင်းတွင် နိုင်ကျဉ်း ၁၀၀ ပါဝင်ပြီး ဘားအံမြို့ခံများနှင့် ကရင်ပြည်နယ်တွင် နေထိုင်သူ အများစုဖြစ်ကြောင်း တွေ့ရသည်။ 

၂၀၂၁ နိုဝင်ဘာက အဂတိလိုက်စားမှု အမှု ၅ မှုဖြင့် ထောင်ဒဏ် ၇၅ နှစ် ချခံထားရသူ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည်လည်း ဘားအံအကျဉ်းထောင်တွင် ရှိနေသည်။ အကျဉ်းထောင်ပြောင်းရွှေ့ခံရသူများစာရင်းတွင် ၎င်း၏ အမည်ကို မတွေ့ရပေ။

ဘားအံထောင်တွင် ထောင်အာဏာပိုင်များနှင့် နိုင်ကျဉ်းများအကြား မကြာခဏ ပြဿနာဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် ဇွန်လက ထောင်အာဏာပိုင်များ၏ ပစ်ခတ်ရိုက်နှက်မှုကြောင့် နိုင်ကျဉ်း ၂ ဦး ကျည်ဆန်ထိမှန်ကာ ဒဏ်ရာရသူလည်း ၆၀ ခန့် ရှိခဲ့သည်။ 

နိုင်ကျဉ်းများကို သာမန်အကျဉ်းသားများနှင့် ရောနှောထားရှိရန် အာဏာပိုင်များက စတင်ကြိုးစားခဲ့ရာမှ ပြဿနာတက်ကာ ပစ်ခတ်ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ 

စစ်အာဏာသိမ်းမှု ဆန့်ကျင်သူ ၁၁,၃၉၃ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ၁၂၁၂ ဦးကို ထောင်ဒဏ်ချမှတ်ထားသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးထောင်ချလျက်ရှိရာ အကျဉ်းထောင်တွင် ထိန်းသိမ်းခံရသူများမှာ နည်းလမ်းမျိုးစုံဖြင့် လူအခွင့်အရေးချိုးဖောက်ခံနေရကြောင်းလည်း တက်ကြွလှုပ်ရှားသူများနှင့် မိသားစုဝင်များက ထုတ်ဖော်ပြောဆိုသည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အနေဖြင့်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစတင်ပြီး အကျဉ်းထောင်များသို့ သွားရောက်ခွင့် ဆိုင်းငံ့ခံထားရပြီး အကျဉ်းထောင်စောင့်ကြည့်လေ့လာရန်နှင့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးအပ်နိုင်ရန် ခက်ခဲနေသည်ဟု ဇွန်လက Myanmar Now ကို ဖြေကြားထားသည်။ 

အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသေးပါ။

Myanmar Now News