မြန်မာ့အကြမ်းဖက်စစ်တပ်သည် ဆယ့်တစ်လတာ ကာလအတွင်း နိုင်ငံတကာ၏ အရေးယူဆောင်ရွက်ခြင်းမခံရဘဲ ပြည်သူအပေါ် ထိုးစစ်ဆင်စစ်ပွဲများကို ရပ်တန့်မှုမရှိ ဆက်လက်လုပ်ဆောင်နေသည်။ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအ၀င် အပြစ်မဲ့ပြည်သူများသည် တိုက်ပွဲများကြား ပိတ်မိနေဆဲဖြစ်သည်။  ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းတွင် ကရင်နှင့် ကယား(ကရင်နီ) ပြည်နယ်တို့တွင် ထိုးစစ်များ ပိုမိုဆိုးရွားလာသောကြောင့် ထွက်ပြေးတိမ်းရှောင်သူများ ထောင်နှင့်ချီရှိနေပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ အလွန်လိုအပ်နေသည်။ မြန်မာနိုင်ငံအတွင်း အဓိက အကူအညီပေးရေးလမ်းကြောင်းများကို အကြမ်းဖက်စစ်တပ်မှ ပိတ်ဆို့ထားဆဲဖြစ်သည်။ အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ချိန်မှစ၍ ပထမဆုံး ခုခံတုံ့ပြန်သူများကို အကြမ်းဖက်စစ်အာဏာရှင်မှ  ပစ်မှတ်ထားခဲ့ပြီး ရိက္ခာပေးပို့မှုများကို ကြားဖြတ်ဟန့်တားကာ ရိက္ခာများကိုပင် မီးရှို့ဖျက်ဆီးခဲ့သည်။

အရပ်ဘက်အဖွဲ့အစည်းများသည် မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရဲ၀ံ့စွာ ဆက်လက် မှတ်တမ်းတင်နေကြသည်။ အကြမ်းဖက်စစ်အာဏာရှင်များ ချိုးဖောက်ခဲ့သော ရာဇ၀တ်မှုများအတွက် စုဆောင်းထားသော အထောက်အထားများသည်  နိုင်ငံတကာ တရားစီရင်ရေး၏ အမြင့်ဆုံးအဆင့်တွင် ကျူးလွန်ခံရသူ ထောင်ပေါင်းများစွာအတွက် တရားမျှတမှု ရှိစေရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်။ အရပ်သားများကို ပစ်မှတ် သို့မဟုတ် လူသားဒိုင်းအဖြစ် အသုံးပြု၍ မရပါ။ ၎င်းတို့အား ဘေးကင်းသော လမ်းကြောင်းများကို ပြေးခွင့်ပေးရမည် ဖြစ်ပြီး အကူအညီများကို ပိတ်ဆို့ခြင်း မပြုရပါ။ အခြေခံစံနှုန်းများနှင့် အရပ်သားပြည်သူတို့၏ အသက်ကို အကာအကွယ်ပေးခြင်းများကို လိုက်နာရန် ပျက်ကွက်သောကြောင့်  လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများအတွက် အကြမ်းဖက်စစ်အာဏာရှင်တွင် တာဝန်ရှိသည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် လာရောက်လည်ပတ်ခဲ့သော်လည်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည် အကြမ်းဖက် စစ်အာဏာရှင်နှင့် မည်သို့ ဆက်ဆံရန် သဘောတူညီမှု မရရှိခဲ့ပေ။ အာဆီယံ၏ လက်ရှိဥက္ကဌဖြစ်သည့် ကမ္ဘောဒီးယားသည် ခရီးသွားလာရေး ကိစ္စများကို ကိုးကား၍ နိုင်ငံခြားရေး ၀န်ကြီးများနှင့် တွေ့ဆုံရန် ရွှေ့ဆိုင်းခဲ့သည်။ သို့သော်လည်း လေ့လာစောင့်ကြည့်သူများမှ သတိပြုမိသည်မှာ ၎င်းသည် တိုင်းပြည်အတွက် တစ်စုံတစ်ရာ အချက်ပြဖွယ်ရှိကြောင်းနှင့်  စစ်အာဏာရှင်၏ ကိုယ်စားလှယ်မှန်သမျှကို ဖိတ်ခေါ်ခြင်းအပေါ် သဘောထားကွဲလွဲမှု အများအပြား ရှိနေသည်။

