ရက်စွဲ။  ။ အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၀ ပြည့်နှစ်

၁။  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) သည် အသင်းစတင် တည်ထောင်ခဲ့သည့် ၂၀၀၀ ခုနှစ်ကတည်းက စတင်ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစဉ်တစိုက် လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်ပါသည်။ ထို့သို့ဆောင်ရွက်ရာတွင် လက်နက်ကိုင် တိုက်ပွဲများကြောင့် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသူများအပါအဝင် အားလုံးသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်သည်။ အေအေပီပီ၏ ဆောင်ပုဒ်မှာ “နိုင်ငံရေး အကျဉ်းသားများ ရှိနေသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်”ဟု ဖြစ်ပြီး၊ အေအေပီပီသည် နိုင်ငံရေးအရ သီးခြားလွတ်လပ်သော အဖွဲ့အစည်းဖြစ်သည်။

အေအေပီပီသည် နယ်စပ်ဒေသတွင် အခြေစိုက်ခဲ့သော အဖွဲ့ဖြစ်ခြင်းကြောင့် ရက္ခိုင် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ရင်းနှီးသော အခြေခံရှိပါသည်။ ထို့ကြောင့် ယခုကဲ့သို့ ရင်းနှီးပွင့်လင်းစွာ သဘောထားတရပ် ထုတ်ပြန်ရခြင်း ဖြစ်ပါသည်။

၂။    လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၃) ဦး ဖြစ်သည့် ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချောနှင့် ဦးမင်းအောင်တို့သည် ၂၀၂၀ ပြည့်အောက်တိုဘာလ ၁၄ ရက်နေ့၌ တောင်ကုတ်မြို့နယ်၊ ဖောင်းခါးကျေးရွာတွင် မဲဆွယ်စည်းရုံးရေးဆင်းနေစဉ် လက်နက်ကိုင် လူတစ်စုက အဓမ္မခြိမ်းခြောက်ခေါ်ဆောင်သွားခြင်း ခံခဲ့ကြရသည်။

ထို (၃) ဦးအား ရက္ခိုင်တပ်တော် (AA) က ၎င်းတို့ခေါ်ဆောင်သွားကြောင်း အောက်တိုဘာလ (၁၉) ရက်စွဲဖြင့် အချက် (၉) ချက်ပါ ရှင်းလင်းထုတ်ပြန်ချက်တစောင် ထုတ်ပြန်ထားပါသည်ကို တွေ့ရပါသည်။

၃။      ဒီမိုကရေစီစနစ်တွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ရွေးကောက်ပွဲ ကိုယ်စားလှယ် လောင်းများ ဘေးကင်းလုံခြုံစွာ မဲဆွယ်စည်းရုံးခွင့်သည် အရေးကြီးသော အနှစ်သာရ တခု ဖြစ်ပါသည်။ မည်သည့် ပါတီ၏ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကိုမဆို တရားလက်လွတ် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းသည် ပြည်သူများ၏ အခြေခံလူ့အခွင့်အရေး ကို ချိုးဖောက်ရာ ရောက်သည့်အပြင် ရွေးကောက်ပွဲ၏ လွတ်လပ်တရားမျှတမှုကို ထိခိုက်စေသည်ဟု ရှုမြင်ပါသည်။

၄။       ယခု ခြိမ်းခြောက်ခေါ်ဆောင်သွားခြင်းခံရသည့်  လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက်  ဦမင်းအောင်နှင့် ဒေါ်နီနီမေမြင့်သည် စစ်အာဏာရှင်အဆက်ဆက် ဆန့်ကျင်တိုက်ပွဲဝင်ရင်း၊ ပြည်သူတို့၏ အကျိုးစီးပွားအတွက် ကိုယ်ကျိုးစွန့်ပေးဆပ်ရင်း စစ်အစိုးရ၏ အကျဉ်းထောင်များတွင် နှစ်ရှည်လများ အကျဉ်းကျ ကျော်ဖြတ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်သည်။ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက်တွင်လည်း နည်းနာအရ ကွဲပြားကြသော်လည်း ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသားတန်းတူရေးတို့အတွက် စဉ်ဆက်မပြတ် ကြိုးစားဖေါ်ဆောင်နေ သူများလည်း ဖြစ်ပါသည်။  ထိုသူများအား ရက္ခိုင်တပ်တော်မှ ယခုကဲ့သို့ ခြိမ်းခြောက်ခေါ်ဆောင်သွားခြင်းသည် အများပြည်သူတို့၏ထင်မြင်ချက်ကို ရှုတ်ထွေးစေနိုင်ပါသည်။

