ကယားပြည်နယ်အတွင်း၌ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင်နေရသူဦးရေ ၁ သိန်း ၇ သောင်းကျော်ထိရှိ လာကြောင်း စစ်ဘေးရှောင်များအား ကူညီနေသည့် ကရင်နီ လူ့အခွင့်အရေး အဖွဲ့၏ ကောက်ယူထားသည့် စာရင်းများ အရ သိရသည်။
ကယား စစ်ဘေးရှောင် ပြည်သူများသည်အနေဖြင့် ကယားပြည်နယ်တွင်းပင် လှည့်လည် တိမ်းရှောင်နေထိုင်မှုမှာ လူဦးရေ တသိန်းနှစ်သောင်းခန့်ရှိပြီး ဒီမောဆိုမြို့နယ်အတွင်းမှာ တိမ်းရှောင်နေထိုင်ကြသူ အများဆုံး ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ တောင်ကြီး၊ ညောင်ရွှေ၊ ပင်းတယ၊ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ မောက်မယ် စသည့် မြို့နယ်များသို့ နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၃ သောင်းခန့်၊ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းသို့ စစ်ဘေး ရှောင်သူ ၁ သောင်း ဝန်းကျင်ခန့်နှင့် မန္တလေး၊ ရန်ကုန် အစရှိသည့် မြို့ကြီးများသို့ ပြောင်းရွှေ့သူ ၅၀၀ ကျော် ရှိကြောင်း သိရသည်။
စစ်ဘေးရှောင်များအား ကူညီနေသည့် ကရင်နီ လူ့အခွင့်အရေးအဖွဲ့က တာဝန်ရှိသူ တဦးက “ဇန်နဝါရီ ၁၈ ရက်ထိ စာရင်းတွေအရဆိုရင် ၁ သိန်း ၇ သောင်း အထက်မှာပဲ ရှိတယ်။ ၂၀၂၁ ခုနှစ်ကုန် လက်ကျန်လူ စာရင်းနဲ့ ၂၀၂၂ နှစ်စမှာ ထပ်တိုးလာတဲ့ စစ်ဘေးရှောင် စာရင်းတွေပေါ့။ လွိုင်ကော်မြို့နယ်က ဇန်နဝါရီလ အတွင်းမှာကို ၆ သောင်းလောက် ထပ်ပြီး စစ်ရှောင်ခဲ့ရတယ်။ ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ရှိနေဆဲဆိုတော့ စစ်ရှောင်တွေလည်း ထပ်ရှိနေတုန်းပဲ” ဟု ပြောသည်။
ယခုအခါ ကရင်နီ (ကယား) ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ကျေးရွာများအတွင်း အကြမ်းဖက် ဝင်ရောက် စီးနင်းမှုများကြောင့် ဒေသခံ ပြည်သူ များမှာ ရပ်ရွာ စင်တာ၊ ဘာသာရေး အဆောက်အအုံများတွင် ယာယီ နေထိုင်ကြသူ၊ နီးစပ်ရာ တောတောင်များ အတွင်းသို့ ထွက်ပြေး တိမ်းရှောင်နေကြရသူများလည်း ရှိနေကြောင်း သိရသည်။
“လွိုင်ကော်မြို့က ၁၅ ရပ်ကွက်မှာ လူဦးရေ တသိန်းခွဲကျော် ရှိတယ်။ လွိုင်ကော်မှာ ရပ်ကွက် ၁၅ ခု ရှိတာမှာ ၃ ရပ် ကွက်လောက်ပဲ နည်းနည်းလေး အသက်ဝင်တယ်လို့ ပြောလို့ရတာပေါ့။ ကျန်တဲ့ရပ်ကွက်တွေမှာ လုံး၀ လူမရှိသ လောက် ဖြစ်သွားပြီ။ အစောင့်တွေလောက်ပဲ ကျန်ခဲ့တာ။ အခုဆို ဖရူဆိုမြို့ကလည်း စစ်ဘေးရှောင်ရတဲ့ အခြေအနေ တွေ ရှိတော့ ဖရူဆိုမြို့မှာ လူမရှိသလောက် ဖြစ်သွားပြီ” ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့က တာဝန်ရှိသူတဦးက ဆက် ပြောသည်။
