တိုက်ပွဲမရှိဘဲ စစ်တပ်က လက်နက်ကြီး ၁၅ လုံးထက်မနည်း ပစ်ချိန်တွင် တစ်လုံးမှာ ရွာသားများ ပုန်းခိုနေသော နေရာအနီးရှိ နေအိမ်ပေါ်သို့ ကျခဲ့၍ ဒဏ်ရာရသည်ဟု ဒေသခံအချို့က အတည်ပြုသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ တင်သားရွာကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ (ဖေဖော်ဝါရီ ၆) နံနက်က လက်နက်ကြီးဖြင့်ပစ်ရာ ကလေးသုံးဦးအပါအဝင် အရပ်သား ၈ ဦးထက်မနည်း ဒဏ်ရာရသည်ဟု မိသားစုဝင်အချို့နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က အတည်ပြုသည်။

ထိုနေ့ နံနက် ၉ နာရီကျော်တွင် ဒေသခံများ စုဝေးပုန်းခိုနေသည့် နေအိမ်ပေါ်ကို လက်နက်ကြီးကျခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရသူများမှာ အသက် ၉ နှစ်နှင့် ၁၀ နှစ်အရွယ် အမျိုးသားငယ်နှစ်ဦး၊ အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၊ ၂၀ မှ ၄၅ နှစ်အတွင်းရှိ အမျိုးသားငါးဦးဖြစ်သည်ဟု သိရသည်။

အသက် ၉ နှစ်အရွယ် အမျိုးသားငယ်မှာ ခါးနှင့် တင်ပါးဆုံတွင် ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိဟု ဖခင်ဖြစ်သူက ဆိုသည်။

“ပုန်းနေတဲ့အချိန် လက်နက်ကြီးက အိမ်ပေါ် ကျတာ။ ပုန်းတာကတော့ လုံခြုံတဲ့နေရာ ပုန်းတာပဲ။ ကျွန်တော့်သားလေး ခါးနဲ့ တင်ပါးဆုံနဲ့ ထိသွားတယ်”ဟု ၎င်းက ဆိုသည်။

ခေါင်းနှင့် မေးစေ့မှ ဒဏ်ရာများကို ချုပ်ထားရပြီး ​ခြေထောက်တွင် အသေးစားထိခိုက်မှုများ ကြုံခဲ့ရသူ အသက် ၂၇ နှစ်အရွယ် အမျိုးသား၏ အဆိုအရ တင်သားရွာသို့ ထိုနေ့ နံနက်က စစ်တပ်က ပစ်သည့် လက်နက်ကြီး ၁၅ လုံးခန့် ကျရောက်ပေါက်ကွဲသည်ဟု သိရသည်။

ထို့ကြောင့် ပြေးမလွတ်နိုင်ဟု ယူဆ၍ အုတ်တံတိုင်းအနီးတွင် ပုန်းခိုနေစဉ် ထိုပရိဝုဏ်ရှိ နေအိမ်ပေါ်သို့ လက်နက်ကြီး ကျရောက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“၈ ချက်မြောက်မှာ ကျွန်တော်တို့ ခံခဲ့ရတာ။ မနက် ၁၀ နာရီခွဲလောက်မှာ ထိတာ။ ပြီးတော့ ပူထူသွားတော့ ဘာမှ မသိလိုက်ရဘူး” ဟု အထက်ပါ ဒဏ်ရာရ အမျိုးသားက ပြောသည်။

အခြားကလေးငယ်နှစ်ဦး၊ လူကြီးလေးဦး၏ ဒဏ်ရာအခြေအနေ အသေးစိတ်ကို လုံခြုံရေးအခြေအနေအရ အသေးစိတ် ထုတ်မပြောနိုင်ဟု ကလေး PDF တပ်ရင်း ၄ မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ AMT ဆိုသူက ပြောသည်။​

သို့သော် နံရိုးထိမှန်သူပင် ပါဝင်ပြီး စိုးရိမ်ရသူများရှိနေကာ PDF ၏ ဆေးအဖွဲ့က ဆေးကုသပေးနေရသည်ဟု ၎င်းက ဆိုသည်။​

ထိုနေ့တွင် PDF နှင့် တိုက်ပွဲမရှိဘဲ နံနက် ၆ နာရီခန့်မှစ၍ ၁၂၀ မမ လက်နက်ကြီးဖြင့် တင်သားရွာနှင့် ၆ မိုင်ခန့်ဝေးသည့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ဟံသာဝတီကျေးရွာမှလည်းကောင်း၊ ၈၀ မမဖြင့် ရွာချင်းကပ် ကြံသာရွာမှလည်းကောင်း စစ်တပ်က ပစ်သည်ဟု ကလေးနယ်တောင်ပိုင်း ကလေး PDF တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“(အဲဒီနေ့က)တိုက်ပွဲလည်း မရှိဘူး။ ကြောက်အောင် လုပ်တယ်ပဲ ပြောရမှာပေါ့” ဟု ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၄၊ တပ်စုဖွဲ့မှုကော်မတီခေါင်းဆောင် AMT က ပြောသည်။

