ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်အား မြန်မာပြည်သူများပေးပို့သည့် သတင်းစကားတစ်ခုမှာ “ လုံး၀မကြိုဆိုဘူး”ဟူ၍ဖြစ်သည်။ ၎င်း၏ ခရီးစဥ်သည် အပြစ်မဲ့ပြည်သူရာပေါင်းများစွာ အား ဖမ်းဆီးသတ်ဖြတ်နေသော်လည်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသည့် လူသတ် စစ်အာဏာရှင်အား အသိအမှတ်ပြု ထောက်ခံအားပေးသည့် လက္ခဏာဖြစ်သည်။

စစ်အာဏာရှင်ခေါင်းဆောင်များသည် တိုင်းပြည်ကို အကြမ်းဖက် ဖိနှိပ်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။ ဖေဖော်၀ါရီလ ၁ ရက်နေ့မှ စတင်၍ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် အကြမ်းဖက်မှုများကြောင့် သက်ကြီးပိုင်းမျိုးဆက်များအား စိတ်ဒဏ်ရာ

ပြန်လည်ရရှိစေပြီး ပြည်သူများကြား စိုးရိမ်မှုများနှင့် ကြောက်ရွံ့မှုများတိုးလာစေခဲ့သည်။ မျိုးဆက်သစ်လူငယ်များမှ စစ်အုပ်ချုပ်ရေးစနစ်၏ ပကတိအခြေအနေကို နားလည်ပြီး တော်လှန်နေသည်။ ရက်စက်ကြမ်းကြုတ်သော အာဏာရှင် မင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်ခြင်းသည် နိုင်ငံသားအခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ထပ်ကာ ထပ်ကာ အများ အပြားချိုးဖောက်နေသည့် ရာဇ၀တ်မှုကျူးလွန်သူများကို လက်ခံနေခြင်းဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးကြား တွေ့ဆုံမှုခရီးစဥ် နှင့် မြန်မာစစ်အာဏာရှင်အုပ်စုကို ပံ့ပိုးကူညီနေသော ဟွန်ဆန်ကို အရပ်ဘက်အဖွဲ့အစည်း ၁၉၀ ကျော်တို့မှ ကန့်ကွက်ရှုတ်ချခဲ့သည်။ ထိုတောင်းဆိုချက်များကို ကမ္ဘောဒီးယားလူ့အခွင့်အရေးအဖွဲ့များက ထောက်ခံခဲ့ကြသည်။ ဇန်န၀ါရီလ ၇ ရက်နေ့တွင် လာရောက်မည့် ဟွန်ဆန်၏ ခရီးစဉ်ကို ဖျက်သိမ်းရန် နိုင်ငံတ၀ှမ်းရှိ တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် အရပ်သားများမှ တောင်းဆို ဆန္ဒပြခဲ့သည်။​

မင်းအောင်လှိုင်သည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေးအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ဘုံသဘောတူညီချက် ၅ ချက်ကို လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်။ အာဆီယံ၏ ကြိုးပမ်းမှုအားလုံးသည် စိတ်ပျက်ဖွယ်ကောင်းပြီး အဓိပ္ပါယ်ရှိသော အပြောင်းအလဲကို မဖြစ်ပေါ်စေခဲ့ပါ။ အာဆီယံမှ တပ်မတော်သားကိုယ်စားလှယ်များကို အစည်းအဝေးအများသို့ ဖိတ်ကြားခြင်းမပြုဘဲ ချန်လှပ်ထားသည့်လုပ်ဆောင်ချက်သည် စစ်အာဏာရှင်များအား ၄င်းတို့၏ စစ်ရေးနည်းဖြင့် အကြမ်းဖက် ဖြေရှင်းသည့် နည်းလမ်းကို ဟန့်တားနိုင်ခဲ့ခြင်း မရှိပေ။

