ချင်းပြည်နယ် မတူပီ-မင်းတပ် ပြည်ထောင်စုလမ်းမကြီးတလျှောက် စစ်ကောင်စီတပ်တွေ စစ်အင်အားတိုးမြှင့်လှုပ်ရှားနေတာကြောင့် လမ်းတလျှောက် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ အိုးအိမ်ပစ် ဘေးလွတ်ရာ ထွက်ပြေးနေကြပါတယ်။ တောတောင်ထဲမှာ ခိုလှုံနေကြသူတွေအနေနဲ့ မီးခိုးထွက်မှာစိုးလို့ ထမင်းဟင်း ချက်ပြုတ်စားဖို့တောင် အခက်ဖြစ်နေကြပါတယ်။ ဒီစစ်ရှောင်တွေရဲ့ အခြေအနေ ရန်ကုန်ကရေးသားပေးပို့တဲ့သတင်းကို မဆုမွန်ပြောပြမှာပါ။
ချင်းပြည်နယ်ထဲက မင်းတပ်၊ မတူပီစတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေသလို အဲဒီဒေသဘက်မှာ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးနေတာကြောင့် မတူပီ-မင်းတပ် ပြည်ထောင်စုကားလမ်းမကြီးတလျှောက်မှာရှိနေတဲ့ ရွာတွေ ဒုက္ခရောက်နေကြပါတယ်။ ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ ဘေးလွတ်နိုင်မယ့်နေရာတွေမှာ ပုန်းခိုနေကြရပါတယ်။ သူတို့အနေနဲ့ မီးခိုးငွေ့ထွက်မှာစိုးလို့ ထမင်းဟင်းတောင် ချက်ပြုတ်စားဖို့ အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခရောက်နေသူတဦးက ဗီအိုအေကို ပြောပါတယ်။
“ပြည်ထောင်စုလက်မပေါ်မှာ သူတို့ရောက်မယ်ဆိုရင် ကျနော်တို့ ရှောင်ဖို့ကို ရှောင်ရမယ့် သဘောဖြစ်မယ်။ ဒီလမ်းမပေါ်တွေမှာ လက်နက်ကြီးတွေနဲ့လည်း တောက်လျှောက်နေတာကို လက်နက်ကြီးတွေနဲ့လည်း တောက်လျှောက် ဟိုဘက်ကို လမ်းရှင်းတဲ့ သဘောနဲ့ အမြဲတမ်းပစ်နေတဲ့ အခါကျတော့ ကျနော်တို့က ဒီဖက် ဝေးတဲ့ နေရာဘက်ကို ပြန်နေလှည့်တယ်။ ကျနော်တို့ ရွာနီးနားချင်းတွေမှာ ဥပမာ မီးခိုးတွေ ထွက်တဲ့နေရာကို ကျနော်တို့ စစ်ဘေးရှောင်တဲ့နေရာမှာပေါ့နော်။ အဓိကကျတော့ စစ်ဘေးထမင်းချက်တာ ပြုတ်တာရှိတယ်။ အဲ့ချိန်မှာ မီးခိုးထွက်တယ်။ သူတို့တွေ့လို့ရှိရင် အဲ့နေရာကိုလည်း ပြည်သူမှန်းမသိ ဘာမှမသိဘူး။ သူတို့ဖက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်တာတွေရှိတယ်။ အဲ့ဒါကြောင့် ကျနော်တို့က ကြောက်တာပေါ့နော်။ စိုးရိမ်နေရတာပေါ့နော်။”
မတူပီမြို့နဲ့ မင်းတပ်မြို့ကြား ပြည်ထောင်စုကားလမ်းမကြီး တဖက်တချက်က ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ ရွာတွေမှာ တရွာကို အိမ်ထောင်စု ၄၀၀-၅၀၀ လောက်ရှိတာမို့ ဒုက္ခရောက်နေကြသူပေါင်း ထောင်နဲ့ချီဖြစ်နေပါတယ်။ တောထောင်ထဲမှာ ပုန်းခိုနေကြရပေမဲ့ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ မကြာမကြာ လှမ်းပစ်ခတ်တာမို့ ဒုက္ခသည်တွေဟာ တနေရာကနေ တနေရာ မကြာခဏထွက်ပြေးနေကြရပါတယ်။
