(ပလက်ဝမြို့ -၂၀၊ ၁၀၊ ၂၀၂၀)

မကြာသေးမီရက်များအတွင်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် AA အဖွဲ့က ဒေသခံရွာသားများထံ ဆန်အတင်းဓမ္မတောင်းယူနေသည်ဟု  အမည်မဖော်လိုသူဒေသခံတစ်ဦးက ချင်းလူ့အခွင့် အရေးအဖွဲ့ထံ သတင်းပေးပို့သည်။

၁၄၊ ၀၉၊ ၂၀၂၀ရက်နေ့မှစတင်၍ ပလက်ဝမြို့မှမြောက်ဘက် ကုလတန်မြစ်ကမ်းနဘေးမှာရှိတဲ့ ငရှားကျေးရွာ အုပ်စုအတွင်းမှ ကျေးရွာပေါင်း(၅)ခုထံ တစ်အိမ်ထောင်လျှင် ဆန်(၂)တင်းစီနှုန်းဖြင့် အတင်းဓမ္မတောင်းယူ ကောက်ခံနေ လျက်ရှိကြောင်း၊ ကောက်ယူ၍ရရှိသောဆန်များကို အဆိုပါကျေးရွာကပင် တစ်ရွာလျှင်လူ(၁၀)ဦး စီ ခေါ်ယူပြီး ၎င်းတို့စခန်းနှင့် နီးစပ်ရာတောတွင်း တစ်နေရာသို့သယ်ယူပို့ဆောင်ခိုင်းခဲ့ကြောင်း ထိုသူက ပြောသည်။

“AA တွေက စက်တင်ဘာလ (၁၄) ရက်ကနေ ဆက်ကြေးကောက်တယ် တစ်အိမ်ကို ဆန်နှစ်တင်းစီ ပေး‌ရ တယ် လို့ သိရတယ် ဆန်ကို တစ်တင်းအတွက် ကျပ်(၁၀၀၀၀ ) တော့ ပြန်ပေးတယ်လို့ ပြောတယ် ပြီးတော့ ဆန်ကို ငသိန်းရွာအကျော်အထိ ထမ်းပို့ပေးရတယ်။ ထမ်းခ အနေနဲ့ တစ်တင်းအတွက် ကျပ်(၂၀၀၀) ပေးတယ် လို့ပြောပါတယ် ဆန်ကောက်တာက ငရှားရွာကနေ ရေချမ်းသာရွာတွေအထိ အကုန်ပါတယ်လို့ပြောကြတယ်” ဟု အဆိုပါရွာသားက ဆက်ဆိုသည်။ 

ရွာသားများသည် ဆန်တစ်အိတ်လျှင် ကျပ်ငွေ(၇၅၀၀၀)နှင့်ဝယ်ယူနေရသည့်အချိန်တွင် AA အဖွဲ့သားများကမူ ၎င်းတို့ ကောက်ယူတဲ့ဆန်တန်ဘိုးအတွက်ဟုဆိုကာ ဆန်တစ်အိတ်လျှင်ကျပ်ငွေ(၄၀၀၀၀)လောက်သာ ပြန်ပေး နေခြင်းသည် ရွာသားများကို တမင်တကာနှိပ်စက်ရာရောက်နေသည့်အတွက်ရွာသားများသည် များစွာ နစ်နာနေရ ကြောင်း ထိုသူကဆက်ဆိုသည်။

ရွာသားများသည် ဆန်ဝယ်ယူရာတွင် လိုချင်သလောက် လွတ်လွတ်လပ်လပ်ဝယ်ယူနိုင်ခြင်းမျိုးမဟုတ်ဘဲ အိမ်ထောင်စုစာရင်းအရ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်နဲ့အတူ ပလက်ဝမြို့ထွေ/အုပ်ရုံးမှာ တင်ပြပြီးမှ ထွေ/အုပ်ခွင့်ပြုချက်ဖြင့်သာ ဝယ်ယူ၍ရကြောင်း၊ ဆန်အရေအတွက်ကိုမူ အခြေအနေပေါ်မူတည်၍ ထွေ/အုပ်က လူတစ်ဦးအတွက်ဆန် မည်မျှဝယ်ယူနိုင်သည်ကို သတ်မှတ်ပေးလေ့ရှိကြောင်း ထိုသူ၏ ပြောပြချက် အရ သိရသည်။
ယခုကဲ့သို့ AA သည် ဒေသခံရွာသားများထံ ဆန်အတင်းအဓမ္မကောက်ယူခြင်းနဲ့ပတ်သက်ပြီး

