ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ မတ်လ ၇ ရက် ညပိုင်းက စစ်တပ်နဲ့ရဲတွေက သေနတ်တွေ အသံဗုံးတွေနဲ့ လိုက်လံ ခြိမ်းခြောက် ပစ်ခတ် ရပ်ကွက်တွေထဲကိုလည်း စစ်ကားတွေနဲ့ ဝင်ရောက်ပြီး လူတွေကို လိုက်လံ ဖမ်းဆီးတာတွေပြုလုပ်ခဲ့ပါတယ်။
မနေ့ညနေက ဆေးရုံတွေနဲ့ ကျောင်းတွေမှာ စစ်တပ်တွေ ဝင်ရောက်တပ်ချပြီးနောက်မှာ ညပိုင်း ၉ နာရီလောက်ကနေ သန်းခေါင် ၁၂ နာရီကျော်လောက်အထိ လှည့်လည် ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာပါ။
ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ အလုံ၊ စစ်ချောင်း၊ လှိုင်၊ ကမာရွတ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ အင်းစိန် စတဲ့ ရန်ကုန်တမြို့လုံး လိုလိုမှာ သေနတ်သံတွေ ကြားနေရပြီး တာမွေမြို့နယ် ဘက်မှာ စက်သေနတ်နဲ့ အတွဲလိုက်ပစ်သံတွေပါကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လှိုင်မြို့နယ်မှာတော့ အန်အယ်လ်ဒီ ပါတီဝင် ဦးပီတာကို စစ်သားနဲ့ ရဲတွေက နေအိမ်ကို ဝင်ရောက်ဖျက်ဆီးပြီး သေနတ်နဲ့ ချိန်ကာ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သားဖြစ်သူ အယ်အယ်လ်ဒီ လွှတ်တော်အမတ် ဦးစည်သူမောင်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်။
တာမွေမြို့နယ် ကျောက်မြောင်း အောင်မင်္ဂလာလမ်းမှာတော့ ရပ်ကွက်ထဲက လူငယ်လူလတ်ပိုင်း ၂ ဦး ရဲ့နေအိမ်ကို စစ်တပ်နဲ့ ရဲက ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာလည်း ညဘက် ရဲနဲ့ စစ်တပ်က ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။
Photo- Credit – မူလပိုင်ရှင်