နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း AAPP ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းမှ စတင်၍ လူပေါင်း ၁၃၉၃ ဦး ကျဆုံးခဲ့ပြီး ၁၁,၂၉၆ ဦးဖမ်းဆီးခံခဲ့ရကာ ၈၀၀၀ ကျော်သည် ယနေ့ထက်တိုင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ထုတ်ပြန်ချက်အရ ဒီဇင်ဘာတစ်လ တည်းမှာတင် အရပ်သားပြည်သူ ၅ ဒါဇင်ကျော် အသတ်ခံခဲ့ရပြီး အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သောင်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည့်ကာလအတွင်း အမျိုးသမီး ၁၀၀ နီးပါး အသတ်ခံခဲ့ရသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ထုတ်ပြန်ခဲ့သည်။

မြန်မာပြည်သူများအတွက် ငြိမ်းချမ်းရေးအလားအလာသည် မကြားသေးခင် ကာလများထက်ပင် ပို၍ ဝေးကွာနေသည်။ မအောင်မြင်သော စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက် စစ်အာဏာရှင်သည် လူငယ်တို့၏ မျှော်လင့်ချက်နှင့် အိပ်မက်များကို ရိုက်ချိုးပစ်ခဲ့ပြီး မတည်ငြိမ်မှုနှင့် စိုးရိမ်မှုများကို တိုးလာစေသည်။ အာဏာသိမ်းစစ်တပ်မှ အကြောက်တရားများဖြင့် လွှမ်းမိုးရန်လုပ်ဆောင်နေသော်လည်း အရပ်သားပြည်သူများ၊ ခုခံတော်လှန်တိုက်ခိုက်သူများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ အသက်အရွယ်မရွေး၊ ကျား မနှင့် လူမှုစီးပွားနောက်ခံ အခြေခံသောသူများအားလုံးတို့၏ တော်လှန်သည့် စိတ်ဓါတ်သည် ပျက်ပြားသွားခြင်းမရှိပါ။

ပြီးခဲ့သည် ၁၁ လတာကာလအတွင်း တွေ့မြင်ရသည့် ခုခံတော်လှန်ရေးသည် မြန်မာပြည်သူတို့၏ စွမ်းအားနှင့် ရဲစွမ်းသတ္တိတို့ကို ကိုယ်စားပြုသည့် စံနမူနာဖြစ်သည်။ သို့သော်လည်း ဆိုးရွားပြင်းထန်သော အကြမ်းဖက်မှုကြား နိုင်ငံတကာအသိုင်းအဝိုင်းသည် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် အလွန်နှေးကွေးလွန်းလှသည်။ ဒါဇင်နှင့်ချီသော ထုတ်ပြန်ချက်များ၊ ရှုံ့ချမှုများ ထုတ်ပြန်မှုများရှိခဲ့သော်လည်း အရေးယူဆောင်ရွက်မှုများ မရှိခဲ့ပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ပြုလုပ်ခဲ့သော တံခါးပိတ်အစည်းအဝေးများသည် အကျပ်အတည်းနှင့် အရေးပေါ်အခြေအနေတို့ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်။

နှစ်ကုန်လာခဲ့သော်လည်း တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ လျော့ပါးသွားခြင်းမရှိပါ။ ဆန့်ကျင်ဘက်အားဖြင့် အကြမ်းဖက်စစ်တပ်၏ လေကြောင်းနှင့်မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ ထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ကို တွေ့ရှိရသည်။ နယ်စပ်ဒေသသို့ အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ရန် ထွက်ပြေးတိမ်းရှောင်စဉ် အမျိုးသမီး၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများပါဝင်ပြီး အစားအသောက်၊ အမိုးအကာ နှင့် အဝတ်အစားများ လုံလောက်မှုမရှိပါ။

