မိုင်းယိုင်နီ၊ ရွှေဖီမြေ
အောက်တိုဘာ ၈ ရက်၊ ကျောက်မဲ
စက်တင်ဘာလ ၃၀ ရက်ကစတင်ပြီး ဒီနေ့ အောက်တိုဘာ ၈ ရက်အထိ တပ်မတော်နဲ့ RCSS တို့အကြား စစ်ရေးတင်းမာမှုကြောင့် ကျောက်မဲမြို့နယ်ထဲမှာ တိမ်းရှောင်နေရသူ ၂ ထောင်ကျော် ရှိနေပြီဖြစ်ပါတယ်။
တိုက်ပွဲကြောင့် တိမ်းရှောင်နေရသူတွေအတွက် စားနပ်ရိက္ခာ အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
မနေ့ အောက်တိုဘာ ၇ ရက်မှာတော့ အကူအညီ လိုအပ်နေတဲ့ တိုက်ပွဲရှောင်တွေကို လားရှိုး၊ သီပေါ၊ ကျောက်မဲနဲ့ နောင်ချိုမြို့နယ်ရှိ လူမှုကူညီရေးအသင်းတွေက အလှူရှင်တွေ လှူဒါန်းထားတဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ဟင်းသီးဟင်းရွက်တွေကို ကား (၁၁)စီးနဲ့ သွားရောက်ကူညီပေးခဲ့ကြပါတယ်။
နယ်စည်းမခြားပရဟိတ(သီပေါ)မှ ကိုမျိုးက “ပုံဝိုးရွာနဲ့ နာဆောင်းရွာက စစ်ရှောင်တွေကို မနေ့က သွားလှူတယ်။ ပထမရက်ကတော့ တောင်ထိပ်ကို သွားလှူတယ်” လို့ ပြောပါတယ်။
ကျောက်မဲမြို့နယ် တောင်ထိပ်ရွာ ဘုန်းကြီးကျောင်းမှာ (၆၄၆)ဦး၊ ခန့်ခဲရွာမှာ (၆၀)ဦး၊ ကုန်းဟန်ရွာမှာ (၃၆၀)ဦး၊ ပုံဝိုးရွာမှာ (၃၄၀)ဦး၊ ကောင်းလန်းရွာမှာ (၁၀၀)ဦး၊ နမ့်ဟန်ခိန်းရွာမှာ (၁၈၂)ဦးနဲ့ ကွမ်ဟင်ရွာမှာ (၈၀၀)ဦး စုစုပေါင်း (၂,၄၈၆)ဦး တိမ်းရှောင်နေရပါတယ်။
ဒီနေ့မနက် ၈ နာရီခန့်မှာ ကျောက်မဲမြို့နယ် လွယ်စောင့်ကျေးရွာအုပ်စု နမ့်မော်ဖီလူးကျေးရွာအနီးမှာ တပ်မတော်နဲ့ RCSS တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကပ်ရောဂါဖြစ်ပွားမှု တိုးများလာတဲ့ကာလဖြစ်သလို ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလမှာ တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျောက်မဲမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့ နန်းအိမွန်အောင်က အခုလို ပြောပါတယ်။
“တိုက်ပွဲက မကောင်းဘူးပေါ့။ ကိုဗစ်ကာလလည်း ဖြစ်သေးတယ်။ စစ်ပွဲဖြစ်တဲ့အချိန်ကျတော့ စစ်ဘေးရှောင်တွေက တစ်နေရာတည်းမှာပဲ စုနေရတယ်။ အဲထဲက ရောဂါလည်း ထွက်လာကောင်းထွက်လာနိုင်တယ်။ အယောက်ပေါင်း နှစ်ထောင်ကျော် ဒီလိုစုနေတဲ့အခါ အန္တရာယ်တော့ များတယ်။ ရွေးကောက်ပွဲကာလလည်းဖြစ်တယ်။ စစ်ဖြစ်နေတယ်ဆိုတော့ မသကင်္ာစရာတွေ တော်တော်များတယ်” ဆိုပြီး သူမက ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီမှာ ကျောက်မဲမြို့နယ် ခန့်ခဲရွာမှာ လက်နက်ကြီး နေအိမ်ပေါ် ကျရောက်ခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်ပြီး နှစ်ဖက်တပ်က အပြန်အလှန်စွပ်စွဲနေကြပါတယ်။