လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်နှင့် ပတ်သက်၍ နော်ဝေဥပဒေကို ချိုးဖောက်နိုင်ဖွယ်ရှိနေပြီး တယ်လီနောအုပ်စု အမှုဆောင်အရာရှိချုပ်နှင့် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌတို့ကိုပါ စုံစမ်းစစ်ဆေးရန် နော်ဝေအရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်က တောင်းဆိုသည်။ 

နော်ဝေနိုင်ငံအခြေစိုက် Telenor ဆက်သွယ်ရေးကုမ္ပဏီက ၎င်း၏မြန်မာနိုင်ငံတွင်ရှိသော ကုမ္ပဏီခွဲကို ရောင်းချမှုနှင့် ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်း မြောက်မမြောက် စုံစမ်းစစ်ဆေးပေးရန် နော်ဝေအရပ်ဘက်အဖွဲ့အစည်းများက ဖေဖော်ဝါရီ ၁၁ တွင် နော်ဝေရဲတပ်ဖွဲ့ထံတွင် အမှုဖွင့် တိုင်ကြားလိုက်သည်။

တယ်လီနောမြန်မာအား စစ်တပ်နှင့် ဆက်နွှယ်နေသော ကုမ္ပဏီထံ ရောင်းချမှုကြောင့် ဖြစ်ပေါ်လာနိုင်မည့် မြန်မာပြည်ရှိ တယ်လီနောသုံးစွဲသူများ၏ ဖုံးခေါ်ဆိုမှုမှတ်တမ်းများကဲ့သို့သော အချက်အလက်လုံခြုံရေး ကျိုးပေါက်နိုင်မှုနှင့် ပတ်သက်၍ တယ်လီနောကုမ္ပဏီ၏အကြီးအကဲများကို စုံစမ်းစစ်ဆေးပေးရန် အရပ်ဘက်အဖွဲ့အစည်း ၅၀ ပါဝင်သည့် ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နော်ဝေဖိုရမ် (ForUM) က နော်ဝေရဲတပ်ဖွဲ့နှင့် ရှေ့နေချုပ်ထံ အမှုဖွင့်တိုင်ကြားလိုက်ခြင်းဖြစ်သည်။

တယ်လီနောအုပ်စု အမှုဆောင်အရာရှိချုပ် Sigve Brekke နှင့် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ Gunn Waersted တို့ကို စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း၊ တယ်လီနောမြန်မာရောင်းချတွင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်များနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ နော်ဝေနိုင်ငံ၏ ရာဇသတ်ကြီးဥပဒေ အခန်း ၁၆ ပါ အချက်များကို ချိုးဖောက်နိုင်ဖွယ်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ForUM က ဆိုသည်။​

နော်ဝေအစိုးရမှာ တယ်လီနောအုပ်စုတွင် ရှယ်ယာအများစု ပိုင်ဆိုင်ထားသည်။ ​

တယ်လီနောမြန်မာကို လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group ထံ ယခုလအတွင်း အပြီးသတ်ရောင်းချရန်ရှိပြီး စစ်တပ်နှင့် ဆက်နွှယ်မှုရှိသည့် ပြည်တွင်းမှ ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်ယာအများစု ပိုင်ဆိုင်မည်ဖြစ်ကြောင်း Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။

ထိုသို့ ရောင်းချရာတွင် တယ်လီနောမြန်မာကွန်ရက် အသုံးပြုသူ ၁၈ သန်းကျော်နှင့် ဆိုင်သည့် ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ၊ တည်နေရာနှင့် အခြားအချက်အလက်များလည်း ပါဝင်မည်ဖြစ်ကာ စစ်တပ်အနေဖြင့် ဆန့်ကျင်သူများကို ဖိနှိပ်ရာတွင် အသုံးချသွားနိုင်သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရွေးကောက်ခံအရပ်သား အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အရပ်သား ၁၅၀၀ ကျော်ကို သတ်ဖြတ်ကာ ၁၂,၀၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားဆဲဖြစ်သည်။

“မြန်မာနိုင်ငံအခြေအနေအရ ဒီဆက်သွယ်ရေးဆိုင်ရာ အချက်အလက်တွေက လက်နက်တစ်မျိုးအဖြစ် ယူဆနိုင်ပါတယ်” ဟု ForUM ၏ အထွေထွေမန်နေဂျာဖြစ်သူ Kathrine Sund-Henriksen က ပြောသည်။​

