ချင်းပြည်နယ် မတူပီမြို့ မြောက်ဘက် ကိုးမိုင်ခန့်အကွာ ကီလှုန်းနဲ့ လုံလှော်ရွာဘက်မှာ ဇန်နဝါရီ ၆ ရက်နေ့က ဒေသခံ ၁၀ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

အဲဒီ ရွာသား ၁၀ ဦးထဲက နှစ်ဦးရဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၈ ရက်နေ့က ကစဲရွာနားမှာ တွေ့ရှိခဲ့ရသလို နောက်ထပ် ရှစ်ဦးရဲ့ ရုပ်အလောင်းကိုလည်း ဇန်နဝါရီလ ၉ ရက်နေ့က ကီလှုန်းနဲ့ လုံလှော်ရွာကြားမှာ တွေ့ရှိခဲ့ ရတာပါ။

သတ်ဖြတ်ခံရသူတွေဟာ ဆလိုင်းသွီဒင်း (Salai Tui Dim)၊ ဆလိုင်း ဗန်ထူး (Salai Van Htoo)၊ ဆလိုင်း စတီဗင် (Salai Steven)၊ ဆလိုင်း လားရင်းလ် (Salai La Ring)၊ ဆလိုင်း လာနန်း (Salai La Nang)၊ ဆလိုင်းတင်စန်း (Salai Tin San)၊ ဆလိုင်း ဖူးပါးဆာလိ (Salai Phupa Sali)၊ ဆလိုင်းလျန်ငိုင် (Salai Lian Ngai)၊ ယေဇအောင် (Salai Ze Caet Aung) ဆလိုင်းထတ်လုံး (Salia Thak Lung) တို့ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရတဲ့ သူတွေထဲက ဆလိုင်းသွီဒင်း (Salai Tui Dim) ဟာ ချင်းပြည်နယ်အခြေစိုက် Khonumthung သတင်းဌာနရဲ့ တည်ထောင်သူနဲ့ အယ်ဒီတာချုပ် ဖြစ်တယ်လို့ သတင်းဌာနရဲ့ အယ်ဒီတာ ဦးရောဘတ်က ပြောပါတယ်။

“အဲဒီ ၁၀ ယောက်ထဲမှာ ဦး Pu Tuidim ရဲ့ အလောင်း ပါသွားတယ်ပေါ့နော်။ သူတို့ ပြောပုံအရဆို မတူပီ – ဟားခါးလမ်း ကီလှုန်းကျေးရွာနားမှာ သူ့အလောင်းကို တွေ့တယ်။ အလောင်းကိုလည်း ကောင်းကောင်း မွန်မွန်နဲ့ သင်္ဂြိုဟ်ပေးလိုက်သေးတယ်လို့ သိရတယ်။ ဒါ CDF မတူပီတပ်ရဲ့ ပြောဆိုချက်အရပေါ့နော်”

ဆလိုင်းသွီဒင်း (Salai Tui Dim )ဟာ အိန္ဒိယနိုင်ငံမှာ နေထိုင်သူဖြစ်ပြီး ဇာတိဖြစ်တဲ့ မတူပီမြို့ကို ပြန်လာ ချိန်မှာ အခုလို ဖြစ်ရပ်မျိုး ကြုံခဲ့ရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

သတ်ဖြတ်ခံရသူ ၁၀ ဦးထဲက ဆလိုင်းလာနန်း (Salai La Nang) က အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ဖြစ်ပြီး ကျန်တဲ့သူတွေကတော့ အသက် ၄၀ ကျော်ကနေ ၆၀ အရွယ်အကြား အမျိုးသားတွေ ဖြစ်ကြပါတယ်။

သူတို့ဟာ ဇန်နဝါရီလ ၆ ရက် နေ့လယ်ပိုင်းက နွားနောက်သားနဲ့ ဟင်းစားရှာထွက်တဲ့အခါ၊ အဲဒီဒေသ မှာ CDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။ အဲဒီအချိန်မှာ စစ်ကောင်စီရဲ့ မတူပီ အခြေစိုက် ခြေလျင် တပ်ရင်း၊ ခလရ – ၁၄၀ တပ်က သူတို့ကိုဖမ်းသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့က လူ ၁၀ ဦးနဲ့အတူ အမျိုးသမီးတစ်ယောက်လည်း လိုက်ပါသွားခဲ့ပြီး သူကတော့ စစ်သားတွေ ဖမ်းဆီး ချိန်မှာ ချောက်ကမ်းပါးကနေ ခုန်ချထွက်ပြေးခဲ့တာကြောင့် ခေါင်းကွဲဒဏ်ရာ၊ မျက်နှာ ထိခိုက်ဒဏ်ရာတွေနဲ့ ပြန်ရောက်လာ နိုင်ခဲ့တယ်လို့ ပြောပါတယ်။

“သာမန်ရွာသားတွေကို လိုက်လံ ဖမ်းဆီးပြီးတော့ လူသားဒိုင်းအနေနဲ့ အသုံးပြုပြီး သတ်ဖြတ်တာ”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာ အရပ်သားတွေကို ပစ်ခတ်စရာ အကြောင်းမရှိဘူးလို့ တုံ့ပြန်ပါတယ်။