၅။   တဖက်တွင် နိုင်ငံတော်အစိုးရအနေနှင့်သော်လည်းကောင်း၊ ဒေသန္တရလုံခြုံရေးကို တာဝန်ယူထားသော အဖွဲ့အစည်းများအနေနှင့်သော်လည်းကောင်း ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းများ၊ လတ်တလောကာလ ကူးစက်ရောဂါ ကန့်သတ်ချက်များ နှင့်အညီ လွတ်လပ်စွာ မဲဆွယ် စည်းရုံးခြင်းများအား အကာအကွယ်ပေးရန် အပြည့်အဝ တာဝန်ရှိပါသည်။

ယခုဖြစ်ရပ်အပေါ် နိုင်ငံတော်အစိုးရအနေဖြင့် ထုတ်ပြန်ချက်၊ ညွှန်ကြားချက်၊ အချိန်နှင့်တပြေးညီ ပြည်သူသို့ အသိပေးတင်ပြခြင်း တစုံတရာတုန့်ပြန်ဆောင်ရွက်ခြင်းဖြင့် ပြည်သူတို့၏ စိုးရိမ်ပူပန်မှုကို ဂရုပြုဖယ်ရှားပေးရန် လိုအပ်ပါသည်။

၆။   ရခိုင်ပြည်နယ်အတွင်း နေထိုင်နေကြသော ပြည်သူတစ်ဦးချင်းအနေဖြင့် ၎င်းတို့ယုံကြည်ရာ အယူဝါဒနှင့် နှစ်သက်ရာ နိုင်ငံရေးပါတီကို ရွေးချယ်ပါဝင်ခွင့်ရှိသည်ဟု ယုံကြည်သည်။ တပြိုင်တည်းမှာပင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အကြမ်းမဖက်သော နိုင်ငံရေးဆောင်ရွက်ချက်များကိုလည်း လွတ်လပ်စွာ ကျင့်သုံးခွင့် ရှိသည်ဟု အပြည့်အဝ လက်ခံပါသည်။ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်တွင်လည်း ထိုသို့ပြဌာန်းထားပါသည်။ ထို့ကြောင့် ရခိုင်ဒေသအတွင်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေသည့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်စေရန်အတွက် စစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သည့် ကျောင်းသားလူငယ်များအား အာဏာပိုင်များမှ ဖမ်းဆီးမှုများအပေါ် မိမိတို့မှ ပြင်းထန်စွာကန့်ကွက်ခဲ့ပါသည်။

၇။  ဒေသခံပြည်သူများအား တားဆီးကန့်သတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများနှင့် ကျိုးကြောင်းမမျှတသော ဖမ်းဆီးမှုများသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို မည်သို့မျှ အထောက်အကူ မပြုနိုင်ပါ။ မည်သည့်အကြောင်းပြချက်နှင့်မျှ အများပြည်သူ၏ အခြေခံလူ့အခွင့် အရေးနှင့် ဒီမိုကရေစီရပိုင် ခွင့်များကို မချိုးဖောက်သင့်ပါ။

၈။   ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပစ်ခတ်တိုက်ခိုက်မှုများ စစ်ဘေးဒုက္ခများ အမြန်အဆုံးသတ်ရေး အတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ အား တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ထို့အတူ ရက္ခိုင်တပ်တော်မှ ထိန်းသိမ်းထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် လောင်း (၃) ဦးအား ဘေးကင်းလုံခြုံစွာ အမြန်ဆုံးပြန်လွှတ်ပေးပါရန် အလေးအနက် တိုက်တွန်းတောင်းဆို လိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

ဆက်သွယ်ရန်-

  • ကိုတိတ်နိုင်- အတွင်းရေးမှူး     ၀၉၄၂၈၀၂၃၈၂၈
  • ကိုဘိုကြည်-  တွဲဖက်အတွင်းရေးမှူး   ၀၉၄၂၅၃၀၈၈၄၀

ဒေါင်းလော့ရယူရန် Statement for 3 Detainers