“ဒါက အရေးပေါ်ကိစ္စပါ။ အပြီးသတ်ရောင်းချမှုမတိုင်ခင် ရက်အနည်းငယ်အတွင်း ဆောင်ရွက်ရမဲ့ကိစ္စပါ။ မြန်မာနိုင်ငံမှာရှိတဲ့ သန်းနဲ့ချီသော တယ်လီနောအသုံးပြုသူတွေအပေါ် အလွန်အရေးကြီးတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်ပေါ်လာနိုင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

တယ်လီနောက အချက်အလက်များ ပေးအပ်လိုက်ခြင်းသည် ဖမ်းဆီးခံရမှုများ၊ နှိပ်စက်ခံရမှုများနှင့် သတ်ဖြတ်ခံရခြင်းများ ထပ်မံဖြစ်ပွားစေနိုင်သည်ဟု ForUM ၏ အကြံပေးပညာရှင်ဖြစ်သူ Diego Alexander Foss က ပြောသည်။

နော်ဝေရာဇသတ်ကြီးဥပဒေအရ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုမြောက်ပါက ထောင်ဒဏ် နှစ်ပေါင်း ၃၀ အထိ ချမှတ်နိုင်သည်။

နော်ဝေအရပ်ဘက်ဖိုရမ်၏ ဥပဒေကြောင်းအရတိုင်ကြားချက်ကို လက်ခံရရှိပြီးဖြစ်ကြောင်း တယ်လီနောရုံးချုပ်မှ ပြောရေးဆိုခွင့်ရှိသူ Cathrine Stand Lund က အတည်ပြုသည်။

“မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက တယ်လီနောအနေနဲ့ ဒဏ်ခတ်အရေးယူမှု၊ လူ့အခွင့်အရေး၊ ကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံမှုနဲ့ ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လုံခြုံမှုအတွက် အဆက်မပြတ် သုံးသပ်ခဲ့ပါတယ်။ ဒီလိုသုံးသပ်မှုတွေအရ ဒီတိုင်ကြားချက်နဲ့ပတ်သက်ပြီး ခိုင်မာတဲ့အထောက်အထား မရှိပါဘူး” ဟု ၎င်းက Myanmar Now ကို ပြောသည်။​

ဖေဖော်ဝါရီ ၁၁ ရက်နေ့က Myanmar Now နှင့် အင်တာဗျူးတွင် နော်ဝေတရားသူကြီး Hanne Sophie Greve က အဆိုးဆုံးဖြစ်လာနိုင်ခြေရှိသည်ကို သတိပေးပြောကြားရာမှာ တယ်လီနောနှင့် နော်ဝေအစိုးရ တာဝန်ရှိသူများအနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုတွင် ပါဝင်ပတ်သက်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

တယ်လီနောအနေဖြင့် မြန်မာစစ်တပ်နှင့် ဆက်နွှယ်ခြင်းမရှိသည့် တာဝန်သိဝယ်လက်ထံ ရောင်းချခြင်း သို့မဟုတ် ထိုသို့တာဝန်သိဝယ်လက်ရှာမတွေ့ပါက ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်ကို ပိတ်ချခြင်းပြုလုပ်နိုင်သည်ဟု သူက ဆိုသည်။​

မည်သည့်အခြေအနေတွင်ဖြစ်စေ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းမရှိစေရန် တယ်လီနောအုပ်စု စီမံခန့်ခွဲသူများနှင့် ကုမ္ပဏီတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် နော်ဝေအစိုးရတွင် တာဝန်ရှိသည်ဟုလည်း တရားသူကြီး Greve က ပြောသည်။

“ဝယ်မဲ့သူက လက်ခံနိုင်ဖွယ်ရှိတယ်ဆိုတာမျိုး တယ်လီနောက သက်သေပြနိုင်ရမယ်။ မြန်မာနိုင်ငံက အသုံးပြုသူ ၁၈ သန်းကျော်နဲ့ဆိုင်တဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ ပတ်သက်လို့ သံသယကင်းရှင်းတဲ့ ဝယ်သူဖြစ်ရမယ်” ဟု သူက ပြောသည်။

အာဏာသိမ်းပြီး နှစ်ပတ်ခန့်အကြာမှစ၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှတစ်ဆင့် စစ်တပ်က တယ်လီနောထံ စာပို့ကာ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများနှင့် ပတ်သက်၍ အကြိမ် ၂၀၀ ထက်မနည်း တောင်းခံခဲ့ကြောင်း Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။

