အကြိမ်ကြိမ်ဖြိုခွင်းခံရပြီး ပြန်လည်စုစည်းနိုင်ခဲ့သည့် ရန်ကုန် မြောက်ဥက္ကလာမြို့နယ်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စခန်းများတွင် အကြမ်းဖက် ဖြိုခွင်းခံရမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅၀ ကျော် ရှိသည်ဟု မြို့နယ် အခြေစိုက် လှုမှုကူညီရေး အသင်းများရှိ အချက်အလက်များအရ သိရသည်။

ယမန်နေ့(မတ် ၃) ရက်နေ့မနက်ပိုင်းက စတင်ခဲ့သည့် မြောက်ဥက္ကလာ အဝိုင်းနှင့် မြောက်ဥက္ကလာ ကန်သာယာ ပန်းခြံ အနီးရှိ သပိတ်စခန်းများသည် နေ့လည်ပိုင်းတွင် အကြမ်းဖက် ဖြိုခွင်းခံခဲ့ရပြီးနောက် ဆန္ဒပြသူများသည် အမှတ် (၃)လမ်းမပေါ်ရှိ နွယ်နီမှတ်တိုင် အနီးတွင် အရန်အတားများ ထပ်မံ ပြုလုပ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။

ထိုသပိတ်စခန်းကို ဖြိုခွင်းရန် ရဲနှင့်စစ်တပ် အင်အားအများအပြားရောက်ရှိလာခဲ့ပြီး ရပ်ကွက်နေပြည်သူများက ၎င်းတို့ကို ပြန်လည် ဝိုင်းရံခဲ့သည်။ ထိုသို့ ပေးထွက်တော့သည့်အခါတွင် ရဲနှင့်စစ်တပ်က လူထုအား အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူ အများအပြား သေဆုံး၊ဒဏ်ရာ ရခဲ့ခြင်းဖြစ်သည်ဟု မြောက်ဥက္ကလာပ မြို့နယ် အခြေစိုက် လူမှုကူညီရေး အသင်းတစ်ခုဖြစ်သည့် we love northokkalapa အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“နေရာတင် ပွဲချင်းပြီး ၄ ယောက်သေသွားပါတယ်။ကျွန်တော်တို့ သိရသလောက် သေဆုံးလူနာ ၁၀ ဦးကျော်ကိုပဲ အတည်ပြုနိုင်ပြီး dead body ကိုလည်း ဆေးရုံကြီးပဲ ပို့ပေးပါတယ် ” ဟု ၎င်းက ထို အကြမ်းဖက်မှု ဖြစ်ပွားပြီး နာရီပိုင်း အကြာတွင် ပြောသည်။

စစ်တပ်နှင်ရဲ ပူးပေါင်းအဖွဲ့များ အကြမ်းဖက်နှိမ်နှင်းရာတွင် ဆန္ဒပြသူများကိုသာမကဘဲ လူနာတင်ယာဉ်များကိုပါ ဖျက်ဆီးခဲ့ပြီး မြို့နယ်အခြေစိုက် မွန်မြတ်စိတ်ထား လူမှုကူညီရေးအသင်းမှာ လူနာတင်ယာဉ်တစ်စင်း ဖျက်ဆီးခြင်း ခံခဲ့ရသည်။

156409081_2040999822714412_7375037252011467617_o-2.Jpg

မတ်လ ၃ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး မြောက်ဥက္ကလာပမြို.နယ်ရှိ ဆန္ဒပြပြည်သူများ။

ထို့ပြင် မြို့နယ် အခြေစိုက် လူမှုကယ်ဆယ်ရေး ဝန်ထမ်းများလည်း စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့၏ အကြမ်းဖက်မှုကြောင့် ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့သည်ဟု လူမှုကူညီရေး အသင်း တာဝန်ရှိသူများက ဆိုသည်။

We Love Narthokkalapa အဖွဲ့မှ ဒဏ်ရာရရှိသူကို သွားရောက်ခေါ်ဆောင်ရင်း ပိတ်မိနေသူ လူနာတင် ယာဉ်မောင်း လူငယ်တစ်ဦးနှင့်ဒဏ်ရာရရှိသူများကို စောင့်ရှောက်ပြုစုပေးသူ လူငယ်တစ်ဦးတို့ကိုလည်း လူနာတင်ယာဉ်ပေါ်မှ ဆင်းခိုင်းပြီး အကြမ်းဖက်ရိုက်နှက် ပစ်ခတ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိရသူ ဂန္ဓလူမှုကယ်ဆယ်ရေး အသင်း တာဝန်ရှိသူက ပြောသည်။

