စစ်ကောင်စီတပ် စစ်ကြောင်းထိုးသွားလာလှုပ်ရှားခဲ့သည့်ရွာများမှ ဒေသခံများ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး တွေ့ရှိရသည့် ၃ လောင်းမှာ အရိုးများသာ ပြာပုံအတွင်း ကျန်ပြီး ၂ လောင်းမှာ မီးလောင်ကျွမ်းထားသည်
ကရင်နီပြည်နယ်ခေါ် ကယားပြည်နယ်တွင် ယခုလဆန်းပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးခဲ့ရာ ကျေးရွာနှစ်ခုတွင် မီးလောင်ကျွမ်းထားသည့် အရပ်သားငါးဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံမှ သိရသည်။
ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာတွင် မတ် ၂ ရက်က ရုပ်အလောင်းသုံးခု၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စုတွင် မတ်လ ၄ ရက်က ရုပ်အလောင်းနှစ်ခု တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဒီးမော့ဆိုမြို့နယ် ဆင်တောင်ကျေးရွာတွင် တပ်စွဲခဲ့သော စစ်ကောင်စီတပ်က ဒေသခံသုံးဦးကို ပစ်သတ်ကာ နေအိမ်တစ်ခုအတွင်း အလောင်းများထည့်သွင်းလျက် အိမ်ကိုပါ ဖောက်ခွဲဖျက်ဆီးထားသည်ကို တွေ့ရှိရကြောင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်သည့် KNDF တပ်ရင်း (၃) ထံမှ သိရသည်။
ရုပ်အလောင်းများမှာ ပြာပုံအတွင်း အရိုးများသာ ကျန်တော့ကြောင်း၊ ရွာထဲရှိ အခြားနေအိမ်တစ်လုံးကိုလည်း မီးရှို့ခဲ့ကြောင်း၊ နေအိမ်များကို မွှေနှောက်ကာ အဖိုးတန်ပစ္စည်းများ ယူဆောင်သွားကြောင်း ထိုတပ်ရင်းအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ယနေ့ (မတ် ၇) ပြောသည်။
ဘောလခဲမြို့နယ် နန်းဖဲကျေးရွာမှ ရုပ်အလောင်းများမှာ အမျိုးသမီးတစ်ဦးနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကပင် သတ်ဖြတ်ကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း KNDF ၏ အခြားတပ်ရင်းတစ်ရင်းဖြစ်သော တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“သူတို့က သာမန်ပြည်သူတွေပဲ။ ကျွန်တော်တို့ဘက်လည်း မပါဘူး။ ဟိုဘက်(စစ်တပ်)လည်း မပါဘူး။ စစ်ကောင်စီ စစ်ကြောင်းထိုးလာတာ ဘယ်သူမှ မသိဘူး။ ရွာသားလည်း တစ်ယောက်မှ မသိဘူး” ဟု ၎င်းက ဆိုသည်။
အမျိုးသမီး၏ မီးကျွမ်းရုပ်အလောင်းကို နေအိမ်ခြံဝင်းထဲရှိ ကျင်းတစ်ကျင်းတွင် တွေ့ရှိရပြီး ရွာထဲရှိ တောင်ကုန်းပေါ်တွင် ပြာပုံထဲ လဲကျသေဆုံးနေသူ အမျိုးသား၏ ရုပ်အလောင်းတွင် သေနတ်ဒဏ်ရာများ တွေ့ရကြောင်း၊ အသက်အရွယ်နှင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်ကြောင်းလည်း ၎င်းက ပြောသည်။
မတ်လ ၄ ရက် နံနက် ၁၁ နာရီခန့်က အင်အား ၅၀ နှင့် ၁၀၀ ကြားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောင်ယာလုပ်နေသည့် ရွာသားသုံးဦးကို လမ်းပြခိုင်းကာ တိတ်တဆိတ် စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲဖြစ်ပွားပြီးနောက် ပြန်ဆုတ်သွားကြောင်း ပြောသည်။
“ကျွန်တော်တွေ့တာက ဘက်တံဆိပ်မှာ ၅၅ ပါတယ် ၆၆ ပါတယ်။ (သူတို့ကို) လေကြောင်းနဲ့ လာပို့မယ်လို့ ယူဆတယ်။ ဟိုး နှစ်ရက်နေ့ကတည်းက ဘောလခဲဘက် ရဟတ်ယာဉ်တွေဆင်းသက်နေတာ ကျွန်တော်တို့တွေ့တယ်”
စစ်တပ်က ပြန်ဆုတ်ချိန်တွင် ကွက်သစ်နှင့် သာယာကုန်းကျေးရွာတွင် နေအိမ်သုံးလုံးနှင့် ကားတစ်စီးကို မီးရှို့ခဲ့ပြီး အဆိုပါနေအိမ်များထဲမှ ပြည်သူသုံးဦး မီးလောင်ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
တိုက်ပွဲကြောင့် ဒေါခူသစ်၊ သာယာကုန်း၊ ကွက်သစ်၊ ဘူးခူ၊ စလဲလုံ စသည့်ကျေးရွာများမှ ဒေသခံ ၂၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ကြရသည်။
ဖရူဆိုနှင့် ဘောလခဲမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းများကို KA(ကရင်နီတပ်မတော်) နှင့် KNDF ပူးပေါင်းတပ်များက ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူများရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းမှစ၍ ရှမ်းပြည်နယ်၊ မိုးဗြဲဘက်မှတစ်ဆင့် ကရင်နီဒေသအတွင်း စစ်ကောင်စီက ဆက်တိုက် ထိုးစစ်ဆင်နေရာ တိုက်ပွဲများ ပြင်းထန်နေသည်မှာ တစ်လတာနီးပါး ရှိနေပြီ ဖြစ်သည်။
ရွာများ၊ အရပ်သားများကို မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများကို စစ်ကောင်စီတပ်က ၎င်းတို့ကို ပြန်ခုခံသူများရှိသည့် ဒေသများအတွင်း ပြုလုပ်နေသော်လည်း ၎င်းတို့က ဝန်ခံခြင်း မရှိပေ။