တပ်မတော်စစ်ကြောင်းက ပစ်ခတ်သည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း တိတိကျကျ မမြင်ရသည့်အတွက် သုံးသပ်ရန်ခက်ခဲကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောသည်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဈေးရောင်းသူတစ်ဦး သြဂုတ် ၃၁ ညနေပိုင်းတွင် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကျောက်တော်မြို့တောင်ဘက် နှစ်မိုင်ခန့်ဝေးသည့် ကျောက်ဂူစုကျေးရွာတွင် နေထိုင်သူ အသက် ၄၀ ကျော်အရွယ် ဦးစိန်သာအောင်သည် ဘေးရွာဖြစ်သည့် အလယ်ကျွန်းကျေးရွာမှ ဖုန်းဆက်ဈေးဝယ်သောကြောင့် သွားပို့ပြီး အပြန်လမ်းတွင် သေနတ်ပစ်ခံရခြင်းဖြစ်သည်။

သေနတ်ဒဏ်ရာကြောင့် နေအိမ်ပြန်ရောက်ပြီး ၂ နာရီခန့်အကြာတွင် သေဆုံးခဲ့ကြောင်း ညီဖြစ်သူက Myanmar Now ကိုပြောသည်။

“ဖြစ်တာက သူက အရက်ဆိုင်ဖွင့်ပြီး ရောင်းစားတယ်။ တစ်ယောက်က ဖုန်းနဲ့ အရက်မှာတယ်ထင်တယ်။ အရက်ပို့ပြီးပြန်လာတဲ့အချိန်မှာ ပစ်ခံတာ။ အလယ်ကျွန်းရွာအရောက် သွားပို့တာလည်း မဟုတ်ဘူး။ ကိုယ့်ရွာမှာပါ။ အိမ်နဲ့လည်းသိပ်မဝေးဘူး အနီးလေးပါ” ဟု ဦးစိန်သာအောင်၏ ညီဖြစ်သူ ဦးကျော်လှက ပြောသည်။

ဦးစိန်သာအောင်သည် ဘယ်ဘက်လက်မောင်းတွင် သေနတ်ဒဏ်ရာ နှစ်ချက်၊ ဝမ်းဗိုက်တွင်တစ်ချက် စုစုပေါင်း သေနတ်ဒဏ်ရာသုံးချက် ရရှိခဲ့သည်။

သေနတ်ဒဏ်ရာရရှိသော်လည်း မြို့ပေါ်ဆေးရုံကို မပို့ရဲသောကြောင့် သွေးထွက်လွန်ကာ သေဆုံးသွားရခြင်းဖြစ်သည်ဟု ဆိုသည်။

“ပစ်ခံရလို့ ဘယ်ဘက်လက်မှာ နှစ်ချက်၊ ဝမ်းမှာတစ်ချက် ထိသွားတယ်။ ဝမ်းက ဒဏ်ရာကို ညာဘက်လက်နဲ့ဖိပြီး အိမ်ကိုပြေးလာတာ။ အိမ်ကိုအရောက်မှာ ဝမ်းက တင်းလာတယ်ဆိုပြီး ဖိထားတဲ့လက်ကို တစ်ချက်ခွာလိုက်ရင် သွေးတွေ တအားထွက်တယ်။ အဲဒီဒဏ်ရာနဲ့ အိမ်မှာ နှစ်နာရီကျော်လောက်ခံခဲ့တယ်။ ည ကိုးနာရီမထိုးခင် မိနစ်ပိုင်းအလိုက ဆုံးသွားတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

တပ်မတော်စစ်ကြောင်းက ပစ်ခတ်သည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း တိတိကျကျ မမြင်ရသည့်အတွက် မပြောဆိုနိုင်ကြောင်း ကျောက်တော်မြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ထွန်းစိန်က ပြောသည်။

“တစ်ဘက်နဲ့တစ်ဘက်ဖြစ်တဲ့ကြားမှာ ရက္ခိုင့်တပ်တော်ဘက်ကတော့ ရခိုင်ပြည်သူအတွက်လုပ်တယ်လို့ ပြောသလို တပ်မတော်ဘက်ကလည်း နိုင်ငံတော်လုံခြုံ‌ရေးအတွက်လုပ်တဲ့အခါ ပြည်သူအပေါ်ထားတဲ့ စေတနာပေါ်လိုက်ပြီးတော့ ဘယ်သူပစ်တယ်ဆိုတာကို သုံးသပ်ရပါမယ်” ဟု ဦးမောင်ထွန်းစိန်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းထံ  ဖုန်းဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

လက်ရှိတွင် သေဆုံးသူကို သင်္ဂြိုဟ်နိုင်ရေးဆောင်ရွက်နေကြောင်း ကျောက်ဂူစုကျေးရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။

“အလောင်းကို ဆေးရုံကိုယူဖို့ နာရေးကားလာဖို့ ဖန်တီးတုန်းပါ။ နာရေးကားလာဖို့ ဘုန်းကြီးကျောင်းကို တက်လို့ ပြောတဲ့အချိန်မှာ ဘုန်းကြီးကျောင်းမှာ မနေ့က ထိန်းသိမ်းထားတာ ကိုး‌ယောက်လောက် ရှိပါတယ်။ ရွာက အငယ်ပိုင်းလည်းပါတယ်။ အကြီးပိုင်းလည်းပါတယ်။ သူတို့ကိုပြန်လွှတ်ပြီးတော့ ဒီမှာပဲ သင်္ဂြိုဟ်လိုက်၊ စစ်တပ်က လက်မှတ်ထိုးဆိုပြီး ခိုင်းတယ်တဲ့။ နာ‌ရေးကားနဲ့ ယူခွင့်မပြုဆိုတဲ့ သဘောမျိုးလေ။ နာရေးကားကလည်း လာချင်တယ်။ တပ်မဂိတ်ကို မဖြတ်ရလို့ ပြောပါတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

ကျောက်တော်မြို့နယ်အတွင်းရှိ မျောက်တောင်၊ ရွှေပြည်၊ သာစည်၊ ကျောက်ဂူစု ကျေးရွာများတွင် တပ်မတော်စစ်ကြောင်းက ဝင်ရောက်စစ်ဆေးမှုများရှိနေ၍ ရွာသားများမှာ စိုးရိမ်ကြောက်လန့်ပြီး တိမ်းရှောင်နေကြရကာ ရွာအတွင်းကျန်နေသူများကို တပ်မတော်က စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဆန်စက်ပိုင်ရှင်တစ်ဦးအား ယမန်နေ့က တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခဲ့ပြီး ဆန်အိတ်များပါ သိမ်းဆည်းကာ ယူဆောင်သွားသည်ဟု မိသားစုဝင်များက ပြောသည်။

တပ်မတော်ဘက်ကမူ ရက္ခိုင့်တပ်တော်အတွက် ရိက္ခာသိုလှောင်ထားသည့် ဆန်အိတ် ၈၀ ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

Myanmar Now