မြန်မာနိုင်ငံမှာ ကလေးငယ်တွေအပါအဝင် ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကျည်အစစ်တွေနဲ့ အင်အားသုံး နှိမ်နှင်းနေတဲ့အပေါ် ကုလသမဂ္ဂအဖွဲ့အစည်းအတွေနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ချက် တွေမြင့်တက်လာနေပါတယ်။
“ ကလေးငယ်တွေအပေါ်မှာတောင် မြန်မာစစ်တပ်က ကျည်အစစ်တွေနဲ့ သုံးပြီး ဆက်လက် နှိမ်နှင်းနေတဲ့အတွက် မြန်မာရောက် ကုလသမဂ္ဂဝန်ထမ်းတွေက အလွန်စိုးရိမ်နေကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ကလေးငယ်တွေနဲ့လူငယ်လူရွယ်တွေ ထိခိုက်စေမယ့်နည်းလမ်းတွေနဲ့ အကြမ်းဖက်တာမျိုး မလုပ်ဖို့ မြန်မာ ကုလသမဂ္ဂအဖွဲ့က ဆက်ပြီးတိုက်တွန်းတောင်းဆိုပါတယ်။ ဧပြီလ ၁၃ ရက်နေ့က UNICEF ရဲ့ထုတ်ပြန်ချက်အရ လုံခြုံရေးတပ်ဖွဲ့ရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ကလေးငယ် ၅၁ ယောက်ထက်မနည်းရှိပြီး မဆင်မခြင်ဖမ်းဆီးခံထားရသူတွေထဲမှာ အရွယ်မရောက်သေးတဲ့သူ ၁၀၀၀ ထက်မနည်းပါဝင်တာကိုတွေ့ရပါတယ် “ လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးပြောခွင့်ရသူ Stephane Dujarric က နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက မြန်မာနိုင်ငံတွင်းက အခြေအနေကို ဆီးရီးယားနိုင်ငံနဲ့ နှိုင်းယှဉ်ပြောဆိုလိုက်တဲ့နေ့ထဲမှာပဲ ကုလအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ Dujarric ရဲ့ပြောဆိုချက် ထွက်လာတာလည်း ဖြစ်ပါတယ်။ မြန်မာစစ်တပ်က သူ့ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတာကို နိုင်ငံတကာက ထိထိရောက် မဟန့်တားဘူးဆိုရင် ဆီးရီးယားနိုင်ငံမှာ ၂၀၁၁ ခုနှစ်က ကြုံတွေ့ရတဲ့ ဘေးဒုက္ခအန္တရာယ်မျိုး၊ လူတွေ သန်းနဲ့ချီဘေးဒုက္ခ ရောက်ရတဲ့ အမှားတွေ ထပ်ကြုံရလိမ့်မယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က ဧပြီလ ၁၃ ရက်နေ့မှာပဲ သတိပေးထားပါတယ်။ ဆီးရီးယားမှာ ပေါ်ပေါက်ခဲ့သလို သွေးထွက်သံယိုအမှားမျိုးတွေ ဘယ်နေရာမှာမှ ထပ်ပြီးပေါ်ပေါက်မလာအောင် နိုင်ငံတွေအနေနဲ့ ဝိုင်းဝန်း ဟန့်တားကြဖို့လည်း ကုလမဟာမင်းကြီးက ကြေညာချက်ထုတ် တိုက်တွန်းထားတာဖြစ်ပါတယ်။