တိုင်းရင်းသားဒေသများတွင် စစ်အစိုးရတပ်များက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေချိန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်၏ ခရီးစဉ်ကို ရှုတ်ချသည့်သူများထဲတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)  ပါဝင်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်တို့တွင် “ဝန်ကြီးချုပ် ဟွန်ဆန်သည် မကောင်းသော အကြံဥာဏ်ဖြင့် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် နေပြည်တော်သို့ လာရောက်ခဲ့သည်ဟု” SAC-M မှ ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ မြန်မာပြည်သူများ၏ အသံကိုနုတ်ပိတ်၍ မရနိုင်သကဲ့သို့  နှုတ်ဆိတ်နေမည်မဟုတ်ပါ။ နိုင်ငံတကာအသိုက်အဝန်းမှ မြန်မာပြည်သူတို့၏ အကာအကွယ်၊ ဘေးကင်းရေးနှင့် တရားမျှတမှုတို့အတွက် တောင်းဆိုချက်များကို တုံ့ပြန်ဆောင်ရွက်ရမည့်အချိန်ဖြစ်သည်။

 

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ

ကရင်ပြည်နယ်

ကရင်ပြည်နယ်ရှိကျေးလက်များတွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းနှင့် မြေပြင်တို့တွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပိုမို ဆိုးရွားလာကြောင့် ကရင်ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရသည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ၏အဖွဲ့၀င်အဖွဲ့အစည်းဖြစ်သော မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ၏ အဆိုအရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ တပ်မဟာ(၆)၏ ရင်းမြစ်များအရ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ  မယ်တော်သလေးကျေးရွာရှိ နေအိမ်များတွင်  အကြမ်းဖက်စစ်တပ်မှ မြေမြှုပ်မှိုင်းများ မြှုပ်ထားသည်ကို တွေ့ရှိရသည်။ “မြန်မာစစ်တပ်မှ နေအိမ်များ၊ အိမ်ခန်းများထဲနှင့် ခြံ၀န်းများထဲတွင် ထောင်ထားသည့် မြေမြှုပ်မှိုင်းများကို ကျွန်တော်တို့ တွေ့ရှိခဲ့တယ်။​” မြေမြှုပ်မိုင်းကြောင့် စစ်ဘေးဒဏ်သင့် စစ်ဘေးရှောင် ဒုက္ခသည်များ တော်တော်များများ နေရပ်သို့ မပြန်နိုင်သေးပါ။ အကြမ်းဖက်စစ်တပ်မှ နေအိမ် ၆၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ နေအိမ်များပျက်ဆီးဆုံးရှုံးများနှင့် အကြမ်းဖက်စစ်တပ် မြှုပ်ထားသည့် မြေမြှုပ်မှိုင်း အန္တရာယ်သည် နေရပ်ပြန်ရေးအတွက် စိန်ခေါ်မှုဖြစ်နေသည်။

“ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ တံတား အမှတ် ၁ နှင့် တံတား အမှတ် ၅ နယ်စပ်ကြားတွင်ရှိသော ရွှေညောင်ပင်ကို အကြမ်းဖက်စစ်တပ်မှ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မနက် ၁ နာရီတွင် တမင်တကာ လေကြောင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု” ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်မှ သတင်းထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် ပိတ်ဆို့အရေးယူမှုများနှင့် စစ်ဂျက်လေယာဉ်များကို ထောက်ပံ့ပေးသော လေကြောင်းလောင်စာဆီများ ရပ်ဆိုင်းခြင်းအပါအဝင် နိုင်ငံတကာ အရေးယူဆောင်ရွက်မှုများအတွက် ကရင်အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် မဟာမိတ်လူ့အခွင့်အရေးအဖွဲ့များမှ တောင်းဆိုခဲ့သည်။

