မြန်မာစစ်သားနှစ်ဦး အိုင်စီစီမှာ သက်သေထွက်ဆိုဖွယ်ရှိတယ်လို့ Fortify Rights ပြော
မြန်မာ့ တပ်မတော်ကနေ ထွက်ပြေးလာကြတယ်ဆိုတဲ့ တပ်သား နှစ်ယောက် နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့မှာ ရောက်နေကြပြီး တပ်မတော်က ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အကြောင်း အိုင်စီစီ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံးမှာ ထွက်ဆိုနိုင်ဖွယ်ရှိတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ Fortifiy Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီ မြန်မာစစ်သားနှစ်ဦးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ICC ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့ကို ရောက်ရှိနေကြတာဖြစ်တယ်လို့လည်းအဲဒီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ICC ရုံးက ပြောခွင့်ရသူ ဖဒီ အယ်လ် အက်ဘ်ဒါလာကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် သူက တရားရုံး စစ်ဆေးဆဲဖြစ်တဲ့အမှုနဲ့ပတ်သက်လို့ သူ့အနေနဲ့ တစ်စုံတစ်ရာမပြောနိုင်ကြောင်းနဲ့ မြန်မာစစ်သားတွေ ရောက်ရှိနေတာနဲ့ပတ်သက်လို့လည်း မသိကြောင်းလည်း ဘီဘီစီကိုပြောပါတယ်။
အဲဒီစစ်သားနှစ်ဦး အိုင်စီစီရဲ့ ထိန်းသိမ်းထားမှုအောက်မှာ မရှိဘူးလို့ ကနေဒါ CBC News ကို ဖဒီ အယ်လ် အက်ဘ်ဒါလာက ပြောကြားထားတာကိုလည်း တွေ့ရပါတယ်။
အဲဒီ တပ်သား နှစ်ယောက်ကို အေအေ ရက္ခိုင့်တပ်တော်က မေးမြန်းထားတဲ့ မေးမြန်းခန်းတွေကို ပြီးခဲ့တဲ့ လတွေအတွင်းက စပြီး အွန်လိုင်းတွေပေါ်မှာ တွေ့မြင်ရပါတယ်။
အဲဒီထဲမှာ သူတို့ကို အထက် တပ်မတော် အရာရှိတွေက စေခိုင်းခဲ့တဲ့ အတွက် ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုတွေ အပါအဝင် ကိုယ်တိုင် ပြစ်မှုတွေ ကျူးလွန်ခဲ့တာရှိတဲ့ အကြောင်း ဝန်ခံ ပြောဆိုထားကြတာတွေ Fortifiy Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်,DIBYANGSHU SARKAR
သူတို့နှစ်ယောက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ တစ်ဆင့် နယ်သာလန်ကို ပို့ဆောင်ပေးခဲ့တယ်လို့ ယူဆရပေမဲ့ ဘီဘီစီ အနေနဲ့ သီးခြား အတည်ပြုလို့ မရနိုင်သေးပါဘူး။
တကယ်လို့သာ ဒီ စစ်သား နှစ်ယောက်က အိုင်စီစီ တရားရုံးမှာ သက်သေထွက်ဆိုကြမယ် ဆိုရင် ဒါဟာ မြန်မာ တပ်မတော်သားတွေ အနေနဲ့ ပထမဆုံး အကြိမ် နိုင်ငံတကာ ရာဇဝတ် တရားရုံးမှာ ထွက်ဆိုမှု ဖြစ်လိမ့်မယ်လို့ Fortify Rights က ဆိုပါတယ်။
အဲ့ဒီမြန်မာစစ်သားနှစ်ဦးကတော့ မျိုးဝင်းထွန်းနဲ့ ဇော်နိုင်ထွန်းတို့ ဖြစ်ကြပြီး ပြီးခဲ့တဲ့ ၂၀၁၇ တွင်းက မြန်မာတပ်မတော်က ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရိုဟင်ဂျာတွေကို နယ်မြေရှင်းလင်းရေး အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တယ်လို့လည်း သူတို့က ထွက်ဆိုထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိ ပါတယ်။
အဲဒီ စစ်သားနှစ်ဦးကို ICC မှာ စစ်ဆေးနိုင်သလို၊ မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့တယ်ဆိုတဲ့ ပြစ်မှုတွေအတွက်လည်း ဖွင့်ချ သက်သေထွက်နိုင်မယ်လို့ သတင်းတွေက ဆိုနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်,AFP/GETTY IMAGES
သူတို့ကို အထက်အရာရှိတွေက မြင်တွေ့သမျှ ကလေးလူကြီးမရွေး ပစ်သတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ ဗီဒီယို သက်သေထွက်ချက်မှာ ဆိုပါတယ်။
သူတို့တွေဟာ စစ်ဆင်ရေးအတွင်းမှာ အစုအလိုက်အပြုံလိုက်လူသတ်ခဲ့မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သက်သေထွက်ဆိုပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း Fortify Rights က ပြောပါတယ်။
