ယခုလအစပိုင်းတွင် ညီနောင် မဟာမိတ်များ အဖွဲ့များဖြစ်သော ကိုကန့်( MNTJP/MNDAA), တအာင်း (PSLF/TNLA), နှင့်ရခိုင့် တပ်မတော် (AA) မှ တစ်ဖက်သတ် အပစ်ခတ်ရပ်စဲရေးကို နို၀င်ဘာ ၉ ရက် ၂၀၂၀ ခုနှစ်အထိ တိုးမြှင့်လိုက် ကြောင်း ကြေငြာခဲ့သည်။  ယခင် တစ်ဖက်သတ်အပစ်ခတ်ရပ်စဲရေး ထုတ်ပြန်ကြေငြာချက်အရ မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်လာပါက မိမိကိုယ်ကိုခုခံသောအနေဖြင့် တုံ့ပြန်ကာကွယ်သွားမည် ဖြစ်သည်။ သို့သော်ငြားလည်း လက်တွေ့ကျသော အပစ်ခတ်ရပ်စဲရေး နှင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော COVID-19 အားစုပေါင်း ရင်ဆိုင်ကျော် ဖြတ်ရာတွင် အထောက်အကူဖြစ်စေရန် ညှိနိုင်းဆွေးနွေး နိုင်ကြောင်းကိုလည်း ပြောဆိုထားသည်။ မြန်မာ့တပ်မတော်မှ လည်းတစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အောက်တိုဘာလကုန်ထိ တိုးမြှင့်ရန် ကြေငြာခဲ့သည်။ ယခင်ကဲ့သို့ပင် တိုက်ပွဲများဖြစ်ပွားနေသော ရခိုင့်တပ်မတော် (AA) ကိုချန်လှပ် ထားခဲ့သည်။

မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော်ကြားတိုက်ပွဲများကြောင့် အရပ်သားထောင်ပေါင်းများစွာ အတင်းအဓမ္မ ရွှေ့ပြောင်းခံရခြင်း နှင့် ရာပေါင်းများစွာသော ပြည်သူများသည် သတ်ဖြတ်ခြင်းနှင့် ညှဥ်းပန်းနှိပ်စက်မှုတို့ကို ခံကြရသည်။ အစိုးရ၏ အင်တာနက်ပိတ်ဆို့မှုနှင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက် ပွဲအတွက် မဲရုံများထံသို့ ချဥ်းကပ်ခွင့် မရရှိခြင်းတို့သည် အရပ်သားများကို ပို၍ထိခိုက်ပျက်စီးစေသည်။​ COVID-ကူးစက်ရောဂါပြန့်ပွားချိန်တွင် ကယ်ဆယ် ရေးအဖွဲများသည် ထိုဒေသ၀န်းကျင်တွင်နေထိုင်သော အပြစ်မဲ့ ပြည်သူများ၏ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့ မှုကို အနည်း ငယ်သာ လျော့ချနိုင် ခဲ့ပြီး ထိုထိခိုက်လွယ်သော သူများထံသို့ အသက်ကယ်ပစ္စည်းများ လက်လှမ်းမှီနိုင် ရန် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသည်။

လူ့အခွင့်အရေးကောင်စီသို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (ယန္တရား)၏ အကြီး အကဲ Nicholas Koumjianတင်သွင်းသည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးလိုအပ် ချက်များကို အလေးထားရန် လိုအပ်ကြောင်းနှင့် ယန္တရား၏  သိသာထင်ရှားသော တိုးတက်မှုအကြောင်းကို ပြောကြား ခဲ့သည်။  ထိုကြိုးပမ်းမှု များတွင် လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်သည့်သူများ၏ တာ၀န်ခံမှု ရရှိရန်ဖြစ်သည်။ ကုလသမဂ္ဂရုံး (မြန်မာနိုင်ငံ) မှလည်း ပဋိပက္ခဖြစ်ပွားသည့် ရခိုင်ပြည်နယ်တွင် ကူးစက်နုန်းမြန်သည့် COVID-19 ဖြစ်ပွားမှု များသောကြောင့် အပစ်ခတ်ရပ်စဲရန် နှင့် အင်တာနက်၀န်တဆောင်မှု ကိုအပြည့်အ၀ ပြန်လည်ပေးရန် တောင်းဆို ခဲ့သည်။ ကောင်စီ အဖွဲ့၀င် ၁၅ နိုင်ငံရှိသည့်ထဲမှ အဖွဲ့၀င် ၈ နိုင်ငံသည် ရခိုင်နှင့်ချင်းဒေသတွင် တိုက်ပွဲများကြောင့်  ပြည်သူ များအပေါ် ဆိုးကျိုးများ သက်ရောက်ကြောင်း ပြောဆိုခဲ့သည်။ ND-Burma အဖွဲ့၀င်များ မှရရှိသည့် အချက်အလက် များမှလည်း ထိုတင်ပြချက်ကို ထောက်ခံ ခဲ့သည်။

 

အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်မှလည်း မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေနှင့်ပတ်သက်၍ ကုလ

သမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာသောမတ်စ်အင်ဒရူးအား လူ့အခွင့်အရေးကောင်စီ၏မိန့်ခွန်းတွင် တင်ပြရန် အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်။ ထိုအစီရင်ခံစာတွင် မြန်မာပြည်ရှိလူ့အခွင့်အရေးချိုးဖောက်များကို ရှုံ့ချပြီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်လျော့နည်းလာခြင်း၊ ပဋိပက္ခဒေသတွင်းရှိ မဲဆန္ဒရှင်များဖိနှိပ်ခံရခြင်းများ စသည့် သိသာထင်ရှား သည့် ချိုးဖောက်မှုများကိုဖော်ပြထားသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ Michelle Bachelet မှ ရခိုင်ပြည် နယ်တွင် ၂၁ လကြာဖြစ်ပွားသောပြည်တွင်းစစ်တွင် မြန်မာ့တပ်မတော်၏ ရက်စက်ကြမ်းကြုတ်သည့် နည်းဗျူဟာများ သည်  စစ်ရာဇ၀တ်မှုများ မြောက်စေနိုင်ပြီး နေပြည်တော်ဌါနချုပ် မှလည်း ရိုဟင်ဂျာများအပေါ် ချိုးဖောက်ခဲ့သည့် အစောပိုင်း ရာဇ၀တ်မှုများအပေါ် မည်သည့်ပြန်လည်ဖြေရှင်းမှုများ မလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

 

ရခိုင်ပြည်နယ်

ရခိုင်တွင်အရပ်သား တစ်ထောင်ကျော်ဖမ်းဆီးခံရခြင်း၊   စက်တင်ဘာလ ၃ ရက်

ဒေသခံများ၏အဆိုအရမြန်မာစစ်တပ်နှင့် ရခိုင့်တပ်မတော် (AA) ကြားတိုက်ပွဲမဖြစ်ပွားသော ဒေသများတွင်လည်း စစ်တပ်သည်ရခိုင်ပြည်နယ်မှ အရပ်သား တစ်ထောင်ကျော်အား ဖမ်းဆီးခဲ့သည်ဟု သတင်း ရရှိသည်။ လွတ်မြောက် လာသူ အရပ်သားတစ်ဦးသည် ဖမ်းဆီးခံရခြင်းနှင့် ရိုက်နှက်ခံရသော ဆိုး၀ါးသည့် အတွေ့အကြုံကို ပြောကြားခဲ့သည်။

 

ရခိုင်တွင် ကပ်ရောဂါအကြောင်းပြပြီး စစ်အင်အားတိုးချဲ့နေကြောင်း AA မှစွပ်စွဲ၊ စက်တင်ဘာလ ၃ ရက်

COVID-19 ကူးစက်မှုမြင့်တက်နေသော ရခိုင်ပြည်နယ်တွင် ကပ်ရောဂါကို အခွင့်ကောင်းယူ၍ တပ်မတော်ဘက်မှ စစ်အင်အားတိုးချဲ့ခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်နေသည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှ စွပ်စွဲ ပြောဆိုခဲ့ပါသည်။ လွတ်လပ်သော အာရှအသံ၏ ကောက်ယူရရှိထားသော အချက်အလက် များအ ရ ရခိုင်ပြည်နယ် နှင့်ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေတွင် ပြီးခဲ့သည့် ၂၀၁၈ ဒီဇင်ဘာလမှစ စက်တင်ဘာ ၂ ရက် နေ့အထိ အရပ်သားသေဆုံးသူ ၂၈၃ ဦးနှင့်ထိခိုက် ဒဏ်ရာရသူပေါင်းက ၆၂၇ ဦးအထိ ရှိနေသည်။​ တိုက်ပွဲများကြောင့် အရပ်သား ၂၀၀,၀၀၀ ကျော်ခန့်သည် နေ့ရပ်စွန်ခွါထွက်ပြေးကြရပြီး ယာယီစခန်းများတွင် နေထိုင်လျက် ရှိကြသည်။

ကျောက်တော် ဘုရားပေါင်းရွာ မီးရှို့ခံရ၊ ရွာသား ၂ ဦးသေဆုံး၊ စက်တင်ဘာ ၄

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဘုရားပေါင်းကျေးရွာမှာ စက်တင်ဘာလ ၃ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် မီးရှို့ခံရကာ အိမ်ခြေ ၂၀၀ခန့်ပျက်စီးပြီး၊ရွာသား ၂ ဦးသည် သေနတ်ဖြင့် ပစ်ခတ် ခံရသည့်အတွက် သေဆုံးခဲ့သည်။ ရခိုင်ပြည်နယ်ကို Stay at Home နေထိုင်ကြရန် နိုင်ငံတော်အစိုးရမှ အမိန့်ထုတ်ပြန် ညွန်ကြားထားသော်လည်း တပ်မ တော်နှင့် ရက္ခိုင့်တပ်မတော် (AA) အဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲများကြောင့် ဒေသခံကျေးရွာသားများမှာ ဘေးလွတ် ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

 

