သိုလှောင်ထားသည့် စပါးတင်းရာချီ အပါအဝင် နှစ်ထပ်အိမ်များနှင့် ထွန်စက်၊ စက်ချုပ်ခုံများ မီးရှို့ ဖျက်ဆီးခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ဆိုသည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာနှစ်ရွာတွင် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီးနောက် နေအိမ် ၁၂ လုံး မီးရှို့ဖျက်ဆီးခံရပြီး ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံအချို့ထံမှ သိရသည်။​

ဒီပဲယင်းမြို့အနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ဝပါကျေးရွာကို ယမန်နေ့တွင် အင်အား ၈၀ ခန့်ပါ စစ်တပ် ဝင်ရောက်လာပြီး နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ (ဇန်နဝါရီ ၃၁) တွင် အနီးရှိ ငဝဲတောကျေးရွာရှိ နေအိမ် ၇ လုံးကို ထပ်မံမီးရှို့သည်ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (ပ.က.ဖ) အဖွဲ့ဝင် ကိုလင်းယုန်ဆိုသူက ပြောသည်။

“မနေ့က ဝပါမှာ တပ်ဆွဲတယ်၊ တပ်ဆွဲပြီးတော့ မနက်ခင်း ၇ နာရီလောက်မှာ မှန်သာ၊ ငဝဲတောဘက်ကို ဖိလာတယ်။ မှန်သာကနေပြီးတော့ ငဝဲတောကို ရောက်ရောက်ချင်းမှာပဲ သူတို့ အိမ်တွေကို စပြီးတော့ မီးရှို့တာပဲ” ဟု ဇာမဏီအမည်ရ ပြောက်ကျားတပ်အဖွဲ့ဝင်လည်းဖြစ်သူ ၎င်းက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ဒီပဲယင်းအနောက်ခြမ်းရှိ ငဝဲတော၊ ဝသာ၊ မှန်သာ၊ သပြေသာ၊ အင်ဘုတ်၊ ဝန်းရံ၊ ကုန်းရိုး၊ ဆပ်ပြာကျင်း ကျေးရွာများမှ ထောင်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း ကိုလင်းယုန်က ဆက်ပြောသည်။

ဝသာကျေးရွာနှင့် မှန်သာကျေးရွာအကြားတွင် စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ ပ.က.ဖအဖွဲ့က လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး မှန်သာကျေးရွာမှ ငဝဲတောကျေးရွာအကြားတွင်လည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်သည်ဟု ဆိုသည်။​

“ကျွန်တော်တို့က ပြောက်ကျားစနစ်ကို အခြေခံတာဖြစ်တဲ့အတွက်ကြောင့် Battle (ရင်ဆိုင်တိုက်ပွဲ) ကိုတော့ မဆိုင်ပါဘူး။ ဖောက်ခွဲရေးအပိုင်းကိုပဲ ဦးစားပေးလုပ်ပါတယ်။ မနေ့ကတော့ မုန့်ဟင်းခါးနှစ်ပွဲ ရပါတယ်” ဟု ကိုလင်းယုန်က ပြောသည်။

စစ်တပ်က ကာလတန်ဖိုး ကျပ်သိန်း ၅၀ ရှိ စပါးတင်း ၅၀၀ အပါအဝင် ထွန်စက်တစ်လုံးနှင့် နှစ်ထပ်အိမ်ကို မီးရှို့ဖျက်ဆီးသွားသည်ဟု ငဝဲတောကျေးရွာမှ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့က စစ်ကြောင်း သုံးကြောင်းခွဲပြီးတော့ ရွာကို သေနတ်တွေ ပစ်ဖောက်ဝင်လာကတည်းက ကျွန်တော်တို့ကလည်း ကြောက်တော့ ထွက်ပြေးကြရတော့တာပေါ့” ဟု ၎င်းက ဆိုသည်။

“စကားလုံးနဲ့ မပြောတတ်အောင်ကို ဖြစ်နေတယ်။ ဒီကောင်တွေက သက်သက်ယုတ်မာလွန်းလို့။ မရှိမဲ့ရှိမဲ့ စုဆောင်းထားတာလေးတွေ အကုန်ဆုံးရှုံးလိုက်ရတာပါ။ ဘယ်တော့မှ မကျေနပ်ပါဘူး” ဟု အဆိုပါ ရွာခံအမျိုးသားက ဆက်ပြောသည်။​

စစ်တပ်ဝင်လာစဉ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ နှစ်ထပ်အိမ်အပါအဝင် စပါးတင်း ၁၀၀ သိုလှောင်ထားသည့် စပါးကျီ၊ စက်ချုပ်ခုံနှစ်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ငဝဲတောရွာမှ အသက် ၂၄ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။​

“အခု မီးရှို့ခံရတဲ့ အိမ်မှာဆိုရင် အစ်မအမျိုးသားနဲ့ သားအမိနှစ်ယောက်ပဲရှိတယ်။ ကျွန်မတို့ အိမ်မှာဆိုရင် သားအမိ သုံးယောက်ပဲရှိတယ်။ အဖေ မရှိဘူး။ ယောက်ကျားသား မရှိဘူးရှင့်၊ လုံးဝကို PDF နဲ့ ဘာမှ မသက်ဆိုင်ပါဘူးရှင့်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းမှာ ငဝဲတောကျေးရွာနှင့် သုံးမိုင်ကျော် ကွာဝေးသည့် အင်ဘုတ်ကျေးရွာသို့ ဆက်တက်သွားပြီး အင်ဘုတ်ရွာ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ မဟာမိတ်တွေကတော့ အဲဒီဘက်မှာ ဖြတ်တောက်တိုက်ခိုက်ဖို့ လုပ်တယ်။ ဒါပေမဲ့ သူတို့ဆီမှာက Jammer (အသံလှိုင်းဖြတ်စက်) ပါပုံပေါက်တယ်ဗျ။ တစ်ချို့ဟာတွေက ပွိုင့်ထဲဝင်ပေမဲ့ မကွဲဘူး” ဟု ဒီပဲယင်းမြို့နယ် ပ.က.ဖ အဖွဲ့ဝင် ကိုလင်းယုန်က ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများကို ၂၀၂၁ နိုဝင်ဘာ ၈ မှ စတင်ပြီး စစ်ရဟတ်ယာဉ် ခြောက်စီးဖြင့် အင်အားသုံးတိုက်ခိုက်နေပြီး နယ်မြေစိုးမိုးမှုရရှိနိုင်ရန် အစွမ်းကုန် ကြိုးစားနေသည်။

ဒီပဲယင်းမြို့နယ်ကိုသာမက ရွှေဘိုခရိုင်အတွင်းရှိ ရေဦး၊ ခင်ဦး မြို့နယ်များကိုလည်း ကြည်းတပ်၊ လေတပ်များဖြင့် ဇန်နဝါရီ ၁၄ မှစ၍ စစ်ကြောင်းထိုးတိုက်ခိုက်နေပြီး ဒေသခံကျေးရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

Myanmar Now News