“သူတို့က ရမ်းသမ်းပြီးတော့ ပစ်တာပေါ့။ ဘယ်လိုပြောမလဲ။ ရှိတယ်ဆိုတာတော့ မသိအောင်တော့ ကျနော်တို့က နေတာပေါ့ဗျာ။ ဒါပေမယ့် တောတောင်တွေထဲကို ပစ်တော့တဲ့အခါ ကျနော်တို့ နေရာတွေလည်း လက်နက်ကြီးရောက်လာနိုင်တယ်ပေါ့နော်။ တခါမှ လက်နက်ကြီးသံလည်း မကြားဖူးဘူးဆိုတော့လေ ကြောက်တာပေါ့ဗျ။ ကလေးတွေက ကြောက်တယ်။ ဖိုးဖွားတွေက ကြောက်ကြတယ်ပေ့ါနော်။ အဲ့လက်နက်ကြီးတွေ ပစ်တာကြောင့် စစ်ရှောင်စခန်းတွေ ရွေ့ရတယ်ပေါ့နော် အဲ့လိုမျိုးတွေ ဖြစ်နေတယ်ဗျ။ တောတောင်တွေထဲမှာဆိုတော့ ကလေးတွေနဲ့ ဖိုးဖွားတွေနဲ့ တချို့ဆို မသွားနိုင်ကြဘူးလေးအဲ့လိုတွေ ဖြစ်နေတာပေါ့။ ရွာထဲတွေမှာ အခုလည်း တောက်လျှောက်ပစ်နေတာ အခုသေနတ်တွေနဲ့ အခုတောက်လျှောက်ရွာထဲမှာ စစ်ကြောင်းတွေလာတယ် ကားတွေမှာ နောက်မှာ အစီး ၈၃ စီးထဲမှာ ၈၂ပဲ အခုပြန်ဆင်းလာတယ်။”
အစီး ၈၀ ကျော်ပါတဲ့ စစ်ယာဉ်တန်းအင်အားနဲ့ စစ်တပ်က မတူပီမြို့ဘက် ဇန်နဝါရီလ ပထမသီတင်းပါတ်လောက်ထဲက ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒီနေ့တော့ ပြန်ထွက်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်တွေ ရောက်လာရင် သူတို့ဝင်လာတဲ့ ကျေးရွာတွေထဲ ရှာဖွေပြီး ယူချင်တဲ့ ပစ္စည်းတွေ ယူဆောင်သွားကြသလို လက်နက်ကြီး လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်တာကြောင့် ဒေသခံတွေ အိုအိမ်ပစ် ထွက်ပြေးကြတာလို့လည်း ထွက်ပြေးနေသူတွေက ပြောပါတယ်။ အဲဒီလို ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ အကူအညီတွေ အလွန်အမင်းလိုအပ်နေကြပါတယ်။
“လုံခြုံမှုတော့ မရှိတော့ဘူးပေါ့။ တောတောင်တွေထဲရော လက်နက်ကြီးနဲ့ လှမ်းနေတော့အခါလေး။ အခက်အခဲတွေဖြစ်နေတယ်ပေါ့နော်။ စားစရာဆန်တွေလည်း မတူပီမြို့ပေါ်ကိုလည်း သွားဝယ်လို့ မရ၊ မတူပီမြို့ပေါ်သွားပြန်တော့လည်း ဖမ်းတယ်လေး။ တခြားအခက်အခဲကတော့ ကျနော်ပြောသလိုပေါ့။ စားရေးသောက်ရေးပါပဲ အဓိက စားရေးသောက်ရေး နေရေးထိုင်းရေး ဒီစစ်ဘေးရှောင်နေရာတွေပေါ့နော်။ အဲ့လိုမျိုး လုံခြုံမှုတော့ အတတ်နိုင်ဆုံး ကူညီနိုင်တဲ့ အနေအထားတွေ ရှိရင်တော့ ကူညီစေချင်တယ်ပေါ့နော်။ ဆက်သွယ်မှုတွေ ပြတ်တောက်နေတဲ့ နေရာတွေ ဖြစ်နေတာပေါ့နော်။”
ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေ ဘယ်တော့ အဆုံးသပ်မယ်မှန်းမသိကြတဲ့အတွက် ဒုက္ခသည်တွေအနေနဲ့ ဘယ်တော့ သူတို့နေအိမ်မှာ လုံလုံခြုံခြုံပြန်နေနိုင်မယ်ဆိုတာ မသိကြသေးပါဘူး။ ကယားပြည်နယ်ထဲမှာလည်း ဒီးမော့ဆိုနဲ့ ဖရူးဆိုမြို့နယ်တွေထဲက စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့နေရာတွေအပေါ် ဇန်နဝါရီလ ၁၆ နဲ့ ၁၇ ရက်နေ့တွေက စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် ဒုက္ခသည်တချို့ သေဆုံးခဲ့ရပါတယ်။