မြန်မာစစ်တပ်မှ မီးရှို့ခဲ့သောဒေသတွင် ကယ်ဆယ်ရေးအကူအညီများလိုအပ်၊ စက်တင်ဘာ ၈ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မီးရှို့ခံရမှုကြောင့် ဘုရားပေါင်းကျေးရွာမှ အိမ်ခြေ ၁၁ဝ နှင့် တောင်ပေါက် ကျေးရွာမှ အိမ်ခြေ ၆၉ လုံးပျက်စီး ဆုံးရှုံးသွားခဲ့ပြီး လူပေါင်း  ၁၅ဝဝ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကာ အရေးအပေါ် အကူညီများ လိုအပ်လျှက်ရှိသည်။ မီးလောင်ဆုံးရှုံးခဲ့သည့် ရွာသားတစ်ဦးမှ “သေသွားတာမှပိုကောင်အုန်းမည်” ဟုညည်းညူပြောဆိုခဲ့သည်။

 

မြေပုံတွင်လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လူလေးဦးသေဆုံ၊ စက်တင်ဘာ ၉ ရက်

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာတွင် စက်တင်ဘာ ၈ ရက်နံနက် ၁ဝ နာရီခွဲခန့်က ကျေးရွာထဲသို့ လက်နက်ကြီးကျည်ကျ၍အသက်ခုနှစ်အရွယ် ကလေးငယ် ၂ ဦး၊ ကျောင်းဆရာမ ၁ ဦးအပါအဝင် ၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာအပြင်းအထန်ရရှိသည်။ ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ အရပ်သားအဖွဲ့အစည်းများအပါအ၀င် UNICEF နှင့် Save The Children တို့မှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသောပဋိပက္ခကိုရပ်တန့်ရန်၊ အပစ်ခတ်ရပ်ဆဲရန်နှင့် ပစ်ခတ်မှုကိုစုံစမ်းစစ်ဆေးရန်တောင်းဆိုခဲ့သည်။ ကလေးသူငယ်များကိုယ်စား စည်းရုံးလှုံ့ဆော်သည့် အဖွဲ့များမှလည်း ၂၀၁၈ ဒီဇင်ဘာလ မှစတင်၍ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်းနှင့် မြေမြှပ်မိုင်း ကြောင့် အသက်၁၈ နှစ်အောက်သေဆုံးသူ ၄၂ ဦး နှင့် ဒဏ်ရာရရှိသူ ၁၃၅ ဦးရှိသည်ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။

 

မြန်မာစစ်တပ်မှ ရခိုင်အမျိုးသမီးအား မုဒိမ်းကျင့်ခဲ့ကြောင်း၀န်ခံ၊ စက်တင်ဘာ ၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာက ရွာခံအမျိုးသမီးတစ်ဦးကို မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း ကာယကံရှင် တပ်သား ၃ဦးမှ ၀န်ခံခဲ့သည်။ ဇွန်လကုန် ၂၀၂၀ တွင် အဓ္ဓမပြုကျင့်ခံရသူ အမျိုးသမီး၏စွပ်စွဲချက်ကိုစစ်တပ်မှ မဟုတ် မှန်ကြောင်းငြင်းဆိုခဲ့ သည်။ အဓမ္မပြုကျင့်ခဲ့ကြောင်းဝန်ခံသည့် တပ်မတော်သား ၃ ဦးအား ပြင်းပြင်းထန်ထန် အရေးယူ ရန် ရခိုင်အမျိုးသမီးကွန်ရက်က တောင်းဆိုခဲ့သည်။

 

ရသေ့တောင်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် တစ်ဦးသေ နှစ်ဦးဒဏ်ရာရ၊ စက်တင်ဘာ ၁၉ ရက်

ရခိုင်ပြည်နယ် မြို့တော်စစ်တွေနှင့် မိုင်၂၀ ခန့်သာ၀ေးသော ရသေ့တောင်တွင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။

 

မြောက်ဦးတွင် ဒေသခံနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရ ၊ စက်တင်ဘာ ၂၂ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ငွေတောင်ပေါက်တံတားအနီးတွင် စက်တင်ဘာလ ၂၀ ရက်၊ ည ၈ နာရီ အချိန်က ဒေသခံနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ ပစ်ခတ်ခံရသည့် ဦးထွန်းထွန်းမြင့်တွင် ညာဖက်ပေါင်၌ ကျည်ထိမှန်သွားခဲ့ပြီး နောက်တစ်ဦးဖြစ်သည့် ဦးထွန်းငြိမ်းကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများမှ ပြောကြားသည်။

 

ချင်းပြည်နယ်

ပလက်၀တွင် မြေမြုပ်မိုင်း နင်းမိသောကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ စက်တင်ဘာ ၂၀ ရက်