စစ်တပ်က အချို့သော တယ်လီနောနံပါတ်များကို တစ်လတာ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ၊ အချို့သော နံပါတ်များကို လေးလမှ ခြောက်လတာအထိ မှတ်တမ်းများ တောင်းခံခြင်းဖြစ်သည်။​

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ဆိုသောကြောင့် တယ်လီနောမြန်မာကလည်း စစ်တပ်၏ တောင်းခံချက်အတိုင်း သုံးစွဲသူများ၏ အချက်အလက်များကို ပေးခဲ့ကြောင်း ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်တစ်ခုက Myanmar Now ကို ပြောသည်။​

“စစ်တပ်က တောင်းတာက တယ်လီနောတင်မကဘူး၊ ကျန်တဲ့ MPT၊ Ooredoo နဲ့ Mytel တွေလည်း ပါတာပဲ။ ဒီစစ်တပ်က တောင်းလာတဲ့ နံပါတ်တွေတော်တော်များများဟာ စစ်ကြောရေးမှာ ရိုက်နှက်.. နှိပ်စက်ပြီးတော့မှ ရလာတဲ့နံပါတ်တွေလို့ ပြောလို့ရတယ်။ သွေးစွန်းနေတဲ့နံပါတ်တွေလို့ ပြောလို့ရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုသတင်းရင်းမြစ်က ဆိုသည်။

နော်ဝေရှိ တယ်လီနောရုံးချုပ်မှ တာဝန်ရှိသူကလည်း စစ်ကောင်စီ၏ အချက်အလက်တောင်းခံသည့် ညွှန်ကြားချက်များ ရရှိသည်မှာ မှန်ကန်ကြောင်း၊ လိုက်နာဆောင်ရွက်ပေးခဲ့ရကြောင်း သဘောသက်ရောက်သည့်မှတ်ချက်ပြုသည်။

“တည်ဆဲဥပဒေဘောင်အရ ဒီညွှန်ကြားချက်တွေကို မလိုက်နာခြင်း ဒါမှမဟုတ် ချိုးဖောက်မယ်ဆိုရင် တယ်လီနောဝန်ထမ်းတွေအတွက် လုံးဝ လက်ခံနိုင်ဖွယ်မရှိတဲ့ အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်ပါတယ်” ဟု တယ်လီနောရုံးချုပ်မှ ဆက်သွယ်ပြန်ကြားရေး ဒါရိုက်တာဖြစ်သူ Cathrine Stang Lund က ပြောသည်။

စစ်တပ်အဆက်အနွယ်ကုမ္ပဏီထံ တယ်လီနောမြန်မာရောင်းချမှုကို တားဆီးပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတဖြစ်သူ ဒူဝါလရှီးလက နော်ဝေဝန်ကြီးချုပ် Jonas Gahr Store ထံ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စာပို့တောင်းဆိုခဲ့သည်။​

တယ်လီနောတွင် ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသည့် နော်ဝေအစိုးရအနေဖြင့် တယ်လီနောမြန်မာရောင်းချမှုကို နောက်ကြောင်းပြန်လှည့်ရန် သို့မဟုတ် ရွှေ့ဆိုင်းထားရန် ဒူဝါလရှီးလက တောင်းဆိုသည်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆက်သွယ်ရေးအကြံပေး Mathias Rongved က နော်ဝေသတင်းစာ Verdens Gang (VG) အား ပြောကြားရာတွင် နော်ဝေကုမ္ပဏီများအနေဖြင့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ စံနှုန်းများအတိုင်း လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသည်ဟု ဆိုသည်။

နော်ဝေလွှတ်တော်အမတ်များဖြစ်သည့် Geir Jorgensen နှင့် Tage Pettersen တို့က နော်ဝေအစိုးရအနေဖြင့် မြန်မာပြည်သူများ၏ ဘဝကို အန္တရာယ်ကျရောက်စေနိုင်သည့် အချက်အလက်လွှဲပြောင်းပေးခြင်းကို တားဆီးရန် တယ်လီနောမြန်မာရောင်းချမှုကို ဆိုင်းငံ့ထားရန် လွှတ်တော်သို့ အဆိုပြုချက်တင်သွင်းထားသည်။

ထိုအဆိုပြုချက်အတွက် နော်ဝေအစိုးရ၏ တာဝန်ရှိဝန်ကြီးဌာနဖြစ်သော ကုန်သွယ်ရေး၊ စက်မှုနှင့် ငါးလုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ခြောက်ရက်အတွင်း ဖြေကြားပေးရမည်ဖြစ်သည်။​

 

Myanmar Now News