ရက်စွဲ မတ်လ ၂ ရက်၊ ၂၀၂၁ ခုနှစ်

ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြု အပ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၂ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၂၉၄) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၆၁) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၀၆) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၉၈၈) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။  ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ မတရားအကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ (၃၀) ဝန်းကျင်ခန့်ရှိနေပြီဖြစ်သည်။

ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၁၆) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ သို့သော်လည်း ရန်ကုန်မြို့အပါအဝင် အခြားဒေသအသီးသီး၌ ပြည်သူအယောက် ငါးဆယ် ဝန်းကျင်သည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့်အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့သည် တော်လှန်ရေးကောင်စီမှ စစ်အာဏာသိမ်းယူခဲ့သောနေ့ဖြစ်သည်။ ကြားကာလများတွင် လည်း စစ်အစိုးရအဆက်ဆက်အုပ်ချုပ်လာခဲ့သည်မှာ ၂၀၁၅ ခုနှစ်ထိတိုင်ဖြစ်သည်။ နှစ်ပေါင်း ၅၉ နှစ် ကြာမြင့်ပြီးသည့် နောက်တွင် စစ်တပ်မှ တတိယအကြိမ်မြောက် အာဏာသိမ်းမှုထပ်မံ၍ ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ စစ်အုပ်စုမှ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရထံမှ နိုင်ငံ့အာဏာကို တရားမဝင်သောနည်းဖြင့် မတရား သဖြင့် ပြန်လည်သိမ်းယူခဲ့သည်။ ထို့ကြောင့် ယနေ့မျက်မှောက်ကာလတွင်လည်း နယ်ပယ်အသီးသီး၊ အလွှာအသီးသီးမှ ပြည်သူများသည် စစ်အာဏာရှင်ကို နည်းလမ်းအမျိုးမျိုး အသုံးပြု၍ ဆက်လက် ဆန့်ကျင်တိုက်ပွဲဝင်နေကြရသည်။ အာဏာသိမ်းစစ်အုပ်စုမှလည်း စစ်အစိုးရ အဆက်ဆက်အသုံးပြုလာခဲ့သည့် နည်းလမ်းများအတိုင်း ပြည်သူလူထုကို ရက်စက်စွာဖြင့် အကြမ်းဖက် ဖြိုခွင်းမှုများကို ဆက်တိုက်ဆိုသလိုပြုလုပ်လာခဲ့သည်။

နောက်ပိုင်းတွင် ယနေ့ဖြစ်စဉ်များအပေါ်  ပြည်သူလူထု နှင့် နိုင်ငံတကာသို့ အချိန်နှင့်တပြေးညီ သတင်းယူ၍ တင်ပြလျက်ရှိ သည့် သတင်းထောက်များနှင့် သတင်းမီဒီယာများကို ပစ်မှတ်ထား၍ နှိပ်ကွပ်ခြင်းများ ပြုလုပ်လာသည်ကို တွေ့ရှိရသည်။ ထို့အပြင် “အာဏာသိမ်းအစိုးရ” ဟူသော အသုံးအနှုန်းမျိုးအသုံးမပြုရန်နှင့် ဆက်လက်အသုံးပြုနေပါက ထုတ်ဝေခွင့်ပိတ် မည်ဟုလည်း စစ်အုပ်စုက ခြိမ်းခြောက်ခဲ့သည်။ ထိုကဲ့သို့ နှိပ်ကွပ်ရာတွင် ရဲနှင့် စစ်သားများမှ သေနတ်၊ တုတ်စသည်တို့ကိုအသုံးပြု၍ အုပ်စုဖွဲ့ ရိုက်နှက် ကန်ကြောက်၍ လူမဆန်စွာ ဖမ်းဆီးခြင်း၊ အနာတရဖြစ်စေသည့် လက်နက်များကိုအသုံးပြု၍ ပစ်ခတ်ဖမ်းဆီးခြင်းစသည့် အကြမ်းဖက် နည်းလမ်းများကို အသုံးပြုလျက်ရှိသည်ကို တွေ့ရှိရပါသည်။ မတ်လ ၁ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့အခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းထောက် ကိုကောင်းမြတ်လှိုင် (ခ) ကိုအောင်ကျော်ကို အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုကဲ့သို့ဖမ်းဆီး ရာတွင် သုံးလွှာရှိ ၎င်း၏အိမ်ကို ခဲများ၊ သေနတ်များဖြင့် တရစပ် ပစ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ သတင်းသမားများကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်ခြင်းသည် သတင်းမှန်စီးဆင်းမှုအား ဖြတ်တောက်ခြင်းဖြစ်သည်။ အထူးသဖြင့် အာဏာသိမ်းစစ်အုပ်စုမှ လက်ရှိမြေပြင်၌ ဖြစ်ပွားလျက်ရှိသည့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်မှန်ကို ဖုံးကွယ်လိုသည့်အတွက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သတင်းထောက်များ၌ သိသာထင်ရှားသည့် အမှတ်တံဆိပ်ရှိပါက အကြမ်းဖက် ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်ခြင်းခံနေရသည့်အခြေအနေဖြစ်ပေါ်နေသည်။ နိုင်ငံတကာ၌ ဆန္ဒထုတ်ဖော်ပွဲ များတွင် သတင်းသမားများကို ဖမ်းဆီးခြင်းမရှိသော်လည်း မြန်မာနိုင်ငံတွင်မူ သတင်းသမားများသည် အချိန်မရွေးဖမ်းဆီး ခံရနိုင်သောအခြေအနေကိုရင်ဆိုင်နေကြရသည်။ မြန်မာနိုင်ငံ၏ သတင်းမီဒီယာဥပဒေ ပုဒ်မ ၇(က) နှင့် (ခ) တို့တွင် “သတင်းသမားတစ်ဦး သည် သတင်းရယူစဉ်တွင် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း တစ်ရပ်ရပ်၏ဖမ်းဆီး ထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်း စသည့် သတင်းရယူခြင်းနှင့် သက်ဆိုင်သော ကိရိယာများကိုသိမ်းယူ ခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ်စေရမည်၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများရှိကယင်းတို့၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့် ရှိစေရမည်” ဟု ဖော်ပြထားသည်။ လက်ရှိအချိန်တွင် ဖမ်းဆီး၊ တရားစွဲဆိုခြင်းခံထားရသည့် သတင်းသမား (၃၄) ဦးအထိ ရှိပြီး ၎င်းတို့အနက်မှ (၁၅) ဦးသာ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထိုကဲ့သို့သတင်းသမားများကို ဖမ်းဆီး၊တရားစွဲဆို ထားခြင်းကို အပြင်းအထန်ရှုတ်ချပါ သည်။ ၎င်းတို့ကို ချွင်းချက်မရှိ ချက်ချင်းပြန်လည်လွှတ်ပေးရန်နှင့် ပြည်သူလူထုထံ မှန်ကန်တိကျသော သတင်းအချက်အလက်များ ဆက်လက်ပေးပို့နိုင်စေရန်မှာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထည့်သွင်းဖိအားပေးရန် လိုအပ်သည်။