ပလက်၀မြို့အနီး ကလက်ချောင်း၀နီးရှိ အမျိုးသမီး သုံးဦး မျှစ်သွားခူးရာမှ တစ်ဦး မြေမြုပ်မိုင်း နင်းမိသောကြောင့် သေဆုံးသွားခဲ့သည်။ သေဆုံးသူ ဒေါ်မေနုသိန်းတွင် အသက် ၇ နှစ်အရွယ်သမီးတစ်ဦး နှင့် အသက် ၃ နှစ်အရွယ် သားတစ်ဦး ကျန်ရစ်ခဲ့သည်။​ ပလက်၀မြို့ခံများမှ ဒေသခံများသည် ဟင်းရှာထွက်ရင်း မိုင်းနင်းမိပြီးသေဆုံးရသည့် အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ တိုက်ပွဲများကို ရပ်စဲပေးစေချင် ကြောင်းပြောကြားခဲ့သည်။

ပလက်ဝမြို့နယ်တွင် စားနပ်ရိက္ခာများ ပြတ်လပ်မှုနှင့်ကြုံတွေ့၊ စက်တင်ဘာ ၂၄ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဆန်နှင့်စားနပ်ရိက္ခာများ ပြတ်လပ်သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ပလက်ဝမြို့တွင် ကုန်းလမ်း၊ ရေလမ်းများပိတ်ထားသောကြောင့် စက်တင်ဘာ (၉)ရက် နေ့ တွင် ကျောက်တော်ဖက်မှ ပလက်ဝမြို့သို့ ဆန်နှင့်အခြားစားနပ်ရိက္ခာများ သယ်ယူထမ်းပို့နေသည့် ဒေသခံ (၄၁)ဦးကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒေသန္တရအမိန့်လိုက်နာရန် ပျက်ကွက်မှုဖြင့် အရေးယူရန် စီစဉ်နေသည်။

 

ရှမ်းပြည်နယ်

လားရှိုးမြို့နယ်တွင် လူသစ်စုဆောင်းမှုကြောင့် ဒေသခံ၂၀၀ကျော် တိမ်းရှောင်နေရ၊ စက်တင်ဘာ ၃

လားရှိုးမြို့နယ် နောင့်ဖော့ကျေးရွာ အုပ်စုအတွင်း လူသစ်စုဆောင်းမှု သတင်းကြောင့် ဒေသခံ၂၀၀ ကျော်သည် လားရှိုးမြို့ သီရိမင်္ဂလာ မန်းဆူ ရှမ်းဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။ လူငယ်များနှင့် ကလေးငယ်များသည် တပ်သားစုဆောင်းရေးအတွက်အဓိက ပစ်မှတ်ထားခံရသည်။

ရှမ်းပြည်မြောက်ပိုင်း တွင် ၂ ည ဆက်တိုက် အရပ်သား ပစ်သတ်ခံရ၊ စက်တင်ဘာ ၉

စက်တင်ဘာ ၅ရက် ည ၇နာရီ ဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၇)၊နယ်မြေ (၅)တွင် နေထိုင်သည့် အမျိုးသားတဦးကို အမည်မသိ လက်နက်ကိုင် အဖွဲ့မှ သေနတ်ဖြင့်လာရောက်ပစ်ခတ်ခဲ့ပြီး၊ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ထိုနည်းတူ စက်တင်ဘာ ၆ ရက် ည (၇နာရီခွဲ) အချိန်တွင် သီပေါမြို့ ရွှေကျောင်းရပ်ကွက်တွင် အမျိုးသမီး တဦး သေနတ်ပစ်ခံရပြီး ခြေထောက်တွင် ကျည်ထိမှန်ခဲ့သည်။ ရှမ်းပြည်မြောက်ပိုင်းတွင် သေနတ်ပစ်သတ်ခံရမှု မကြာခဏ ဖြစ်ပွားခဲ့ပြီး၊ တရားခံကိုတကြိမ်တခါမျှ ဖမ်းဆီးရမိခြင်းမရှိကြောင်း ဒေသခံများမှ ပြောသည်။

 

ကိုဗစ်ကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု မြင့်တက်၊ စက်တင်ဘာ ၂၃ ရက်

ကိုဗစ်-၁၉ ကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးပဋိပက္ခများကြား လူ့အခွင့်အရေး ချိုးဖောက်ခံရမှု များစွာ ရှိနေသည်။ ယခုနှစ် ဖေဖော်ဝါရီ လမှ သြဂုတ်လအထိ ကိုဗစ်-၁၉ ကာလအတွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် မြေမြုပ်မိုင်းနင့်မိ သေဆုံးသူ (၂၃)ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၀)ဦး၊ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသူ (၂၅)ဦး နှင့် ဒဏ်ရာရရှိသူ (၆)ဦး တို့ရှိကြောင်း ရှမ်းပြည် မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ HST-NSS က ယနေ့ စက်တင်ဘာ ၂၁ ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာသူ ၁၂၈၀ ကျော်၊ ကလေးစစ်သား စုဆောင်းခံရမှု ၂ ဦး၊ ရိုက်နှက်နှိပ်စက်ခံရသူ ၇ ဦး နှင့် ဖမ်းဆီးခံရသူ ၁၀ ဦးထိ ရှိသည်။