ကယားပြည်နယ်အတွင်း၌ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာကာ လက်နက်ကြီး အသုံးပြုမှု၊ လေကြောင်း တိုက်ခိုက်မှုများ ရှိနေသလို အရပ်သား သေဆုံး ဒဏ်ရာရမှု၊ အရပ်သားပိုင်ပစ္စည်းများ ဖျက် ဆီးခံရမှု၊ နေရပ်စွန့်ခွာ ထွက်ပြေးရမှုများလည်း တိုးပွားလာရာ ၂၀၂၁ ခုနှစ်၊ မေလက စတင်၍ ကယားပြည်နယ်တွင် အိမ်အလုံးရေ ၆၅၀ ကျော်၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ အပါအဝင် အရပ်သား ပိုင်ဆိုင်သည့် အဆောက်အအုံများ မီးလောင် ပျက်စီးခဲ့သည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) က ထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်များကို လေကြောင်းက တိုက်ခိုက်သလို မြို့တော်လွိုင်ကော်က လူနေရပ်ကွက်များပေါ်လည်း ပစ်ချခဲ့သဖြင့် မြို့ခံများက အိုးအိမ်များစွန့်ပြီး အထက် အညာဒေသ အထိပါ ထွက်ပြေးခိုလှုံနေကြရသူများပင်ရှိသည်။
လွိုင်ကော်မြို့ခံတဦးက “အကိုတို့က အညာမှာ သွားရှောင်နေတယ်။ အစကတော့ မိသားစုဝင်တွေ အရင်ရှောင်ခိုင်းပြီး ကိုယ်က အိမ်စောင့် အဖြစ်နေခဲ့သေးတယ်။ စစ်တပ်က မြို့ပေါ်ထိ ဗုံးကြဲလာတယ်။ မဲမဲမြင်ရာပစ်တော့ အိမ်လည်း မစောင့်နိုင်တော့ဘူး။ ခိုးချင်ရာခိုးပစေတော့။ တရက်ကွက်လုံးလည်း ဘယ်သူမှာမနေတော့ဘူး။ ပြေးကုန်ကြပြီ” ဟု ပြောသည်။
လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် လူမရှိသလောက်ဖြစ်သွားသလို ဒီးမော့ဆိုမြို့ဆိုရင်လည်း လေကြောင်းရော၊ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ထားသဖြင့် တမြို့လုံးနီးပါး နေအိမ်နှင့် ဘုရားကျောင်းများ ပျက်ဆီးသွားသလို မြို့ခံများသည် တောတောင်များ အတွင်း သွားရောက် ပုန်းရှောင်နေကြရသည်။
ကယားပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေမှုကြောင့် ယခုအခါ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြား လူ့အသုံး အဆောင်ပစ္စည်များ သယ်ယူပို့ဆောင်ရေးအတွက် လမ်းကြောင်း အခက်အခဲများ အဓိက ရင်ဆိုင်နေကြရသည်ဟု စစ်ရှောင်များအား ကူညီနေသူများက ဆိုသည်။