ယနေ့နံနက်ပိုင်းကတည်းက ဒေသအသီးသီးမှ ပြည်သူများသည် စစ်အာဏာရှင်ကို ဆန့်ကျင်၍ ဆန္ဒထုတ်ဖော်မှုများကို ဆက်လက် ပြုလုပ်လျက်ရှိသည်။ စစ်အုပ်စုမှ အင်အားသုံး၍ တားဆီး ပိတ်ဆို့ခြင်း၊ မီးခိုးဗုံး၊ အသံဗုံးများ၊ ရေကားတို့ဖြင့် ဖြိုခွင်းခဲ့သည်သာမက ရာဘာကျည်၊ ကျည်အစစ် တို့ဖြင့် ပစ်ခတ်မှုများကို ပြုလုပ်ခဲ့သည်။ အထူးသဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ က‌လေးမြို့၌ ရဲ နှင့် စစ်တပ်တို့မှ ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သား (၇) ဦးသည် ကျည်ထိ               ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ အနက်မှ (၃) ဦးသည် စိုးရိမ်ရသည့်အခြေအနေတွင်ရှိကာ (၁၃) ဦးသည် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရန်ကုန်မြို့ရှိ လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ တာမွေ နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့၌လည်း အလားတူဖြိုခွင်းမှုများပြုလုပ်ခဲ့ပြီး ရာဘာကျည်ဖြင့်ပါပစ်ခတ်ခဲ့သည်။  ထို့ကြောင့် အရပ်သားပြည်သူ (၁၀) ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး (၁၃) ဦးခန့်သည် ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရသည်။ စမ်းချောင်းမြို့နယ်၌ စစ်သားများသည် နေရာအကွယ်များ၌ နေရာယူ၍ ဆန္ဒထုတ်ဖော် လျက်ရှိသော ပြည်သူများကို  G3 ရိုင်ဖယ်သေနတ်များဖြင့်ချိန်ရွယ်ထားသည်ကို တွေ့ရှိရသည်။ ဖြိုခွင်းမှုများ၌တွေ့ရှိရ သည်မှာ ရဲ နှင့် စစ်သားများက ပြည်သူများကို အလွန်အမင်း ရန်လိုသည့် အပြုအမူများကို ပြုမူကာ အင်အားသုံး၍ အငြိုးကြီးစွာဖြင့် ရိုက်နှက်ကန်ကြောက် နှိပ်စက်သည်ကို  တွေ့ရှိရသည်။ ဆန္ဒထုတ်ဖော်သောနေရာများကိုလည်း အကြမ်းဖက်နှိမ်နှင်းသည့် စစ်ဆင်ရေးများကဲ့သို့ ဖန်တီးထားသည်ကို တွေ့ရှိရသည်။ ၎င်းတို့မှ အချိန်မရွေးပစ်ခတ်နိုင်သော ကြောင့် ပြည်သူများ၏ အသက်အန္တရာယ် နှင့် လုံခြုံရေးမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်ရသည့်အခြေအနေဖြစ်သည်။ အာဏာသိမ်း စစ်အုပ်စုသည် ၎င်းတို့ကျူးလွန်ခဲ့သော များစွာသော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံရမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်းမှ အာဏာသိမ်းစစ်အုပ်စုကို ထိရောက်သော အရေးယူဆောင်ရွက်မှုများကို အမြန်ဆုံး လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုကဲ့သို့မလုပ်ဆောင်နိုင်သေးသရွေ့  ပြည်သူများ၏ အသက်အိုးအိမ်များကို ထိပါးနေဦးမည် ဖြစ်သည်။