မိုင်းယော်တွင် ဖြစ်ပွားခဲ့သော ရွာသား မီးရှိူ့ခြင်းနှင့်မြေမြှုပ် သတ်ဖြတ်ခြင်း

ND-Burma ကွန်ရက်အဖွဲ့၀င် TSYU ထံမှရရှိသော အချက်အလက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိူးမြို့နယ်၊ မိုင်းယော်တိုက်နယ်၊ ပန်းသပြေအုပ်စု၊ ဖာလိုင်(မန်ကန်)ကျေးရွာတွင် သြဂုတ်လ(၃၀)ရက်နေ့ နံနက် (၉း၀၀) အချိန်တွင် ဖာလိုင်ကျေးရွာနေ အဖ ဦးအိုက်ကစ် အမိ ဒေါ်အေးထွမ်းတို့၏ သား မိုင်းပန်းဆာ အသက်(၂၀) နှင့် အဖ ဦးကူန်ခမ်း အမိ ဒေါ်မာခမ်း တို့၏သား မိုင်းအိုက်အောင်(၂၀) တို့သည် ကျေးရွာအနီး လယ်ကွက်ခြံစည်းရိုးပြုပြင်ရန်နှင့် ကျွဲကျောင်းရန် သွားနေစဉ် လမ်းခုလတ်တွင် မြန်မာ့တပ်မတော် ခမရ(၃၆၁)  ကိုတွေ့သဖြင့်  ခဏရပ်စောင့်နေချိန်တွင် စစ်ကြောင်းနောက်တန်းမှ  စစ်သားများက သူတို့နှစ်ဦးကို  သေနတ်ဖြင့် လေးချက်ပစ်ခတ်ရာမှ မိုင်းပန်ဆာကို ထိမှန်ခဲ့ပြီး   မိုင်းအိုက်အောင်မှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ စစ်ကြောင်းများ ထွက်သွားပြီးနောက် နာရီခန့်အကြာတွင် မိုင်းအိုက်အောင်နှင့်ကျေးရွာသားများမှ ၎င်းကျေးရွာအနီးတွင် မိုင်းပန်ဆာ၏ မီးရှိူ့ခံထားရသော အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

သြဂုတ်လ ၃၀ ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မြန်မာ့တပ်မတော်သည် မန်နားဆိုင်ကျေးရွာမှ ပြန်လည်ထွက်ခွာသွားခဲ့ပြီး ၁၀ မိနစ်အကြာခန့် ရွာသားများမှ သေနတ်ဖောက်သံ တစ်ချက်ထပ်မံကြားခဲ့သည်။ ထို နေ့မှစပြီး ဖာလိုင်ရွာသားဖြစ်သူ မိုင်းအိုက်ထွန်း အသက်(၃၇) သည် ရက်တစ်ပတ်ကြာပျောက်ဆုံးနေပြီး မိသားစုဝင် များနှင့်ကျေးရွာသားများမှ လိုက်လံရှာဖွေခဲ့ရာ စက်တင်ဘာ ၇ ရက်နေ့တွင် မန်ပန်ပြည်သူ့စစ်ဂိတ်အနီး  လမ်းမကြီးအနားရှိ ချောင်း၏ ဘေးတစ်ဖက်တစ်ချက်ရှိ လမ်းဘေးတွင် ပုတ်နံ့ရသဖြင့် ရှာဖွေ တွေ့ရှိခဲ့သည်။

၎င်း ကျေးရွာသားသေဆုံးမှုအပေါ် တပ်မတော်မှ ၎င်းသည် ကျေးရွာသားမဟုတ်ဘဲ MNDAA တပ်သားဖြစ်ကြောင်း ထုတ်ပြန်ချက် ထုတ်ခဲ့သည်။ထို့နောက် MNDAA မှလည်း သေဆုံးသွားသော အလောင်း၂ လောင်းသည် ၎င်းတို့ တပ်သားမဟုတ်ကြောင်း ထပ်မံပြီး ထုတ်ပြန်ချက်ထုတ်ထားသည်။

ကရင်ပြည်နယ်

၂၀၂၀ စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် ကရင်အရပ်ဘက် လူမှုအဖွဲ့အစည်းများမှငြိမ်းချမ်းရေးအတွက်တောင်းဆို

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် ကရင်အမျိုးသမီးအစည်းအရုံး မှ အားလုံးပါဝင်မှုနှင့် ညီမျှသော  ကိုယ်စားပြုမှု ကိုတောင်းဆိုလိုက်သည်။အမျိုးသမီးများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါ၀င်ခြင်းမှ တရားမျှတမှုမရှိစွာ ဖယ်ကျဥ်ဘေးဖယ် ခံ ထားရပြီး နိုင်ငံရေး နှင့် လူမှုရေး စသည်နယ်ပယ်များတွင် ဖိနှိပ်ခံနေရဆဲဖြစ် ကြောင်းပြောဆို ခဲ့သည်။
ကရင်လူ့အခွင့်အရေးအဖွဲ့ကငြိမ်းချမ်းရေးနေ့တွင် ပဋိပက္ခများကို အကြမ်းမဖက်ဘဲ ဖြေရှင်းနိုင်မည့်နေ့တနေ့

