
“ထောင်ရှေ့သွားစောင့်တော့ သူ့ကို(ဦးလွင်မောင်မောင်)ကို လွှတ်မယ့်ပုံစံနဲ့ တခြားလွှတ်မယ့်သူတွေနဲ့ အတူမြင်လိုက်တယ်။ ဒါပေမယ့် ကျန်တဲ့သူတွေကိုလွှတ်ပြီး သူအပါအဝင် ၁၀ ယောက်ကို မလွှတ်ဘဲ ထောင်အဝကနေ ရဲစခန်းကိုတန်းခေါ်သွားတာ။ ဘာကြောင့်မှန်းလဲမသိရဘူး။ ရဲစခန်းအထိ ကျွန်တော်တို့လည်းလိုက်သွားတော့ ဟိုရောက်တော့ လူတစ်ယောက်စခန်းရှေ့ကထွက်လာတယ် ရုတ်ရုတ်နဲ့မလုပ်နဲ့ဆိုပြီးအော်တာ မိသားစုဝင်တွေစောင့်ကြတာ စကားပြောခွင့်တောင်မရဘူး။ ကျွန်တော်လည်းမိုးချုပ်တော့အဝေးကြီးပြန်ရမှာမို့ ဆက်မစောင့်တော့ပဲပြန်လာတာ”ဟု ၎င်းက မဇ္ဈိမကိုပြောသည်။
ယနေ့အကြမ်းဖက်စစ်ကောင်စီမှ မိတ္ထီလာအကျဉ်းထောင်အတွင်း နိုင်ငံရေအကျဉ်းသား အမျိူးသား ၃၄ ဦးနှင့် အမျိူးသမီး ၄ ဦး ပြန်လွှတ်မည်ပေးရာ အဆိုပါ ၃၈ ဦးအနက် ၂၈ ဦးသာပြန်လွှတ်ပြီး ဦးလွင်မောင်မောင်အပါအဝင် NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးအား ရဲစခန်းသို့ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ပြန်လွတ်မြောက်လာသည့် အမျိူးသမီးတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ထို ၁၀ဦးမှာ NLD ပါတီဝင်များ နှင့် နိုင်ငံရေးအတွေ့အကြုံရှိသူများဟု သိရပြီး အသေးစိတ်ကိုမူ မသိရှိရပေ။
ဦးလွင်မောင်မောင်ကို မြို့မရဲစခန်းမှ မတ်လအတွင်း ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ခဲ့သည်။ ထို့ကြောင့် တိမ်းရှောင်နေရာ ဇနီးနှင့်ကလေးဖြစ်သူတို့ ယောက္ခမနေအိမ်သို့သွားနေစဉ်အခိုက်အတန့် နေအိမ်တွင် ၎င်းမိခင် တစ်ဦးတည်း ကျန်ရှိခဲ့သောကြောင့် ခေတ္တပြန်လာချိန် ဧပြီ ၂၈ရက် ညတွင် စစ်ကောင်စီက ဖမ်းဆီးကာ မိတ္ထီလာထောင်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။