‘‘ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ခင်မောင်သန်းနဲ့ အခြားစစ်ဗိုလ်ချုပ်တွေဟာ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်ရမှာ ဖြစ်ပြီး အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်။ အခုတော့ အဲဒီ့အစား ဒီမိုကရေစီနည်းကျ ကြီးကြပ်မှုတွေ မရှိဘဲနဲ့ သူတို့ရဲ့ ပြည်သူ့ဝန်ထမ်းရာထူးတွေကတဆင့် ပုဂ္ဂိုလ်ရေးအကျိုးအမြတ်တွေ ရရှိခံစားနေကြတယ်” ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ကာကွယ်ရေးဘတ်ဂျက်နှင့် တပ်မတော် ပစ္စည်းဝယ်ယူထောက်ပံ့ရေးတို့အတွက် တာဝန်ရှိ တပ်မတော်အရာရှိများသည် တပ်ပိုင်စီးပွားရေးလုပ်ငန်းခွဲများ၏ ဦးဆောင်အခန်းကဏ္ဍများတွင် ပါဝင်ပတ်သက်နေခြင်းသည် ဆိုးရွားသော အကျိုးစီးပွားပဋိပက္ခ ဖြစ်ပြီး ပြည်တွင်းစစ် ရှည်ကြာစေရန် ၎င်းတို့အတွက် “ဘဏ္ဍာရေးဆိုင်ရာမက်လုံး” ဖြစ်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့တစ်ခုက ဝေဖန်လိုက်သည်။
“ဒီအကျင့်ပျက်ခြစားမှုနဲ့ အကျိုးစီးပွားပဋိပက္ခဟာ စနစ်ကျစီမံထားတာ ဖြစ်ပါတယ်” ဟု အဆိုပါ ရန်ကုန်အခြေစိုက် Justice For Myanmar လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က Myanmar Now ကို ပြောသည်။
“တပ်မတော်ခေါင်းဆောင်များက ၎င်းတို့ရဲ့ အာဏာနဲ့ အခွင့်ထူးတွေကို ကာကွယ်ဖို့ ရေးဆွဲထားခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်တပ်ကို လွှတ်တော်က စိစစ်ပိုင်ခွင့်ကို ဆုံးရှုံးစေပါတယ်” ဟု ၎င်းက ပြောသည်။
ပြည်တွင်းစစ်များ ဆက်လက်ဖြစ်ပွားနေမှုသည် တပ်မတော်၏ လုပ်ပိုင်ခွင့်အာဏာများ ဆက်လက်တည်မြဲနေစေရန်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ရှေ့မဆက်နိုင်ရန် အကြောင်းပြချက်တစ်ခု ဖြစ်နေကာ တပ်မတော်ခေါင်းဆောင်များကိုလည်း အကျိုးအမြတ်များ ဆက်လက်ရရှိနေစေသည်ဟု Justice For Myanmar ၏ ဇွန် ၁၇ ထုတ်ပြန်ချက်က ဆိုသည်။
ဗိုလ်ချုပ်ခင်မောင်သန်းသည် ကာကွယ်ရေးဝန်ကြီးဌာန ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံး၏ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူနေသည့်အပြင် အများနှင့်သက်ဆိုင်သောကုမ္ပဏီနှင့် ပုဂ္ဂလိကကုမ္ပဏီ အနည်းဆုံး ၁၉ ခု တွင်လည်း ဒါရိုက်တာရာထူးတွင် ရှိနေသည်ဟု ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာတစ်စောင်အရ သိရသည်။
“မြန်မာစစ်တပ်၏ ပစ္စည်းဝယ်ယူရေး အကြီးအကဲ တစ်ယောက်အနေဖြင့် အမှီအခိုကင်းကင်း၊ ဖြောင့်မတ်စွာ ဆောင်ရွက်ရန် မျှော်လင့်သင့်သော်လည်း လက်တွေ့တွင် ၎င်း၏ စီးပွားရေးဆက်ဆံမှုများမှ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များစွာ ရရှိရန် နေရာပေးထားခြင်း ခံနေရပါသည်” ဟု Justice For Myanmar ၏ ထုတ်ပြန်ချက်က ဆိုသည်။
ဗိုလ်ချုပ်ခင်မောင်သန်း ဦးဆောင်မှုကဏ္ဍတွင် ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီများတွင် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊ ကယားပြည်နယ် သတ္ထုထုတ်လုပ်ရေးကုမ္ပဏီလီမိတက်၊ မြဝတီဘဏ်၊ လန်းပြီ ပင်လယ်ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီနှင့် Myanmar Land and Development တို့ ပါဝင်သည်။ ယင်းတို့အားလုံးမှာ ဗိုလ်ချုပ်ခင်မောင်သန်းက မန်နေဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူထားသည့် တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်လက်အောက်ရှိ စီးပွားရေးလက်ခွဲများ ဖြစ်သည်။