Chin IDP Support Committee အတွက်းရေးမှူး ဆလိုင်းကျော်အောင်က အခု ပြည်သူတွေက COVID19 ဒဏ်လည်းခံနေရတယ်၊ သွားလာဆက်သွယ်ရေးလမ်းကြောင်းတွေလည်း အဖက်ဖက်မှပိတ်ပင်တဲ့အချိန်မှာ AA တွေအနေနဲ့က လူထုတွေ ဆီမှာ အခုလိုဆန်အတင်းအဓမ္မကောက်ယူတာဟာ လူထုအပေါ်မှာ စာနာထောက်ထားမှုမရှိဘူးလို့ ကျနော်ပြော ချင်ပါတယ်၊ ဒီအဖြစ်အပျက်တွေဟာ အခုမှဖြစ်တာမဟုတ်ဘူး။ အရင်ကတည်းကလည်း အဲလိုဘဲလူထုတွေက အမြဲတမ်းခံနေရပြီ.. ခံနေရတာကြာလှပြီ” ဟုဆိုသည်။

ယခုအခါ ပလက်ဝမြို့ပေါ်တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေကာ ဆန်တန်ဘိုးမှာလည်း နှစ်ဆသုံးဆ မြင့် တက်နေပြီဖြစ်သည့်အပြင် ပလက်ဝမြို့မှာလည်းဆန်ပြတ်လပ်နေသည့်အတွက်ကြောင့် လိုအပ်သလိုဝယ်ယူ ၍ မရနိုင်ကြောင်း ပလက်ဝမြို့ဒေသခံတစ်ဦးက ပြောဆိုပါသည်။

အခု ပလက်ဝမြို့ပေါ်မှာဆန်ပြတ်လပ်နေတဲ့အတွက် ဆန်ဝယ်ဖို့မရှိတော့ဘူး၊ ပလက်ဝမြို့ပေါ်မှာ ရှိတဲ့ စစ်ဘေးရှောင် (၄၀၀၀)ကျော်အတွက်လည်း ဆန်ပြတ်နေပြီ၊ မြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်တွေဟာ တစ်လမှာ ဆန် တင်းပေါင်း(၁၂၀၀)ကျော် အိတ်နဲ့ဆိုရင် (၃၀၀)လောက်စားနေရတယ်၊ အခုသူတို့အတွက် WFP အဖွဲ့က ပေးဖို့ ဆန်အိတ်(၂၀၀)ဘဲ ရှိတော့တယ်” ဟု ပလက်ဝမြို့ ဒေသခံကဆက်ဆိုသည်။  

ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် AA တို့ အကြားတိုက်ပွဲများကြောင့် ယခုအခါ စက်လှေများ အသွား အလာအားလုံးပိတ်နေရကြောင်း၊ သို့သော် ဝန်ထမ်းများအတွက်မှာမူ လကုန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှတစ်ဆင့် တပ်မမှူးများထံ ထောက်ခံချက်ရယူပြီးမှ စက်လှေများငှားရမ်းကာ ပလက်ဝမြို့သို့ သွားရောက်လစာထုတ်ယူလေ့ရှိကြကြောင်း သူကဆက်ဆိုသည်။

ယခု AA အဖွဲ့ဝင်တပ်သားများ ဆန်အတင်းအဓမ္မကောက်ယူနေသည့် ငရှားကျေးရွာအုပ်စုသည် ပလက်ဝမြို့မှ စက်လှေနဲ့(၅)နာရီခရီးလောက်ကွာဝေးကြောင်းနှင့် ငရှားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၅)ခုများမှာ- ငရှား အိမ်ခြေ(၁၀၉)၊ ကြောင်ချောင်း အိမ်ခြေ(၅၆)၊ အဘောင်၀ အိမ်ခြေ(၄)၊ နှုံးဘူးကြီး အိမ်ခြေ(၃၀) နှင့် နှုံးဘူးငယ် အိမ်ခြေ (၇၄) တို့ဖြစ်ကြကြောင်း သတင်းရရှိပါသည်။

For media inquiries please contact:
Salai Lian, +95 (0) 9450 687 296 (English/Burmese)
Salai Terah, 09255934177 (Burmese)

CHRO