“ကားပေါ်ကဆင်းခိုင်းပြီး ကားမောင်းတဲ့ ကောင်လေးရယ် နောက်တစ်ယောက်ရယ်ကို ထိုးတယ်။နောက်တစ်ယောက်ကိုတော့ ပေါင်ကို ချိန်ပြီး သေနတ်နဲ့ ပစ်သွားတယ်” ဟု ၎င်းက ပြောသည်။

မြို့နယ် အခြေစိုက် လှုမှုကူညီရေးအသင်း အသီးသီးမှ လူနာတင်ယာဉ်များ၊ကိုယ်ပိုင် ကားများကို အသုံးပြုပြီး ဒဏ်ရာရရှိသူ သေဆုံးသူများကို ပို့ဆောင်ပေးခဲ့ရပြီး ခွဲစိတ်ခန်း ဝင်ရန်မလိုအပ်သည့် ဒဏ်ရာ ရရှိထားသူများကို ယာယီဆေးခန်းများ ဖွင့်လှစ်ပြီး ကုသပေးနေပြီး တိကျသည့် သေဆုံး၊ဒဏ်ရာရရရှိသူ စာရင်းကို မထုတ်ပြန်နိုင်သေးကြောင်း မြို့နယ် အခြေစိုက် လူမှု ကူညီရေး အသင်း တာဝန်ရှိသူများက ဆိုသည်။

ရဲနှင့်စစ်တပ်များနှင့် မျက်နှာခြင်းဆိုင် အနေအထားတွင်ရှိသည့် နောက်ဆုံးကျန်ရှိသည့် နွယ်နီ မှတ်တိုင် အနီးရှိ သပိတ်စခန်းမှာလည်း ည ၇ နာရီကျော်တွင် လူစုကွဲသွားခဲ့ပြီး အာဏာပိုင်များက ည သန်းခေါင်ယံ အချိန်ထိ ရပ်ကွက်အတွင်း ဝင်ရောက် ပစ်ခတ်နေဆဲဖြစ်သည်ဟု ထိုမြို့နယ်တွင်နေထိုင်သည့် သတင်းစာဆရာ တစ်ဦးက ပြောသည်။

ထိုသို့ ပစ်ခတ်ဖြိုခွင်းရာတွင် အာဏာပိုင်များက အင်အား အလွန်အကျွံသုံးစွဲခဲ့ပြီး စနိုက်ပါ သေနတ်များကိုလည်း အသုံးပြုခဲ့သည်ဟု ထိုမြို့နယ်တွင် နေထိုင်သည့် ဆန္ဒပြသူ တစ်ဦးဖြစ်သည့် ကိုအောင်က ပြောသည်။

ထို အကြမ်းဖက် ဖြိုခွင်းမှုတွင် ဖမ်းဆီးခံရသူ ရာဂဏန်းခန့် ရှိနိုင်ပြီး ရဲနှင့်စစ်တပ် ပူးပေါင်း အဖွဲ့ဝင်များလည်း ဒဏ်ရရှိခဲ့ပြီး တိကျသည့် ကိန်းဂဏန်းများကို အတည်မပြုနိုင်သေးပေ။

ယမန်နေ့ (မတ် ၃) နေ့က ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စခန်းများကို ရဲနှင့်စစ်တပ် ပူးပေါင်း အဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး မြောက်ဥက္ကလာပ မြို့နယ်ရှိ သပိတ်စခန်းများမှာ သေဆုံးမှုနှင့်ဒဏ်ရာ ရရှိမှု အများဆုံး ဖြစ်သည်။

ရန်ကုန် ပါရမီလမ်းရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စခန်းကိုလည်း ရဲနှင့်စစ်တပ် ပူးပေါင်း အဖွဲ့ဝင်များက ညှပ်ပူး၊ညှပ်ပိတ် ဖြိုခွင်းခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာပြင်းထန်သူ တစ်ဦးရှိခဲ့သည်။

ယမန်နေ့ (မတ် ၃) က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြိုခွင်းရာတွင် မုံရွာတွင် ၅ ဦး၊မန္တလေးတွင် ၃ ဦး၊ကလေးမြို့တွင် ၁ ဦး သေဆုံးခဲ့ရသည်။

ထိုနေ့ တစ်ရက်တည်းတွင် ဆန္ဒပြသူ ၃၀ ဦးထက်မနည်း အကြမ်းဖက်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည်ဟု ယူဆရပြီး တိကျသည့် အချက်အလက်များကို ရရှိရန် ဒေသအခြေစိုက် လူမှုကူညီရေး အဖွဲ့များနှင့် ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မတ် ၂ အထိ စာရင်းများအရ စစ်ကောင်စီမှ ဖမ်းဆီး၊ တရားစွဲဆို၊ ထောင်ချခြင်းခံထားရသူ ၁၂၉၄ ဦး ရှိနေပြီ ဖြစ်သည်။

Myanmar Now