ဟွန်ဆန်၏မြန်မာနိုင်ငံခရီးစဥ်ကို ပြင်းထန်စွာရှုတ်ချကြောင်း အထွေထွေသပိတ်ပေါင်းစပ် ညှိနှိုင်းရေးအင်အားစု ( GSCB)မှ သဘောထားထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖြုတ်ချခံထားရသော အရပ်သား အစိုးရ ခေါင်းဆောင်များနှင့် ကမ္ဘောဒီးယား အရာရှိတို့နှင့် တွေ့ဆုံခွင့် မရှိခဲ့ပါ။

ပေးလိုက်သည့် သတင်းစကားမှာ ရှင်းရှင်းလင်းလင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည်လည်း ယခင်အတိတ်ကာလက အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်သော လူမျိုးတုံးသတ်ဖြတ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ဟွန်ဆန်သည် နိုင်ငံရေး ပြိုင်ဘက်တို့၏ အသံများကို ချေမှုန်းရန် တုံ့ဆိုင်းမှုမရှိဘဲ ဖိနှိပ် အုပ်ချုပ်ခဲ့ပြီး သတင်းမီဒီယာကိုလည်း ရန်သူသဖွယ်သတ်မှတ် ခဲ့သည်။ အာဏာရှင်အချင်းချင်း ထောက်ခံမှုသည် ကောင်းမွန်သည့် နိမိတ်လက္ခဏာ မဟုတ်ဘဲ ဤအစည်းအဝေးများမှ လက်ခံရမည့် စံနှုန်းတစ်ခု သတ်မှတ်ခြင်းသည် အန္တရာယ်များသည်။

အာဆီယံသည်လည်း တစ်ခြားသော နိုင်ငံတကာအသိုင်းအ၀ိုင်းကဲ့သို့ပင် အကြမ်းဖက်စစ်အာဏာရှင်နှင့် ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများအားလုံးကို ဖြတ်တောက်၍  အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အပြုသဘောဆောင်သောတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်တာ၀န်ရှိသည်။

 

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ

ချင်းပြည်နယ်

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ၏ ထုတ်ပြန်ချက်အရ ထန်တလန်ကို စက်တင်ဘာလမှ စတင်၍ ၁၈ ကြိမ်ထက်မနည်း စစ်အာဏာရှင်တပ်များမှ တမင်တကာ မီးတင်ရှို့ဖျက်ဆီးခဲ့သည်။ ချင်းပြည်နယ်တွင် ကျယ်ပြန့်စွာကျူးလွန်ခံနေရသော လူ့အခွင့်အရေးချိုးဖောက်မှုများကို CHRO မှ မှတ်တမ်းတင်ထားသည်။ ထန်တလန် တစ်မြို့ထဲတွင်ပင် အရပ်သားပေါင်း ၁၀,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ CHRO ၏ အဆိုအရ ဇန်န၀ါရီလ ၃ ရက်နေ့နောက်ဆုံးမှတ်တမ်းများအရ စက်တင်ဘာလ ၉ရက်မှ စတင်၍  ဘုရားကျောင်း ၇ ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများအပါ၀င်  အဆောက်အအုံပေါင်း ၇၀၀ ကျော်အား ရည်ရွယ်ချက်ရှိရှိဖြင့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

စစ်အာဏာသိမ်းပြီးနောက် ပြင်းထန်သော ခုခံတော်လှန်ရေးလှုပ်ရှားမှုများ မပေါ်ပေါက်ခင်အထိ ချင်းပြည်နယ်သည် နှစ်ပေါင်းများစွာ ငြိမ်းချမ်းသော ဒေသအဖြစ် လူသိများခဲ့သည်။ အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆက်လက်ခြိမ်းခြောက်ခံနေရသော်လည်း သို့မဟုတ် ချင်းပြည်သူများ၏ အိုးအိမ်နှင့် အသက်အန္တာရယ်များကို အကြမ်းဖက် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ချင်းပြည်သူများသည် ထိတ်လန့်ဖွယ်ရာ ကြားထဲမှ ရဲ့ရင့်မှုကို ပြသခဲ့ကြသည်။ “မြို့ရှင်းလင်းရန်”အတွက် တပ်ကို အမိန့်ပေးထားသော သက်သေအထောက်အထား စာရွက်စာတမ်းများကို စစ်အာဏာရှင်များ တာ၀န်ခံမှုရှိစေရန်အွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အလေးအနက်ထား ဆောင်ရွက်ရန်ရမည်ဖြစ်သည်။