မြန်မာ့စီးပွားရေးဦးပိုင်၏ အစုရှယ်ယာများကို တပ်ရင်း၊ တပ်ဖွဲ့များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့အစည်းများရှိ တာဝန်ထမ်းဆောင်ဆဲနှင့် စစ်မှုထမ်းဟောင်းများက ပိုင်ဆိုင်ထားကြသည်။
ဗိုလ်ချုပ်ခင်မောင်သန်းသည် ဦးပိုင်၏ မန်နေဂျင်းဒါရိုက်တာအနေဖြင့် ကုမ္ပဏီနှင့် အစုရှယ်ယာရှင်များ၏ အကျိုးအမြတ်အတွက် ဆောင်ရွက်ပေးရန် တာဝန်ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာန ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံး၏ အကြီးအကဲတစ်ဦးအနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာငွေများ အသုံးပြုကာ ဝန်ကြီးဌာနအတွက် စစ်လက်နက်များအပါအဝင် ပစ္စည်းများဝယ်ယူရေး တာဝန်ယူရသည်။
‘‘ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ခင်မောင်သန်းနဲ့ အခြားစစ်ဗိုလ်ချုပ်တွေဟာ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်ရမှာ ဖြစ်ပြီး အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်။ အခုတော့ အဲဒီ့အစား ဒီမိုကရေစီနည်းကျ ကြီးကြပ်မှုတွေ မရှိဘဲနဲ့ သူတို့ရဲ့ ပြည်သူ့ဝန်ထမ်းရာထူးတွေကတဆင့် ပုဂ္ဂိုလ်ရေးအကျိုးအမြတ်တွေ ရရှိခံစားနေကြတယ်” ဟု မရတနာမောင်က ထုတ်ပြန်ချက်တွင် ဆိုထားသည်။
တပ်ပိုင် စီးပွားရေးလုပ်ငန်း နောက်တစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)၏ ဥက္ကဋ္ဌလည်းဖြစ် မြန်မာ့စီးပွားရေးဦးပိုင်၏ နာယကအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သော ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် တပ်မတော်၏ ဘတ်ဂျက်နှင့် စစ်လက်နက်ပစ္စည်းများအပါအဝင် စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများ၏ တာဝန်ခံဖြစ်သော စစ်ထောက်ချုပ်လည်း ဖြစ်သည်။
ဗိုလ်ချုပ်ထွန်းအောင် (စစ်ဦးစီးအရာရှိချုပ်- လေ)၊ ဗိုလ်ချုပ်မိုးအောင် (စစ်ဦးစီးအရာရှိချုပ် – ရေ) နှင့် ကာကွယ်ရေးဌာန စစ်ဆင်ရေးအထူးအဖွဲ့ အမှတ် ၆ ၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မိုးမြင့်ထွန်းတို့သည်လည်း မြန်မာ့စီးပွားရေးဦးပိုင်၏ ဒါရိုက်တာအဖွဲ့ဝင်များ ဖြစ်ကြသည်။
တပ်မတော်ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ ဗိုလ်ချုပ်သော်လွင်သည်လည်း MEC ၏ ဒါရိုက်တာတစ်ဦးဖြစ်သကဲ့သို့ MEC ၏ အကျိုးတူဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သော ဆက်သွယ်ရေးအော်ပရေတာ MyTel တွင်လည်း ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်နေသည်။
ထိုကဲ့သို့သော သမိုင်းကြောင်းနှင့်ချီကာ အမြစ်တွယ်နေသည့် တပ်မတော်အရာရှိများ၏ အကျိုးစီးပွားပဋိပက္ခများကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်လည်း Justice For Myanmar အဖွဲ့က ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။