ထိခိုက်ဒဏ်ရာရသူများမှာ ရွာသူ၊ ရွာသားများသာဖြစ်၍ လက်နက်ကြီးပစ်၍ ပစ်မှန်းပင် မသိခဲ့ကြကြောင်း ၎င်းက ဆက်ပြောသည်။

“ပြေးနိုင်တဲ့အခြေအနေ မရှိလိုက်တာဗျ။ လက်နက်ကြီးလာပြီဆိုတာမျိုးလည်း သိနိုင်တဲ့ အခြေအနေလည်း မရှိဘူး။ ကျလိုက်ခါကျမှ ကျသွားပြီဆိုတာမျိုး။ လက်နက်ကြီးက တစ်ခါပစ်ရင် တစ်နေရာဆိုတာမျိုး သူကျချင်တဲ့နေရာ ကျတာ။ သာမာန်ရွာသူရွာသားဆိုတော့ လက်နက်ကြီးက ဘယ်လိုလာတတ်တယ်၊ ဘယ်လိုပစ်တယ်ဆိုတာ၊ အသံဘယ်လိုကြားတတ်တယ်ဆိုတာ မသိကြဘူးလေ” ဟု AMT က ပြောသည်။

Damaged_house_tin_thar_village_southern_kale_sagaing_6_feb_2022_photo_supplied.jpg

စစ်ကိုင်းတိုင်း၊ ကလေးတောင်ပိုင်းရှိ တင်သားရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ဖေဖော်ဝါရီ ၆ ရက်က ပစ်သည့် လက်နက်ကြီးထိမှန်ခဲ့သည့် နေအိမ်။ ဓာတ်ပုံ − ပေးပို့စစ်ကိုင်းတိုင်း၊ ကလေးတောင်ပိုင်းရှိ တင်သားရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ဖေဖော်ဝါရီ ၆ ရက်က ပစ်သည့် လက်နက်ကြီးထိမှန်ခဲ့သည့် နေအိမ်။ ဓာတ်ပုံ − ပေးပို့

ယနေ့ (ဖေဖော်ဝါရီ ၇)တွင်လည်း တင်သားရွာသို့ နံနက်အစောပိုင်းမှစ၍ ညနေ ၄ နာရီဝန်းကျင်အထိ စစ်တပ်က လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေ၍ နေအိမ်တစ်လုံး မီးလောင်ပျက်စီးသည်ဟု ၎င်းထံမှ သိရသည်။

တင်သားရွာအနီး ကြံသာရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို ဖေဖော်ဝါရီ ၃ ရက်တွင် PDF (Kalay) ၊ CDF (KKG) ၊ RKDF ၊ CDF (Hakha) နှင့် ပ.က.ဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့)တို့ ပေါင်း၍ တိုက်ရာ ၂ နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သားနှစ်ဦး သေဆုံးခဲ့သည်ဟု PDF (Kalay)က ဖေဖော်ဝါရီ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲတွင် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များဘက်မှ နှစ်ဦး လက်နက်ကြီးဒဏ်ကြောင့် မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်၌ ပါဝင်သည်။

ဖေဖော်ဝါရီ ၂၊ ၃၊ ၄ နှင့် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းတို့တွင် ကလေးမြို့တောင်ပိုင်း၌ စစ်ရေးလှုပ်ရှားနေသည့် စစ်ကြောင်းများကို ဆက်တိုက်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု PDF (Kalay)က ဆိုထားသည်။ ထိုတိုက်ပွဲများအတွင်း PDF နှစ်ဦးသေ၊ နှစ်ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တင်သားရွာ လက်နက်ကြီးဖြင့် ပစ်ခံရသည့်​ ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် ကလေးမြို့နည်းပညာတက္ကသိုလ်ဘက်မှ ကလေးမြို့ဘက်သို့ ဦးတည်လာသော အင်အား ၆၀ ကျော်ပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ဇင်းကလင်းရွာနှင့် ချင်းဆိုင်ရွာအကြားတွင် လက်တုံ့ပြန်တိုက်ခိုက်ရာ ၁၅ ဦးခန့် သေဆုံးသည်ဟု PDF (Kalay) က နေ့တွင်းချင်း သတင်းထုတ်ပြန်သည်။

အထက်ပါ ဖြစ်စဉ်များ၊ ထိခိုက်၊ ဒဏ်ရာရ သေဆုံးမှုများနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းအထိ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပါ။

Myanmar Now News