စစ်သားတွေက မြန်မာစစ်တပ်က ဒီအမှုတွေ တိုက်ရိုက်ကျူးလွန်တဲ့ ပြစ်မှုကျူးလွန်သူ ဆိုသူ ၁၉ ဦး ရဲ့အမည်တွေနဲ့ ရာထူးတွေကိုပါထုတ်ဖော်ခဲ့ပြီး၊ မြန်မာစစ်တပ်က အကြီးတန်း အရာရှိ ၆ ဦး က သူတို့ကိုအမိန့်ပေးခဲ့ကြောင်းနဲ့ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်ကြီးသုံးဦး နဲ့သူတို့ဟာ ဒီရက်စက်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
သူတို့အဲဒီလို ကျူးလွန်ခဲ့တယ်ဆိုတဲ့ ထွက်ဆိုချက်တွေ သူတို့ကျူးလွန်ခဲ့ခြင်း ရှိမရှိ ဘီဘီစီ အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
အရာရှိတွေက ” ရိုဟင်ဂျာ တွေကို အမြစ်ပြတ် သုတ်သင်ကြ၊ ” တွေ့သမျှ မြင်သမျှ အကုန်ပစ်ကြ ” ဒီနေရာက ရိုဟင်ဂျာတွေကို အကုန်သတ်ကြ ဆိုပြီး အမိန့်ပေးခဲ့ကြောင်းလည်း သူတို့က ထွက်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။

သူတို့ထဲက တပ်သား မျိုးဝင်းထွန်းဟာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်က ရှမ်းနီလူမျိုးဖြစ် ပြီး မြန်မာစစ်တပ်မှာ ၂၀၁၆ ခုနှစ်၊ ဧပြီလ ကနေ ၂၀၂၀ ပြည့်နှစ်မေလ အထိ တာဝန်ထမ်းဆောင်ခဲ့သလို အသက် ၃၀ အရွယ် တပ်သား ဇော်နိုင်ထွန်း ဟာလည်း ရမ်းဗြဲမြို့နယ်က ရခိုင်လူမျိုးဖြစ်ပါတယ်။ တပ်သားဇော်နိုင်ထွန်းဟာ ၂၀၁၆ ခုနှစ်မတ်လက မြန်မာ့တပ်မတော်မှာ အတင်းအဓမ္မ စစ်မှုထမ်းစေခဲ့ပြီး ၂၀၂၀၊ ဇွန်လတွင်ရခိုင်ပြည်နယ် မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ ထွက်ဆိုချက်တွေမှာ မျိုး၀င်းထွန်းက ရိုဟင်ဂျာအမျိုးသမီးများ၊ အမျိုးသားများနဲ့ ကလေးတွေသတ်ဖြတ်ခဲ့မှုမှာ သူပါဝင်ပတ်သက် ကြောင်းနဲ့ ၂၀၁၇ ခုနှစ်စက်တင်ဘာလ ဘူးသီးတောင်မြို့နယ် တောင်ဘဇားကျေးရွာ နဲ့ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ မှာ အဓမ္မပြုကျင့်မှုကိုလည်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။
တပ်သား ဇော်နိုင်ထွန်းကတော့ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ်” ရှင်းလင်းရေးလုပ်ငန်းစဉ်” အတွင်း မောင်တောမြို့နယ်က ကျေးရွာငါးရွာမှာ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တယ်လို့ထွက်ဆိုထားပါတယ်။
တကယ်လို့ ဒီစစ်သားနှစ်ဦး အိုင်စီစီမှာ သက်သေထွက်ခဲ့မယ်ဆိုရင်တော့ အိုင်စီစီက အဲဒီသက်သေတွေကို ကာကွယ်ရမယ့် တာဝန်တွေ ရှိပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို စုံစမ်းစစ်ဆေးဖို့ အိုင်စီစီ နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ၂၀၁၉ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်,AFP
မြန်မာ အစိုးရဘက်ကတော့ မြန်မာက အိုင်စီစီရဲ့ အဖွဲ့ဝင်နိုင် မဟုတ်သလို အိုင်စီစီအနေနဲ့ မြန်မာနိုင်ငံအပေါ်စုံစမ်းမှု ပြုလုပ်ခြင်းဟာ နိုင်ငံတကာ ဥပဒေနဲ့မညီဘူးလို့ တုံ့ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အတင်းအကျပ် ပြောင်းရွှေ့စေတာတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲ ခံထားတဲ့ ကိစ္စရပ်တွေကို ကနဦး စစ်ဆေးမှုတွေ လုပ်မယ်လို့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (အိုင်စီစီ)က ၂၀၁၈ တုန်းကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မြန်မာက အိုင်စီစီရဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမဲ့ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှု တွေ ကျူးလွန်တယ် ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် တရားရုံးက စီရင်ပိုင်ခွင့် ရှိတယ်လို့ အိုင်စီစီက ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာ တရားရုံး အိုင်စီဂျေမှာ တရားစွဲထားပြီး တရားရုံးက မြန်မာကလိုက်နာဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံလေးချက် ချထားပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် နှစ်ဖက် တင်သွင်းလွှာတွေ လျှောက်ထားရမယ့်အချိန်တွေကို တရားရုံးက သုံးလစီ နောက်ဆုတ်ခဲ့ပါတယ်။