ကရင်ပြည်နယ်တွင် ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် စစ်အစိုးရက လေးကေကော်ကျေးရွာအနီးတွင် လေကြောင်းမှ တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သည်။ “တိုက်ခိုက်မှုတွေ ထပ်ဖြစ်လာနိုင်ခြေ မြင့်မားလာနိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သတိပေး ထုတ်ပြန်ခဲ့သည်။ KNU အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများမှလည်း မြန်မာနိုင်ငံတွင် စနစ်တကျနှင့် နေရာအနှံ့ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းများကို စုပေါင်းဖြေရှင်းရန် တိုက်တွန်းထားသည်။

နှစ်သစ်သည် အရေးယူမှုနှင့် တာဝန်ခံမှုရှိရန် အတွက် အသစ်တဖန်မွေးဖွားလာသည့် အခွင့်အရေးဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် လိုအပ်သည်ထက်ပို၍ သည်းခံနိုင်စွမ်းရှိသော မြန်မာပြည်သူများအတွက် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန် မပျက်ကွက်သင့်ပေ။ အချိန်ကိုမဖြုန်းတီးသင့်သလို စစ်အာဏာရှင်များ၏ အဆုံးမရှိသော စစ်ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် တာဝန်ခံရန် စစ်မှန်၍ အဓိပ္ပါယ်ရှိသော ခြေလှမ်းများ လှမ်းရမည် ဖြစ်သည်။

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ

ကရင်ပြည်နယ်

ကရင်ပြန်နယ်တွင် အကြမ်းဖက်မှုများ တစ်နှစ်ပတ်လုံး အခါအားလျော်စွာဖြစ်ပွားနေပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ လတ်တလောတွင် အကြမ်းဖက်မှုများ ပိုများလာနေသည်။ ကရင်ငြိမ်းချမ်းရေးထောက်အကူပြုကွန်ရက်၏ အဆိုအရ ထိုင်းအာဏာပိုင်များသည် ပစ်ခတ်သံကြားမှ စစ်ဘေးဒုက္ခသည်များကို နယ်စပ်ဖြတ်ကျော်ခွင့်ပြုထားသောကြောင့် စစ်ဘေးဒုက္ခသည်၏ အရည်အတွက်မှာ အတက်အကျရှိနိုင်သည်။ ခဏတာခိုလှုံပြီးနောက် စစ်ဘေးရှောင်များသည် ကရင်ပြည်နယ်တွင်းသို့ ပြန်ရန် ဖိအားပေးခံရသည်။

ထိုင်းနိုင်ငံတွင်း လက်ရှိ နေရာအသီးသီးတွင် ခိုလှုံနေကြသော နောက်ဆုံးရ ဒုက္ခသည် အရေအတွက်မှာ ၅၀၀၀ ခန့် ရှိသည်။ သို့သော်လည်း အကြမ်းဖက်မှုမှ ထွက်ပြေးလာသူများကို ပြန်ပို့ရန် ထိုင်းအာဏာပိုင်များက သိသိသာသာဖိအားပေးနေသည်ဟု မြေပြင်သတင်းများက ဖော်ပြသည်။ စစ်ပွဲဇုန်မှ ထွက်ပြေးလာသော အပြစ်မဲ့ အရပ်သားများကို အန္တရာယ်ရှိသော ပတ်ဝန်းကျင်သို့ ပြန်ပို့ခြင်းသည် ဥပဒေမဲ့သောလုပ်ရပ်ဖြစ်သည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ၏ အဖွဲ့၀င်အဖွဲ့စည်းဖြစ်သော မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေရှင်း (HURFOM)၏ အစီရင်ခံစာအရ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ဒါလီကျေးရွာတွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။  အနည်းဆုံး အိမ်ထောင်စု ၆၀ နှင့် ကျေးရွာသား ၂၄၀ ခန့် KNU ထိန်းချုပ်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။​