“အဲဒီမှာ ကျွန်တော်တို့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေကို အကြမ်းဖက် PDF အမည်ခံ ၁၀ ဦးလောက်က ပစ်ခတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ ဒီဘက်ကလည်း ပစ်ခတ်ခဲ့တာရှိတယ်။ အဲဒီမှာတော့ အလောင်းအချို့ ရလိုက်တာရှိတယ်။ သေနတ် ၆ လက် ရလိုက်တာရှိတယ်။ သူတို့ဆိုင်ကယ် ၄ စီး ကျန်ခဲ့တာ ရှိတယ်။ ကျန်တာကတော့ ကျွန်တော်တို့အနေနဲ့က အကြမ်းဖက်မဟုတ်တဲ့ အဖွဲ့တွေကို အကြောင်းမဲ့ ပစ်ခတ်စရာ မရှိပါဘူးဗျ”

ဒါပေမဲ့လည်း သေဆုံးသူ ၁၀ ဦးရဲ့ ရုပ်အလောင်းတွေမှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဒဏ်ရာတွေ မတွေ့ရဘဲ ကြိုးတုပ်ပြီး လည်ပင်းကို ဓားနဲ့လှီးထားတာ၊ ဓားနဲ့ ထိုးသွင်းထားတာတွေ တွေ့ရတယ်လို့ ဒီဒေသမှာရှိတဲ့ မတူပီ CDF တပ်ရင်း – ၂ ရဲ့ တပ်ရင်းမှူး ကိုဂျေကေက ပြောပြပါတယ်။

(မတူပီမြို့နယ်မှာ စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အသက် (၁၃) နှစ်အရွယ် Salai La Nang နဲ့ ချင်းပြည်နယ်အခြေစိုက် Khonum thung သတင်းဌာန အယ်ဒီတာချုပ် Salai Tui Dim တို့ကို တွေ့ရစဉ်) Photo: CJ
(မတူပီမြို့နယ်မှာ စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အသက် (၁၃) နှစ်အရွယ် Salai La Nang နဲ့ ချင်းပြည်နယ်အခြေစိုက် Khonum thung သတင်းဌာန အယ်ဒီတာချုပ် Salai Tui Dim တို့ကို တွေ့ရစဉ်) Photo: CJ

“အသတ်ခံရတဲ့ ပုံစံကတော့ လည်လှီးတယ်။ လည်ပင်းကို ဓားနဲ့လှီးပြီးသတ်တာ။ ကစဲရွာဘက်က ရုပ် အလောင်းမှာတော့ လည်မလှီးဘူး။ လည်ပင်းကို ဓားနဲ့ထိုးပြီး သတ်တာ။ ဓားအချက်ရေ ခုနှစ်ချက် ရှိတယ်။ အလောင်း အရေအတွက်ကတော့ ၁၀ လောင်းပါပဲ။ အဲဒီထက်တော့ မရှိပါဘူး။ နှစ်ယောက် ကတော့ ကစဲရွာဘက်မှာ ဒီဘက် လာရင်းနဲ့ သတ်ခံလိုက်ရတာပေါ့။ အဲဒါက နှစ်လောင်း။ ကီလှုန်းရွာနဲ့ လုံလှော်ရွာကြားမှာတော့ အလောင်းက ရှစ်လောင်းရှိတယ်”

သတ်ဖြတ်ခံရသူတွေရဲ့ ရုပ်အလောင်းကို တွေ့ရှိတဲ့ နေရာအနီးတစ်ဝိုက်မှာပဲ မြေမြှုပ်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီသတ်ဖြတ်မှုဟာ ချင်းပြည်နယ်မှာ စစ်တပ်က နောက်ထပ်ကျူးလွန်လိုက်တဲ့ စစ်ရာဇဝတ်မှု တစ်ခု ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ အခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ဒုတိယအမှုဆောင် ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။

“စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ။ ကလေးအပါအဝင် သတင်းသမား အပါအဝင်ပေါ့နော်။ Khonumthung က ဂျာနယ်လစ် ပါနေတယ်။ သာမန်ရွာသားတွေကို လိုက်လံ ဖမ်းဆီးပြီးတော့ လူသားဒိုင်းအနေနဲ့ အသုံးပြုပြီး သတ်ဖြတ်တာက စစ်ရာဇဝတ်မှုပဲလို့ ကျွန်တော်တို့ မြင်တယ်”

ဒါ့အပြင် မတူပီ မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့တာ၊ လှုပ်ရှားတာတွေကြောင့် လူ့အခွင့် အရေးတွေ ချိုးဖောက်ခံရမှု ထပ်ရှိလာမှာကို စိုးရိမ်နေရတယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိ မတူပီမြို့နယ်ထဲမှာ ငလိုင်၊ ကစဲ၊ တီဘော၊ ကီလှုန်း အပါအဝင် ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံ လေးထောင်ဝန်းကျင်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး အများစုက အိန္ဒိယနိုင်ငံဘက်နဲ့ နီးစပ်ရာ ဆွေမျိုး အိမ်တွေမှာ ခိုလှုံနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

RFA Burmese News