ကယား (ကရင်နီ) ပြည်နယ်

ကယား(ကရင်နီ)ပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှုများကြောင့် မြို့တော် လွိုင်ကော်တွင် နေထိုင်သူ အများစု ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက်တို့တွင် လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်တို့ကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီးနောက် အဆိုပါ တိုက်ခိုက်မှုများကို စတင်ခဲ့ခြင်းဖြစ်သည်။ ခုခံတော်လှန်ရေးသမားများ လက်နက်မချလျှင် အပြည့်အ၀ ထိုးစစ်ဆင်မည်ဟု စစ်အာဏာရှင်များချိန်းခြောက်နေချိန် ရဟတ်ယာဉ်များ ပျံဝဲနေသည်ကို ကြားရသည့်အတွက် အရပ်သားများ ထွက်ပြေးရန် ၀ေခွဲမရဖြစ်နေကြပြီး မြို့၏ အခြေအနေမှာ “လူသူကင်းမဲ့”နေသည့် အနေအထား ဖြစ်နေသည်။ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တပြည်နယ်လုံးရှိ လူဦးရေ ၁၅၀,၀၀၀ ကျော်သည် အိမ်နီးချင်း ရှမ်းပြည်နယ် သို့မဟုတ် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးခဲ့ရသည်။ လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောပြီး ဇန်နဝါရီလ ၁၂ ရက်နေ့တွင် လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဆက်လက်ဖြစ်ပွားနေသော ထိုးစစ်များကြောင့် ထိခိုက်ခံစားရသည့် အရပ်သားများအား အကာအကွယ်ပေးရန် တောင်းဆိုထားသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအား မေတ္တာရပ်ခံချက်တွင်  အရပ်သားတို့၏ နေအိမ်များ၊ ရွာများရှိ နေအိမ်အဆောက်အဦများ မီးရှို့ခြင်းဖြင့် အကြမ်းဖက်စစ်တပ်မှ တမင်တကာ ပစ်မှတ်ထားနေကြောင်း KNPP မှ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ လွိုင်ကော်မြို့ထဲတွင် ပြီးခဲ့သည့် သီတင်းပတ်တွင် အကြမ်းဖက်စစ်တပ်မှ လျှပ်စစ်နှင့် ရေကို ဖြတ်တောက်ခဲ့သည်။

 

ရှမ်းပြည်နယ်

အကြမ်းဖက်စစ်တပ်နှင့် ဒေသခံခုခံတော်လှန်ရေးတိုက်ပွဲများ တိုးလာသောကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်းလောင်းမြို့နယ်တွင် လာရောက် ခိုလှုံကြသော စစ်ဘေးရှောင်များအတွက် အရေးပေါ်အကူအညီများလိုအပ်နေသည်။  ရှမ်းပြည်မြောက်ပိုင်းတွင်လည်း ကျေးရွာသား ၃၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး အနွေးထည်နှင့် ဆေး၀ါးများလိုအပ်လျက်ရှိသည်။ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် အကြမ်းဖက်စစ်တပ်ကြား တိုက်ပွဲများကြောင့် အကြမ်းဖက်စစ်တပ်မှ စစ်သား ငါးဦး ကျဆုံးခဲ့သည်။ ဇန်န၀ါရီလ ၁၂ ရက်နေ့ ရှမ်းပြည်မြောက်ပိုင်း စခန်းသစ်မှ အကြမ်းဖက်စစ်တပ်သည် မန်းလွင်နှင့် ကောင်းဝိုင်ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်တွင်း နှစ်ဖွဲ့ကြား တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်။ ထိုနေ့တွင်ပင် အကြမ်းဖက်စစ်တပ်မှ အမြောက်ဖြင့် ပစ်ခတ်မှုကြောင့် မိန်းကလေးငယ် ၂ ဦး သေဆုံးခဲ့သည်။​

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် တိုက်ပွဲများကြောင့် ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံကြသော စစ်ဘေးရှောင် (၃၀၀)အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်။ ထွက်ပြေးတိမ်းရှောင်သည့် သူများထဲတွင် ကလေးသူင​ယ်နှင့် အမျိုးသမီးများစွာပါ၀င်သည်။