 

ရှမ်းပြည်နယ်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် TNLA အတွက် အခွန်ကောက်ခံပေးသူနှစ်ဦး အမည်မသိ သေနတ်သမား၏ အနီးကပ်ပစ်သတ်ခံရပြီးနောက် တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။  အဆိုပါတိုက်ပွဲတွင် လက်နက်ကြီးကျရောက်မှုကြောင့် မိသားစုတစ်စုထဲမှ  ဒေသခံ ၆ ဦး ဒဏ်ရာရခဲ့သည်။ ထိခိုက်ဒဏ်ရာရသည့်အထဲတွင် ကလေးငယ် ၃ ဦးပါ၀င်သည်။​

ရှမ်းပြည်နယ်တွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး သက်ဆိုင်သူများအားလုံးကို အကြမ်းဖက်မှုအဆုံးသတ်ပြီး အရပ်သားများ ဘေးကင်းရေးအတွက် အဖြေရှာညှိနှိုင်းရန် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (SSUC) မှ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။

 

ကယားပြည်နယ် (ကရင်နီ)

စစ်ကောင်စီ၏ ကရင်နီလူမျိုးများအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးမှတ်တမ်းပြုစုပြီး လိုအပ်သော အရေးယူဆောင်ရွက်မှုလုပ်ငန်းများကို ချမှတ်အကောင်အထည်ဖော်ဆောင်သွားမည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ထုတ်ပြန်လိုက်သည်။​ ကယား(ကရင်နီ)ပြည်နယ်မှ လူဦးရေး လေးပုံတစ်ပုံခန့်သည် စစ်ကောင်စီ၏ အကြမ်းဖက် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်။ အထိခိုက်လွယ်ဆုံးသော သူများကို ရှင်သန်နေထိုင်ရန် အခက်ခဲဆုံးသောအခြေအနေသို့ တွန်းပို့သည့် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည်။

ထုတ်ပြန်ချက်သည် ကယားပြည်နယ် (ကရင်နီ)တွင် အမျိုးသမီးများ၊ ကလေးသူငယ်မျာနှင့် လူကြီးများအပါအ၀င် လူပေါင်း ၃၀ ကျော် အစုလိုက်၊ အပြုံလိုက် ရက်ရက်စက်စက် အသတ်ခံရသော သက်သေများထွက်လာပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကြွင်းကျန်ခဲ့သော ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးခဲ့သည့် ဆရာ၀န်မှ “အသက်ရှင်နေခဲ့စဉ်မှာ ဘယ်လိုပုံစံမျိုးတွေ ကြုံတွေ့ခဲ့ရသလဲဆိုတာကို မှန်းဆလို့ မရနိုင်လောက်အောင် ဘ၀မှာတစ်ခါမှမကြုံတဲ့ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုဟု” သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ကယား(ကရင်နီ) မြို့တော် လွိုင်ကော်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် အရပ်သား လေးဦးထက်မနည်း သေဆုံးပြီး ၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ကယား(ကရင်နီ)ပြည်နယ်တွင် အရပ်သား လက်နက်ကိုင် တော်လှန်ရေးတပ်များသည်  မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အကြမ်းဖက် စစ်ကောင်စီတပ်များ အသုံးပြုနေသည့် ‘မြေလှန်စနစ်’ နည်းဗျူဟာသည် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဆုံးရှုံးစေသည့်တိုင် ၄င်းတို့အား ဆန့်ကျင်နေသူများကို ချေမှုန်းရန် စစ်အာဏာရှင်များမှ အသုံးပြုမည်ကို ပြသနေသည်။