ရေနံတွင်းအလိုက် ကျပ်နှစ်သိန်းမှ သုံးသိန်းအထိတောင်းရာတွင် ပိုက်ဆံမရသည့် ရေနံတွင်းများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဒေသခံ PDF ခေါင်းဆောင်နှစ်ဦးက ဆိုသည်

မကွေးတိုင်းအစွန်ဆုံး မြိုင်မြို့နယ်အတွင်းရှိ လက်ယက်တွင်းရေနံမှော်များကို စစ်တပ်က ယနေ့ (ဇန်နဝါရီ ၂၃) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (PDF) ခေါင်းဆောင်နှစ်ဦးထံမှ သိရသည်။

မြိုင်နှင့် ပေါက်မြို့နယ်အကြားရှိ ကြက်စုအိုင်နှင့် သရက်ကန် ရေနံမှော်များကို စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့် စီးနင်းပြီးနောက် ရေနံတွင်းအလိုက် ကျပ်နှစ်သိန်းမှ သုံးသိန်းအထိတောင်းရာတွင် ပိုက်ဆံမရသည့် ရေနံတွင်းများကို နံနက် ၁၁ နာရီဝန်းကျင်ကတည်းက မီးရှို့နေခြင်းဖြစ်ကြောင်း မြိုင် PDF ခေါင်း ဆောင်တစ်ဦးဖြစ်သူ ဗိုလ် Cross ဆိုသူက ပြောသည်။

“အဲဒီနားက ဆီလှောင်တဲ့ခြံတွေ၊ (ရေနံ)ကျင်းတွေ​ရော အကုန်ပတ်ရှို့နေတာ။ တော်တော်များတယ်။ မီးခိုးတွေကို လုံးလို့။ အခုထိပဲ။ မှော်တွေထဲမှာ (ရေနံ)ကျင်းတွေနဲ့ အိမ်တွေက တွဲလျက်တွေ။ ဘယ်လောက်လောင်လဲ အတိကျတော့ မသိသေးဘူး” ဟု ၎င်းက ပြောသည်။

“ဒီကောင်တွေက အင်အားလည်းများတယ်။ ရွာသားတွေလည်း ပြေးနေရတယ်”

စစ်တပ်က မီးရှို့သဖြင့် သရက်ကန်ရေနံမှော်အနီးရှိ ဂါလံ ၅၀၀ မှ ၁၀၀၀ နီးပါး သိုလှောင်သည့် ခြံသုံးခြံ ပျက်စီးသည်ဟု သိရကြောင်း မြိုင် PDF တောင်းပိုင်းဇုန်တာဝန်ခံ ဗိုလ်ခွန်းချိမ့်ဆိုသူက Myanmar Now ကို ပြောသည်။​​

Img_1105.Jpg

မြိုင်မြို့အနောက်တောင်ဘက်ရှိ သရက်ကန်နှင့် ကြက်စုအိုင် ရေနံမှော်တို့တွင် စစ်တပ်ဝင်ရောက်ပြီး နောက် မီးလောင်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ပေးပို့) မြိုင်မြို့အနောက်တောင်ဘက်ရှိ သရက်ကန်နှင့် ကြက်စုအိုင် ရေနံမှော်တို့တွင် စစ်တပ်ဝင်ရောက်ပြီး နောက် မီးလောင်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့) 

“လက်ရှိကတော့ ၃ ခြံလောက် ပြောင်သွားပြီလို့ ပြောတယ်။ သူတို့တောင်းတဲ့ငွေကို ပေးပြန်ရင်လည်း နောက်ရောက်လာတဲ့တပ်က ထပ်တောင်းတယ်။ မပေးရင် မီးရှို့တယ်ဗျာ” ဟု ၎င်းက ပြောသည်။​

မြိုင်မြို့နယ်တောင်ပိုင်းရှိ ကျောက်ခွက်ရေနံမှော်တွင်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ရေနံ တစ်ပေပါ ငွေကျပ် တစ်သိန်းတောင်းရာ မပေးသည့် ရေနံတွင်း ၃၀ ခန့်ကို မီးရှို့ခဲ့ဖျက်ဆီးခဲ့သည်ဟု သိရသည်။​

ချင်းတွင်းမြစ်အနောက်ဘက် ရေစကြို၊ ဆားလင်းကြီး၊ ပုလဲ၊ ပေါက် စသည့်မြို့နယ်များနှင့် ထိစပ်နေသည့် မြိုင်မြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းများခွဲ၍ ဇန်နဝါရီ ၁၀ ရက်ကတည်းက တစ်ရွာဝင်တစ်ရွာထွက် စီးနင်းနေခြင်းဖြစ်သည်။

ထိုသို့ စီးနင်းခံရစဉ်အတွင်း ကျေးရွာအချို့တွင် နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်း၊ ဖောက်ထွင်းခိုးယူခံရခြင်း၊ ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းများလည်း ရှိသည်။

မြိုင်မြို့မြောက်ဘက် ၁၀ မိုင်ကျော်အကွာရှိ လက်ယက်မရွာတွင် စစ်တပ်က ဇန်နဝါရီ ၁၁ ရက်တွင် ဝင်ရောက်စီးနင်းပြီး တပ်စွဲခဲ့သည့် စစ်တပ်ပြန်ထွက်သွားပြီးနောက် မီးရှို့ခံထားရသည့် ရုပ်အလောင်းသုံးလောင်း တွေ့ရှိခဲ့သည်။

Myanmar Now News