စစ်ကိုင်းတိုင်းဒေသကြီး

အင်တာနက်ဖြတ်တောက်မှုနှင့် အရေးပေါ်လိုအပ်နေသည့် လူသားချင်စာနာမှုအကူအညီများကို တားဆီးပိတ်ဆို့နေသည့်ကြား အာဏာသိမ်းစစ်တပ်၏ နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် လူပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရသည်။ ဒီဇင်ဘာလ ၂၈ ရက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။​ လေကြောင်းနှင့် မြေပြင်ဆက်လက်တိုက်ခိုက်မှုများကြောင့် အရပ်သား ၂၀ ဦးသေဆုံးခဲ့ရပြီး ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်နေသော စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများမှ လက်တုံ့ပြန် တိုက်ခိုက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် လွန်ခဲ့သည့်ရက်များအတွင်း ရဟတ်ယာဥ်ဖြင့် လာရောက်တိုက်ခိုက်ပြီးနောက် မမှတ်မိနိုင်လောက်အောင် မီးလောင်ကျွမ်း ပျက်ဆီးနေသော ရုပ်အလောင်းများကို တွေ့ရှိခဲ့သည်။ သေဆုံးသူ ခုနစ်ဦးတွင် အမျိုးသမီး နှစ်ဦး ပါဝင်ကြောင်း သိရသည်။ အချို့သော ရုပ်အလောင်းများကို ပျက်စီးဆုံးရှုံးသွားသော နေအိမ်အနီးတွင် မြေမြုပ်လျက်သား တွေ့ရှိရသည်။ နိုင်ငံတ၀ှမ်း အညှာတာကင်းမဲ့ကာ အကြမ်းဖက် တိုက်ခိုက်မှုများထဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ အရပ်သားသေဆုံးမှုနှုန်း တိုးလာသောကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ကာ လက်ရှိအကျပ်အတည်းတွင် ကြောက်မက်ဖွယ်ကောင်းသော ဆုံးရှံးပျက်ဆီးခြင်းများကို ထပ်တိုးစေသည်။

ရှမ်းပြည်နယ်

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာမှ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံခဲ့ရသော ကျေးရွာသားများထဲမှ နှစ်ဦး သေဆုံးခဲ့သည်။ အသက် ၆၇ နှစ်နှင့် ၄၉ နှစ်ကြားရှိ အမျိုးသားနှစ်ဦးသည် အောက်တိုဘာလကုန်တွင် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည့် ရွာသား ၁၉ ဦးတွင် ပါဝင်ခဲ့သည်။ ၎င်းတို့၏ကျေးရွာသို့ စစ်တပ်မှ ဝင်ရောက်စီးနင်းစဉ် သေဆုံးသူ နှစ်ဦးသည် သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ရန် ရွာတွင် ကျန်ရစ်ခဲ့သူများဖြစ်သည်။ အကြမ်းဖက်စစ်တပ်သည် မတရားဖမ်းဆီးခြင်းနှင့် နေအိမ်မွှေနှောက်ရှာဖွေ ခိုးယူခြင်းအပါ၀င် နယ်မြေရှင်းလင်းရေးများကိုလုပ်ဆောင်နေသောကြောင့်  သေဆုံးသွားသူနှစ်ဦး၏ ရုပ်အလောင်းများကို မိသားစု၀င်များထံ ပြန်ပေးခြင်းမရှိပါ။

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရစဥ် အရပ်သားပြည်သူများများ ညှဉ်ပမ်းနှိပ်စက်ခံရမှုများ တိုးလာပြီး ကျောင်းဆရာ တစ်ဦးအပါ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့၀င် ဇနီးမောင်နှံ သေဆုံးခဲ့သည်ဟု အစီခံစာများအရ သိရှိရသည်။ဤကဲ့သို့ ရက်စက်ယုတ်မာသောလုပ်ရပ်များကို အကြမ်းဖက်စစ်အာဏာရှင်အား ဆန့်ကျင်ခုခံတော်လှန်နေများတွင် စစ်ကောင်စီမှ ကျူးလွန်လျက်ရှိသည်။