မန္တလေးတိုင်း စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်နှစ်ခု ထိစပ်နေရာ ကျေးရွာတွေမှာ မတ်လ ၁၅ ရက်နေ့ ညနေပိုင်းကစပြီး စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ်ခဲ့တာကြောင့် လူ ၅ ဦး ကျဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်းက ချောင်းကြီးကျေးရွာမှာ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ရင်ဘက်ကျည်ထိကာ ကျဆုံးခဲ့ပြီး အဆိုပါကျေးရွာက ကလေးငယ်တစ်ဦး လည်း လက်ကို ကျည်ထိမှန်ကာ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကားလမ်းတလျှောက် ရွှေ့လျားသွားတဲ့ စစ်သားတွေပါတဲ့ကားပေါ်ကနေ ပစ်ခတ်သွားတာကြောင့် ကျောက်ဖြူကျေးရွာအနီးမှာ ဒေသခံသုံးဦး ကျည်ထိမှန်ခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူနှစ်ဦးကို သပိတ်ကျင်းမြို့နယ် ကုတင်၁၀၀ စစ်ဆေးရုံမှာ ခေါ်ယူကုသပေးနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

ကားလမ်းတလျှောက် စဉ့်ကူးမြို့နယ်အတွင်း ပစ်ခတ်ခဲ့တာတွေကြောင့် ကျည်တောက်ပေါက် ကျေးရွာက နှစ်ဦးကျဆုံးခဲ့ပြီး ရှစ်ဦး လောက် ဒဏ်ရာရရှိခဲ့သလို နွယ်ရုံကျေးရွာက တစ်ဦးနဲ့ ကံပျိုကျေးရွာမှာလည်း တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကျေးရွာတွေမှာလည်း ထိခိုက် ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ အဆိုပါ ကျေးရွာတွေကို စစ်တပ်က ထပ်မံသွားရောက်နေပြီး တပ်စွဲထားတာတွေရှိနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

DVB News