အကြမ်းမဖက်ဘဲဖြေရှင်းနိုင်မည့် နေ့တနေ့ကိုမျော်လင့်ကြောင်း ပြောခဲ့သည်။ KHRG မှ မြန်မာစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို အပြည်ပြည်ဆိုင်ရာအပစ်အခတ်ရပ်စဲရေးတွင်ပါ ၀င်ခြင်းဖြင့် အရေးကြီးသော ငြိမ်းချမ်းရေးနေ့ ကို လေ့လာရန်တောင်းဆိုခဲ့သည်

 

ကချင်ပြည်နယ်

တပ်မတော်မှတားဆီးသောကြောင့် ကချင် IDP များနေရပ်သို့မပြန်နိုင်သေး၊ စက်တင်ဘာ ၉

ဗန်းမော်ခရိုင် မံစီမြို့နယ်ရှိ နမ်လင်းပါ (Nam Lim Pa) ကျေးရွာနေရပ်ပြန်နိုင်ရေးအတွက်ကြိုးပမ်းရာတွင် နယ်မြေခံ မြန်မာ့တပ်မတော်၏ခွင့်ပြုချက်မရသောကြောင့် စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလှုံနေရဆဲဖြစ်သည်။ နမ်လင်းပါ စစ်ရှောင်များအနေဖြင့် နေရပ်ပြန်ရေးအတွက်၂၀၁၇မှစကာ သက်ဆိုင်ရာဌာနများသို့ စာတင်ပြခဲ့ကြပြီး သက်ဆိုင်ရာ ဌာနများမှ နေရပ်ပြန်လည်နေထိုင်ရန် သဘောတူခဲ့ကြသော်လည်း နယ်မြေခံစစ်တပ်၏ ခွင့်ပြုချက် မရရှိသည့်အတွက် ယနေ့ထိရွာတွင်းဝင်ရောက်ခွင့်ပင် မရှိသေးကြောင်း ရောဘတ်စစ်ရှောင်စခန်းမှ နမ်လင်းပါဒေသခံ မှပြောသည်။

 

လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်

မြန်မာအစိုးရမှ Justice For Myanmar ၏ ဝဘ်ဆိုဒ်အား ပိတ်ပင်ရန် ညွန်ကြား၊ စက်တင်ဘာလ ၁

မြန်မာစစ်တပ်၏ အာဏာအလွဲသုံးစားပြုမှု၊ အကြီးစားကျင့်ပျက် ခြစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက် မှုများအား ဖုံးကွယ်ရန် ကြိုးပမ်းကာ မြန်မာအစိုးရသည် Justice For Myanmar ဝဘ်ဆိုဒ်အား ပိတ်ပင်ရန် ညွှန်ကြားခဲ့သည်။ Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော် နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည် တည်တံ့ခိုင်မြဲ သော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ်စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆို လျက်ရှိ သည်။

 

ရခိုင် သတင်းထောက်မှ ၁၇ လကြာတိုင်အောင် ပုန်းအောင်းနေရဆဲ၊ စက်တင်ဘာ ၁၀

Burma Campaign UK မှ မြန်မာအစိုးရကို သတင်းထောက် အောင်မာန်ဦးအား တရားစွဲဆိုထားခြင်းအား ပယ်ဖျက်ပေး ရန် နှင့်ဖိနှိပ်ချုပ်ချယ်သော ဥပဒေများဖျက်သိမ်းရန် တောင်းဆိုခဲ့သည်။ အောင်မာန်ဦးသည် တပ်မတော်၏ လူ့အခွင့် အရေးချိုးဖောက်မှုသတင်းများကို မီဒီယာတွင်ဖော်ပြခဲ့သောကြောင့် မတရားအသင်းများအက်ဥပဒေပါ ပုဒ်မ ၁၇ (၂) ဖြင့်တရားစွဲဆို ခြိမ်းခြောက်ခံရသောကြောင့် ပုန်းအောင်းတိမ်းရှောင်နေရဆဲဖြစ်သည်။

 

ရခိုင်အခြေစိုက် နိုင်ငံရေးပါတီများ အင်တာနက်ပိတ်ဆို့မှုကို ဖယ်ရှားပေးရန်တောင်းဆို၊ စက်တင်ဘာ ၁၁

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် ရခိုင်အခြေစိုက်နိုင်ငံရေးပါတီများမှ အင်တာနက်ပိတ်ဆို့မှုကို ဖယ်ရှား ပေးရန်နှင့် အင်တာနက်၀န်ဆောင်မှုအပြည့်အ၀ပေးရန် အစိုးရကိုတောင်းဆိုခဲ့သည်။ အင်တာနက် ပိတ်ဆို့မှုကြောင့်   အရပ်သားပြည်သူများ၊ လွတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ကယ်ဆယ်ရေး၀န်ထမ်းများသည် အခက် အခဲ များနှင့် ကြုံကြရသည်။

