လူဦးရေထောင်ဂဏန်းရှိ ဦးနှောက်ရွာကို ရဟတ်ယာဉ်သုံးစီးဖြင့် လာဝိုင်းခြင်းဖြစ်ကာ ရဟတ်ယာဉ်တစ်စီးမှ ပစ်ခတ်နေစဉ် အခြားနှစ်စီးဖြင့် စစ်သားများချပေးနေကြောင်း PDF တာဝန်ခံက ပြောသည်။ 

ဒေသခံ PDF ခေါင်းဆောင်ရှိသည် အထင်ဖြင့် စစ်ကောင်စီက စစ်ကိုင်းတိုင်း ပုလဲမြို့အနောက်ဘက်ရှိ ဦးနှောက်ရွာကို ယနေ့ (ဇန်နဝါရီ ၁၀) နံနက်ပိုင်းတွင် ရဟတ်ယာဉ်သုံးစီးဖြင့် တိုက်ခိုက်နေသည်ဟု သိရသည်။

ပုလဲမြို့အနောက်ဘက် ၁၂ မိုင်အကွာရှိ ဦးနှောက်ရွာကို စစ်ကောင်စီတပ်က ယနေ့ နံနက် ၁၁ နာရီဝန်းကျင်မှစ၍ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရအချို့နှင့် ဖမ်းဆီးခံရသူများရှိသည်ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ခေါင်းဆောင် ဗိုလ်နဂါးက Myanmar Now ကို ပြောသည်။

“အဲဒီရွာကို ကျွန်တော်ရှိတယ်ဆိုပြီး လေယာဉ်နဲ့ လာပစ်တာ။ အဲဒီက အခြေအနေကို သတင်းတိတိကျကျတော့ မရသေးဘူး။ တချို့ပြည်သူတွေလည်း အဖမ်းခံထားရတယ် ပြောတယ်” ဟု ၎င်းက ပြောသည်။

လူဦးရေထောင်ဂဏန်းရှိ ဦးနှောက်ရွာကို ရဟတ်ယာဉ်သုံးစီးဖြင့် လာဝိုင်းခြင်းဖြစ်ကာ ရဟတ်ယာဉ်တစ်စီးမှ ပစ်ခတ်နေစဉ် အခြားနှစ်စီးဖြင့် စစ်သားများချပေးနေကြောင်း မုံရွာမြို့နယ် PDF ၏ တပ်ခွဲတစ်ခုဖြစ်သော ပုလဲမြို့နယ်အခြေစိုက် အောင်ဆန်းတပ်ဖွဲ့တာဝန်ခံက ဆိုသည်။​

“ရွာသားတွေ ဒဏ်ရာရတာတွေလည်း ရှိတယ် ကြားတယ်။ မြေပြင်အခြေအနေတော့ အတိအကျမသိရသေးဘူး” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအစပ်ရှိ ဦးနှောက်ရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် အင်အားဖြည့်တင်းကာ အင်အားရာဂဏန်းဖြင့် စီးနင်းတိုက်ခိုက်နေခြင်းဖြစ်သည်ဟု အောင်ဆန်းတပ်ဖွဲ့တာဝန်ခံက ဆိုသည်။

စီးနင်းတိုက်ခိုက်ခံရစဉ်အတွင်း ဦးနှောက်ရွာမှ ဖမ်းဆီးခံရသူနှင့် ဒဏ်ရာသူများကို စိစစ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးကြောင်းလည်း အထက်ပါ PDF ခေါင်းဆောင်နှစ်ဦးက ဆိုသည်။

ဗိုလ်နဂါးဦးဆောင်သည့် ပုလဲ PDF အဖွဲ့က အဆိုပါဒေသအတွင်း စစ်ကောင်စီယာဉ်တန်းများကို မကြာခဏ အလစ်အငိုက် မိုင်းဆွဲတိုက်ခိုက်လျက်ရှိသည့်ပြင် အောင်ဆန်းတပ်ဖွဲ့ကလည်း ဗုံးတပ်ဒရုန်းများဖြင့်ပါ စစ်ကောင်စီစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်လျက်ရှိသည်။​

ယောဒေသမြောက်ပိုင်း ဂန့်ဂေါမြို့နယ်နှင့် ထိစပ်နေသည့် ပုလဲမြို့နယ်အတွင်း ဒေသခံ PDF အဖွဲ့များက ပြောက်ကျားနည်းဖြင့် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ် မကြာခဏ အထိနာလျက်ရှိသည်။

လက်ရှိတွင် စစ်ကောင်စီက ဒေသအသီးသီးတွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း မြေပြင်စစ်ကြောင်းများ အထိနာချိန် လက်နက်ကြီးပစ်ကူအပြင် လေကြောင်းဖြင့်ပါ အပြင်းအထန်တိုက်ခိုက်နေသည်။

စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများကိုပါ ပစ်ခတ်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်သည် စစ်ရာဇဝတ်ကျူးလွန်နေခြင်းသာဖြစ်ကြောင်းလည်း အောင်ဆန်းတပ်ဖွဲ့တာဝန်ခံက ဆိုသည်။​

“စစ်အာဏာရှင်တွေက သူတို့အာဏာတည်မြဲရေးအတွက် သူတို့ရှိသမျှ အင်အားအကုန်သုံးမှာပဲ။ ဒါတွေက မျှော်လင့်ထားပြီးသား။ လူမဆန်တဲ့ စစ်ခွေးတွေကို ကျွန်တော်တို့က ရှိသမျှအင်အားနဲ့ မြန်မြန်တိုက်ဖို့လိုနေပြီ” ဟု ၎င်းက ပြောသည်။

Myanmar Now News