မိုဟစ်အူလာ လုပ်ကြံခံရမှု ရိုဟင်ဂျာ ငါးယောက်ကို ထပ်ဖမ်းထား

လုပ်ကြံခံရတဲ့ ရိုဟင်ဂျာဒုက္ခသည်ခေါင်းဆောင် ဦးမိုဟစ်အူလာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းမှာ၂ဝ၁၉ ခုနှစ်က တွေ့ရစဉ်Photo: Reuters

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဆက်ဘဇားက ဒုက္ခသည်စခန်းတစ်ခုမှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ မိုဟစ်အူလာ ကိစ္စနဲ့ပတ်သက်လို့ ရိုဟင်ဂျာ ငါးယောက်ကို ဘင်္ဂလားဒေ့ရှ်ရဲက မနေ့ကဖမ်းလိုက်တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
သူတို့ထဲက နှစ်ယောက်ကို တရားရုံးထုတ်လာပြီး သုံးရက်ကြာ စစ်ဆေးမေးမြန်းဖို့ ရမန်ယူခဲ့တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်က ပြောပါတယ်။ ဒါပေမဲ့ ကျန်တဲ့သုံးယောက်ကိုတော့ တရားရုံးထုတ်တာ မရှိသေးပါဘူး။
အသက် ၂၈ အရွယ် ရိုဟင်ဂျာတစ်ယောက်ကိုလည်း ပြီးခဲ့တဲ့သတင်းပတ်ထဲက ဖမ်းထားတဲ့အတွက် ဒီအမှုအတွက် ဖမ်းထားတဲ့သူ အခုဆိုရင် စုစုပေါင်း ခြောက်ယောက်ရှိနေပါပြီ။ သူတို့အားလုံးကို ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်မှုတွေရှိ၊ မရှိ စစ်ဆေးမေးမြန်းနေတယ်လို့ ဆိုပါတယ်။
သူတို့ထဲက အသက် ၃၅ နှစ်အရွယ် မိုဟာမက်အီလီယက်စ်က အာဆာအဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ဖူးပြီး မိုဟစ်အူလာကို ဇွန်လက ခြိမ်းခြောက်ဖူးတယ်လို့လည်းဆိုပါတယ်။ အခုဆိုရင် စခန်းကို လုံခြုံရေး ပိုချထားပေမယ့်လည်း မိုဟစ်အူလာရဲ့မိသားစုတွေက အပြင်မထွက်ရဲသလို၊ သူ့အဖွဲ့ထဲက ခေါင်းဆာင် ၁၀ ယောက်လောက်ကလည်း အသက်အန္တရာယ်ကြောက်ပြီး ပုန်းအောင်းနေကြတယ်လို့ သိရပါတယ်။