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒပြသည့်ကျောင်းသားသုံးဦး အဖမ်းခံရ၊ စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသားသုံးဦး အဖမ်းခံ ရသည်။​ ၎င်းတို့သုံးဦးသည် “4G အင်တာနက်ပြန်ဖွင့်ပေးရေး နှင့် ပြည်နယ်အစိုးရအား အယုံအကြည်မရှိ၊ ဖက်ဆစ် လူသတ်ဝါဒ ဆန့်ကျင်ကြ” စသည့်အချက် ၅ ချက်ကို ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ် သည်။ Burma Human Right Network မှ ဖမ်းဆီးခံကျောင်းသား သုံးဦးကို ပြန်လွတ်ပေးရန် တောင်းဆိုခဲ့သည်။ ND-Burma အဖွဲ့၀င် နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ကျောင်းသားများအား ဖမ်းဆီး တရားစွဲဆိုနေခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက် ထုတ်ခဲ့သည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကဆန္ဒပြသူများကိုကာကွယ်ရန်တောင်းဆို၊စက်တင်ဘာ ၂၃ ရက်၊လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့  မှ မြန်မာအာဏာပိုင်များအား အစိုးရနှင့်စစ်တပ်ကို ဝေဖန်ခြင်းကြောင့် ဖမ်းဆီး ခြင်းကို ရပ်တန့်ရန်တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံတွင်ဆန္ဒပြနေသောကျောင်းသား ၂၀ ကျော်အား အရေးယူ အပြစ် ပေးခြင်းကိုချက်ချင်းရုပ်သိမ်းသင့်ကြောင်းတောင်းဆိုခဲ့သည်။

 

အဖွဲ့၀င်များ၏ နောက်ဆုံးရသတင်း

ကမ္ဘာ့ဒီမိုကရေစီနေ့တွင် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ၂၀၂၀ ဇန်နဝါရီမှ ဇွန်လအထိ  လူ့အခွင့် အရေးအခြေအနေ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာတွင် စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့် အရေးချိုးဖောက်မှုများ ကျူးလွန်သော်လည်း အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်နေမှုများ နှင့် တိုက်ပွဲများ ကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများလာကြောင်းကိုဖော်ပြထားသည်။ အစီရင်ခံစာကို ဖတ်ရှုရန်-မြန်မာဘာသာဖြင့် http://ow.ly/OiUe50BqOXR  အင်္ဂလိပ်ဘာသာဖြင့်-http://ow.ly/TOkf50BqOY6

ND-Burma အဖွဲ့၀င် အဖွဲ့အစည်းများဖြစ်သော တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU) နှင့် ပအိုဝ်းလူငယ်အဖွဲ့ (PYU)ကိုယ်စားလှယ်များသည် U.S Campaign for Burma မှကျင်းပေသာ ရှမ်းပြည်နယ်ရှိ IDPs နှင့် ဒုက္ခသည်များ၏အခြေအနေနှင့် ပတ်သက်သော စကား၀ိုင်းကို ပါ၀င်ဆွေးနွေးခဲ့သည်။

ND-Burma အဖွဲ့၀င် ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT) မှ “လူ့အသက်ထက်အကျိုးအမြတ်ကို ကာကွယ်” အစီရင်ခံစာသစ်ကိုထုတ်၀ေခဲ့သည့်အတွက်ဂုဏ်ယူ၀မ်းမြောက်ပါသည်။ ထိုအစီရင်ခံစာတွင် သွေးစွန်းသော ၀ှေ့ခါမြေပြိုမှုနှင့် ပတ်သက်၍ လုံခြုံရေးစည်းမျည်းစည်းကမ်းများကို ထိန်းသိမ်းရန်ပျက်ကွက်ခဲ့သော မြန်မာစစ်တပ်၏ အခန်းကဏ္ဍကို၀ေဘန်ထောက်ပြထားသည်။

ND-Burma အဖွဲ့၀င်များနှင့် ဆက်စပ်အဖွဲ့၀င်ဖြစ်သော တအာင်းအမျိုးသမီးအဖွဲ့၊ ပအိုဝ်းလူငယ်အဖွဲ့ နှင့် ရှေ့ပြေး အသံ အဖွဲ့တို့မှ မြန်မာနိုင်ငံအရပ်ဖက်အဖွဲ့အစည်းများနှင့်းပူးပေါင်း၍ ရှမ်းပြည်မြောက်ပိုင်းတွင် စစ်တပ်မှမတရား ဖမ်းဆီး သတ်ဖြတ်ခံရသော ဒေသခံ သုံးဦးအတွက် အမှန်တရားပေါ်ပေါက်ရန်နှင့် တရားမျှတမှုရရှိရန် တောင်း ဆိုခဲ့သည်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဒုက္ခမြေပုံအစီရင်ခံစာသစ်ကိုထုတ်ခဲ့သည်။ ထိုအစီရင်ခံစာတွင် ဇန်န၀ါရီ ၂၀၁၀ မှ ဇွန် ၂၀၂၀ ထိ ၁၀နှစ်တာကာလအတွင်း မြန်မာပြည်အနှံ့ဖြစ်ပွားခဲ့သော လူ့အခွင့် အရေးချိုးဖောက်မှုများကို သုံးသပ်ဖော်ပြထားသည်။