“ပြည်နယ်တွင်း စစ်ရှောင်တွေရဲ့ စားနပ်ရိက္ခာအတွက်က လတ်တလောအတွက်ပဲ ဖြေရှင်းပေးနိုင်တဲ့ အခြေအနေပေါ့၊ ရေရှည်အတွက်ဆိုရင်တော့ အဆင်မပြေနိုင်ဘူးလို့ သုံးသပ်ပါတယ်။ အဓိက အကြောင်းရင်းကတော့ ပြည်နယ်မှာ ရှိနေ တဲ့ စားနပ်ရိက္ခာက ပုံမှန်အခြေအနေမှာတောင် မလုံလောက်ဘူး၊ ဆန်စပါးအတွက် ပြည်နယ်တွင်း ထုတ်လုပ်မှုနဲ့ သုံးစွဲ မှုက မမျှတာပေါ့။ နောက်တခုက လက်ရှိအခြေအနေတွေကြောင့် ပြည်မကနေ ဆန်တင်ပို့ရတာ တော်တော်လေး ကျပ် လာတဲ့အပြင် ငွေရေးကြေးရေးကလည်း ခက်ခဲမှုတွေ ရှိလာတာကြောင့် စားနပ်ရိက္ခာပိုင်းက တော်တော်လေး ခက်ခဲ လာတယ်” ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့က တာဝန်ရှိသူတဦးက ပြောဆိုသည်။
ကယားပြည်နယ်တွင် ဒီဇင်ဘာ ၂၄ ရက်ကလည်း ကလေးငယ်တဦး၊ လူသားချင်း စာနာမှုလုပ်ငန်း ဆောင်ရွက်သူ နှစ်ဦး အပါအဝင် အရပ်သား ၃၅ ဦး မီးရှို့ သတ်ဖြတ်ခံခဲ့ရသော်လည်း လုံခြုံရေး အခြေအနေနှင့် သွားလာခွင့်ဆိုင်ရာ ခွင့်ပြုမိန့် ရရှိရန် ကြန့်ကြာခြင်း၊ စစ်ဆေးရေး ဂိတ်များစွာ ရှိနေခြင်း စသည့် သွားလာမှုဆိုင်ရာ အခက်အခဲများကြားမှ လူသားချင်းစာနာမှု လုပ်ငန်း ဆောင်ရွက်သူများသည် ဒေသခံ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထိခိုက် ခံစား ရသူများအတွက် အရေးပေါ် အကူအညီများကို ပေးနိုင်ရေး လုပ်ဆောင်လျက်ရှိသည်ဟုလည်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ ထုတ်ပြန်ထားသော်လည်း စစ်ဘေးရှောင်များအား ကူညီနေသည့် ကရင်နီ လူ့အခွင့်အရေးအဖွဲ့ကမူ လက်ရှိ အချိန်တွင် ကယားပြည်နယ်အတွင်း စစ်ဘေးရှောင်များအတွက် UNHR ၊ ICRC ၊ World Food ပရိုဂမ်နှင့် အခြား အဖွဲ့အစည်း အသီးသီး၏ ကူညီထောက်ပံ့မှုများ ရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်း ပြောဆိုသည်။
ယခုအခါ ကယားပြည်နယ်အတွင်း၌ တိုက်ပွဲဖြစ်ပွားမှုများ နေ့စဉ်နီးပါး ရှိနေဆဲဖြစ်ရာ ဇန်နဝါရီ ၂၃ ရက်ကလည်း လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များ အတွင်းသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်-ဒီးမော့ဆို(DMO-PDF) အလယ်ပိုင်းတိုင်း၊ လွိုင်ကော်(PDF)၊ KNDF ၊ KA တပ်ဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်ခဲ့ ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်-ဒီမော့ဆို(DMO-PDF) က ထုတ်ပြန်ထားသည်။
ထို့ပြင် ဇန်နဝါရီ ၁၆ ရက် ညပိုင်းက ဒီမော့ဆို အနောက်ဖက်ခြမ်း နန်းမယ်ခုံနှင့် ဖရူဆိုမြို့အနောက်ဘက်ခြမ်း ရခီးဘူး စစ်ရှောင်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ရှောင်စခန်းမှ ကလေးငယ် တဦး အပါအဝင် ပြည်သူ ၃ ဦးနှင့် ဆေးဝန်ထမ်း ၃ ဦး သေဆုံးခဲ့ရကြောင်း KNDF က ထုတ်ပြန်ထားသည်။