၎င်းပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဝန်ထမ်းများကိုလည်း ပစ်မှတ်ထား၍ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ဖမ်းဆီးခြင်းတို့ကို အာဏာသိမ်းစစ်အုပ်စုမှ လုပ်ဆောင်လာသည်ကို တွေ့ရှိရသည်။ မတ်လ ၁ ရက်နေ့၌ CDM ၌ပါဝင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ  ဝန်ထမ်း ၁၂ ဦးသည် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ လှိုင်နယ်မြေ၌ တက္ကသိုလ်ပေါင်းစုံ ဆရာ၊ဆရာမများသပိတ်စစ်ကြောင်းပြုလုပ်မည့် စုရပ်၌ ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနမှ ဆရာ ဒေါက်တာ အာကာမိုးသူကို အိမ်ကား နှစ်စီးပေါ်မှ အရပ်ဝတ်များ ဆင်းလာပြီး သေနတ်ထောက်ဖမ်းဆီးခဲ့သည်။ ထို့နောက် ရဲကားများရောက်ရှိလာကာ သပိတ်စစ်ကြောင်းကို စုရပ်၌တင် ဖြိုခွင်းခဲ့သည်။

အုပ်ချုပ်ရေးယန္တရားကို ရပ်တန့်သွားစေမည့် ပြည်သူ့ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာခြင်းက အာဏာသိမ်းစစ်အုပ်စုအပေါ်  ပြင်းထန်သည့်ထိုးနှက်ချက်ဖြစ်သည်။ ထို့ကြောင့် စစ်အုပ်စုမှ CDM တွင်ပါဝင်သည့် ဝန်ထမ်းများကိုသာမက ၎င်းတို့ကိုပံ့ပိုးကူညီပေးသည့် ပြည်သူများကို ဖမ်းဆီးခြင်း၊ ဝရမ်းမပါဘဲ အိမ်အတွင်း ထိတိုင်အောင် ဝင်ရောက်၍ အကြမ်းဖက်ဖမ်းဆီးခြင်း၊ ဖမ်းဝရမ်းများထုတ်ခြင်း၊ ပုဒ်မမျိုးစုံတပ်ကာ တရားစွဲဆိုခြင်းများကို ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်။ ထို့ပြင် အရပ်ဝတ်ဖြင့်ဖမ်းဆီးခြင်းသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်သော်လည်း ၎င်းတို့မှ ပြောင်တင်းစွာ ချိုးဖောက်လျက်ရှိကြသည်။ စစ်အုပ်စုမှ ဥပဒေနှင့်အညီဟု အကြောင်းပြ၍ ဥပဒေများကို ၎င်းတို့ စိတ်ကြိုက်ထင်သလို ပြုပြင်ပြောင်းလဲကာ ပြည်သူလူထုအပေါ် ဖိစီးနှိပ်စက်ခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများအပေါ် မတန်တဆအင်အားသုံး၍ အကြမ်းဖက်ဖြိုခွင်းခြင်း၊ အသက်သေလောက်သည်အထိ ကျည်အစစ်များအသုံးပြု၍ ပစ်ခတ်ခ ခြင်း၊ စနိုက်ပါဖြင့်ချောင်းမြောင်းလုပ်ကြံခြင်းများကို ပြောင်ကျကျကျူးလွန်လျက်ရှိပြီး ထိုကဲ့သို့သော လုပ်ဆောင်ချက်များ မှာ လူသားမျိုးနွယ်တစ်ခုလုံးအပေါ် အပြင်းထန်ဆုံးရာဇဝတ်မှုများ ကျူးလွန်ခြင်းဖြစ်ကြောင်း မိမိတို့မှ သုံးသပ်ပါသည်။ မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) က ဖွဲ့စည်းလိုက်သည့် အစိုးရအဖွဲ့ကို အပြည့် အဝ ထောက်ခံအပ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)