တအာင်းအမျိုးသမီးအဖွဲ့ (TWO)မှ တအာင်းဒေသအတွင်း မြန်မာ့တပ်မတော်မှ စနစ်တကျ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည့်အပေါ် သဘောထား ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ဆိုးရွားစွာ ဖြစ်ပွားနေသော လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက် ပြီး မြန်မာနိုင်ငံအရပ်ဘက်လူထုအဖွဲ့အစည်း ၃၆၄ ဖွဲ့များမှ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီထံသို့ အိတ်ဖွင့်ပေးစာ ပေးပိုခဲ့သည်။ နိုင်ငံတကာရာဇဝတ်မှုများမြောက်သည့် ဆိုးရွားသော မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်နိုင်ရေး လိုအပ်သည့်အရေးယူမှုများ လုပ်ဆောင်ရန် နှင့် ကုလသမဂ္ဂလုံခြုံရေး​ကောင်စီမှ မြန်မာနိုင်ငံအခြေအနေအား နိုင်ငံတကာ ရာဇဝတ်တရားရုံးသို့ လွှဲပြောင်းနိုင်ရေး လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ ND-Burma ၏ အဖွဲ၀င်အဖွဲ့စည်းများ နှင့် ဆက်စပ်အဖွဲ့၀င်များ ဖြစ်သော AASYC, HRDP, CHRO, FLC, KWAT, PYO နှင့် Progress Voice တို့မှလည်း ထိုအိတ်ဖွင့်ပေးစာတွင် ပါ၀င်ခဲ့ သည်။

Progressive Voice မှ လူ့အခွင့်အရေး ကော်မရှင်တစ်ရပ်ဖြစ်လာစေရန် အဖွဲ့အစည်း (၂၂) ဖွဲ့ပါဝင်ဖွဲ့စည်းထားသည့် MNHRC ပြုပြင်ပြောင်းလဲရေးဆိုင်ရာ UPR သို့တင်သွင်းသော အစီခံစာနှင့် တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစု များ၏ အခွင့်အရေး ဆိုင်ရာ ဆောင်ရွက်နေကြသည့် အရပ်ဘက်လူထုအဖွဲ့အစည်းပေါင်း ၃၀ ဖွဲ့မှ UPR သို့တင်သွင်းခဲ့ သော အကြောင်းအရာများနှင့် ပတ်သက်၍ online မှတဆင့် သုံးသပ်တင်ပြသည့် သတင်းစာရှင်းလင်းပွဲ ကို ကျင်းပ ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးအရေးလုပ်ရှားသူများ၏ “Women’s Voices for Peace and Justice in Uncertain Times in Asia- Sri Lanka, Myanmar, Thailand and Asia region”နှင့်ပတ်သက် သော Onlineဆွေးနွေးပွဲကို ND-Burma အဖွဲ့၀င် TWU မှTJAN webinar မှတဆင့် ပါ၀င် ဆွေးနွေးခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့သည့် UPR အစီရင်ခံစာများနှင့် ပတ်သက်၍ နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံတင်ပြချက် (Diplomatic Briefing) အခမ်းအနားကို (၂၉.၀၉.၂၀) ရက်နေ့ တွင် Online မှတဆင့် ပြုလုပ်ခဲ့ရာ ND-Burma မှ UPR အစီရင်ခံစာသို့ တင်သွင်း သော“The Peace Process and Armed Conflict in Myanmar” နှင့်ပတ်သက်သော အကြောင်းအရာကို ND-Burma ၏ အဖွဲ့၀င်ဖြစ်သော AASYC ၏ ကိုယ်စားလှယ် ကိုတိန်ဦး နှင့်ပူးတွဲ တင်ပြခဲ့ပါသည်။ အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ ဥရောပသမဂ္ဂ ခေါ် European Union ,Australia နှင့် U.Sအပါအဝင် နိုင်ငံပေါင်း (၁၄) နိုင်ငံမှ သံတမန်အရာရှိများ တက်ရောက်ခဲ့သည်။

ND-Burma မှ UPR သို့တင်သွင်းသောအစီရင်ခံစာကို ရယူရန်

https://nd-burma.org/joint-submission-to-the-united…/

 

ND-Burma အကြောင်း

ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ND-Burma တွင် အောက်ပါ အဖွဲ့ဝင် ၉ ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း ၄ ဖွဲ့ပါဝင်သည်။

 

အဖွဲ့ဝင်အဖွဲ့အစည်းများ

 

၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)

၂။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)

၃။ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)

၄။ အနာဂတ်အလင်းတန်းဆုံမှတ် (FLC)

၅။ မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ (HURFOM)

၆။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)

၇။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)

၈။ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)

၉။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)

 

ဆက်စပ်အဖွဲ့အစည်းများ 

၁။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)

၂။ နိုင်ငံရေးအကျဥ်းသားဟောင်းများကွန်ရက် ပဲခူးအရှေ့ခြမ်း (FPPN-EB)

၃။ ပအို၀်းလူငယ်အဖွဲ့ (PYO)

၄။ ရှေ့ပြေးအသံအဖွဲ့ (PV)