သတင်းထုတ်ပြန်ချက် – မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျိုးအမြတ်အတွက် COVID-19 ကို လက်နက်အဖြစ် အသုံးချခြင်း
COVID-19 ကာလအတွင်း ဆက်လက်ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မီးမောင်းထိုးတင်ပြထားသည့် အစီရင်ခံစာအသစ်
၂၀၂၀ခုနှစ် ဇွန်လ ၂ ရက်နေ့
မြန်မာစစ်တပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ ထောက်ခံအားပေးမှုဖြင့် တိုင်းရင်းသားလူထုအသိုင်းအဝိုင်းများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် မီဒီယာသမားများအပေါ် ဖိနှိပ်မှုများ တိုးမြှင့်လုပ်ဆောင်ရန်အတွက် COVID-19 ကပ်ရောဂါကို လက်နက်သဖွယ် အသုံးပြုနေသည့် တစ်ချိန်တည်းတွင် ကပ်ရောဂါကို နိုင်ငံရေးအကျိုးအမြတ်အတွက်အသုံးချလျက်ရှိသည်ဟု ယနေ့ထုတ်ပြန်သော ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်၍ အဓိပ္ပာယ် ပြည့်ဝပြီး အားလုံးပါဝင်မှုရှိသော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ကြေညာကာ အကောင်အထည် ဖော်ဆောင်ရမည်ဟု ရှေ့ပြေးအသံအဖွဲ့က ပြောသည်။
“အစိုးရရဲ့ ‘မည်သူမျှ ဖယ်ချန်မထားရေး’ ဆိုတဲ့မူကို မြန်မာစစ်တပ်က ပျက်ရယ်ပြုလိုက်တာပဲ ဖြစ်တယ်။ သူတို့က တိုင်းရင်းသားဒေသတွေမှာ အထူးသဖြင့် ရာနဲ့ချီပြီး နှိပ်စက်သတ်ဖြတ်တာကို ခံနေရတဲ့ ရခိုင်ပြည်နယ်က လူထုတွေအပေါ် ဆက်လက်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် COVID-19 ကို အကာအကွယ်အနေနဲ့ သုံးနေတယ်။” ဟု ရှေ့ပြေးအသံအဖွဲ့၏ အကြံပေးဘုတ်အဖွဲ့ဥက္ကဌ ခင်ဥမ္မာက ပြောသည်။ “တိုင်းရင်းသားလူထုတွေအပေါ် တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ စစ်တပ်ဘက်က စိတ်ဆန္ဒမရှိဘဲနဲ့ အစိုးရပြောနေတဲ့ ပြီးပြည့်စုံတဲ့ ကပ်ရောဂါ တုံ့ပြန်မှုက လက်တွေ့မှာ အကောင်အထည် ဖော်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။” ဟု ၎င်းကဆက်ဆိုသည်။
“နောက်ကျကျန်ခဲ့သောတိုင်းပြည် – မြန်မာနိုင်ငံမှ COVID-19 ကို လက်နက်အဖြစ် အသုံးချခြင်း” ဟု အမည်ရှိသည့် အစီရင်ခံစာသည် မီဒီယာများမှ သတင်းတင်ပြချက်များနှင့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့ မှ မေလ ၁၀ ရက်နေ့အကြား ထုတ်ပြန်ထားသော အရပ်ဘက်လူထု အဖွဲ့အစည်းများ၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EAO) များ၏ ထုတ်ပြန်ကြေညာချက်များအပေါ် အခြေခံပြီး ဆန်းစစ်သုံးသပ် ရေးသားထုတ်ဝေထားခြင်း ဖြစ်ပါသည်။ ယင်းကဲ့သို့ ဆန်းစစ်ရာတွင် အစိုးရနှင့် EAO များ၏ COVID-19 တုံ့ပြန်မှု မဟာဗျူဟာများ၊ အရှိန်မြင့်လာသော ပြည်တွင်းစစ် အခြေအနေများ၊ နှင့် ကပ်ရောဂါ ကာလအတွင်း အမြင်သဘောထားမတူသူများအပေါ် သည်းခံနိုင်မှု လျော့ပါးလာခြင်းများသာမက ဗဟိုချုပ်ကိုင်မှု မြင့်မားသော အကူအညီပေးရေးနှင့် ရန်ပုံငွေဆိုင်ရာ အဆောက်အအုံများ၏ သက်ရောက်မှုများအပေါ် အချက်အလက်များ ကောက်ယူခြင်းနှင့် သုံးသပ်ခြင်းများ ပါဝင်ပါသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များအတွင်း ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများ တစ်နှစ်ကျော် လာပြီးနောက်တွင် မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော် (AA) အပေါ် အထူးသဖြင့် ပထမဆုံး COVID-19 လူနာ စတင်တွေ့ရှိသည့် အချိန်မှစ၍ ထိုးစစ်ဆင်မှုများကို အရှိန်မြှင့်ခဲ့သည်။ ယခုအစီရင်ခံစာထုတ်ဝေသည့် အချိန်တို ကာလအတွင်းတွင်ပင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များရှိ ရခိုင်၊ ချင်း၊ ရိုဟင်ဂျာ၊ နှင့် အခြားသော တိုင်းရင်းသားလူထုများ အနည်းဆုံး ၃၀,၀၀၀ ကျော် အိုးအိမ်မဲ့ရွှေ့ပြောင်းထွက်ပြေးခဲ့ကြရသည်။ မြန်မာနိုင်ငံသည် ကြီးမားသော နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်ခြင်း၊ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများအား ချိုးဖောက်ခြင်းတို့အပေါ် စွပ်စွဲခံထားရသည်မှာ ကာလကြာရှည်ပြီဖြစ်သည်။ လတ်တလောတွင် မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာများအပေါ် ကြီးမားကျယ်ပြန့်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့မှု အတွက် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ် (Genocide Convention) အား ချိုးဖောက်မှုနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားခြင်းကို ရင်ဆိုင်နေရသည်။ ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေသော ရိုဟင်ဂျာများအပေါ် ကာကွယ်စောင့်ရှောက်ရေး လုပ်ဆောင်ရန် ချမှတ်ထားသည့် ICJ ၏ ယာယီသတ်မှတ်အရေးယူဆောင်ရွက်ချက်များ အမိန့်နှင့်အညီ မြန်မာနိုင်ငံ သည် ၎င်း၏ပထမဆုံးသော အစီရင်ခံစာကို ၂၀၂၀ ခုနှစ် မေလ ၂၃ ရက်နေ့တွင် တရားရုံးသို့ တင်သွင်းခဲ့သည်။ ကျန်ရှိနေသော ရိုဟင်ဂျာများကို အကာအကွယ်ပေးရမည့်အစား COVID-19 ကပ်ရောဂါနှင့် အတူ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း အစိုးရမှ အင်တာနက် ဆက်လက်ဖြတ်တောက်ထားမှုတို့ကို အခွင့်ကောင်းယူ၍ မြန်မာစစ်တပ်သည် ၎င်း၏ အကြမ်းဖက်မှုများကို အရှိန်တိုးမြှင့်နေသည်ဖြစ်ရာ ရခိုင်နှင့် ချင်းလူမျိုးများမှာ ထိုအကြမ်းဖက်မှုများကို အဓိကခံစားနေကြရသည်။
မြန်မာစစ်တပ်သည် မြန်မာနိုင်ငံအနောက်ဘက်ခြမ်းတွင် လက်နက်ကိုင်ပဋိပက္ခကို အရှိန်မြှင့်ရုံ သာမက မြန်မာနိုင်ငံအရှေ့ပိုင်းရှိ EAO များ၏ COVID-19 ကာကွယ်တားဆီးရေး ကြိုးပမ်း လုပ်ဆောင်ချက်များကိုလည်း တမင်သက်သက် အားနည်းအောင် လုပ်ဆောင်ခဲ့သည်။ ယခုအစီရင်ခံစာတွင် မီးမောင်းထိုးပြထားသော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ COVID-19 စစ်ဆေးရေးစခန်း နှစ်ခုကို မီးရှို့ဖျက်ဆီးခြင်းနှင့် ရှမ်းပြည်နယ်အတွင်း COVID-19 နှင့်ပတ်သက်သော အသိပညာ တိုးမြှင့်ရေး လုပ်ဆောင်မှုနှင့် အပူချိန် စစ်ဆေးနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ ဆေးမှူးများအား တိုက်ခိုက်ခဲ့ခြင်းတို့သည် မြန်မာစစ်တပ်အနေဖြင့် တိုင်းရင်းသားပြည်သူများအပေါ် ဗိုင်းရပ်စ်ပိုး ကူးစက်မှုဖြစ်ပွားမည်ကို ဂရုမစိုက်ကြောင်း ပြသနေပါသည်။
ထိုမျှသာမက လက်ရှိမြန်မာအစိုးရ၏ ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ ပေးရေး အဆောက်အအုံများမှာလည်း ဗဟိုချုပ်ကိုင်မှု မြင့်မားလွန်းနေပြီး ဝေးလံခေါင်ဖျားနှင့် ပဋိပက္ခသက်ရောက်မှု ဒဏ်ခံနေရသည့် တိုင်းရင်းသားဒေသများတွင် နေထိုင်နေကြသည့် ထိခိုက်အလွယ်ဆုံးသော တိုင်းရင်းသား ပြည်သူများကို ဖယ်ကျဉ်ထားသည်။ သို့ဖြစ်ရာ COVID-19 နှင့် ပတ်သက်သည့် နိုင်ငံတကာအကူအညီ အထောက်အပံ့များသည် တိုင်းရင်းသားကျန်းမာရေး စောင့်ရှောက်မှုပေးသူများနှင့် တိုင်းရင်းသားလူထုအခြေပြု အဖွဲ့အစည်းများသို့ တိုက်ရိုက်ဖြန့်ဝေ ထောက်ပံ့မည့်အစား ထိုကဲ့သို့သော ဗဟိုချုပ်ကိုင်မှု မြင့်မားသည့် အဆောက်အအုံများမှတစ်ဆင့် ဖြန့်ဝေသော အကူအညီများသည် အလိုအပ်ဆုံးပြည်သူများထံသို့ ရောက်ရှိရန်မှာ ဖြစ်နိုင်ချေ အလွန်ပင်နည်းပါးသည်။
“NLD အစိုးရက ဗိုင်းရပ်စ်ပြန့်ပွားမှု ကာကွယ်ရေးအတွက် EAO တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပေမယ့် လက်တွေ့မှာ တိုင်းရင်းသား ကျန်းမာရေးဝန်ဆောင်မှုတွေဟာ ဖယ်ကျဉ်ခံထားရပြီး တမင်သက်သက် ဖျက်ဆီးတာကို ခံနေရတယ်။ ဒေသခံ ကျန်းမာရေးဝန်ဆောင်မှုပေးသူတွေအပေါ် ဘာကန့်သတ်ချက်မှ မထားဖို့နဲ့ သူတို့ဆီကို လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေ တိုက်ရိုက်ရောက်ရှိဖို့က အရမ်းအရေးကြီးတယ်။” ဟု ခင်ဥမ္မာက ပြောသည်။
နောက်ဆုံးအားဖြင့် NLD အစိုးရနှင့် အခြားနိုင်ငံရေးပါတီများ အထူးသဖြင့် စစ်တပ်နှင့် မဟာမိတ် ဖြစ်နေသော ပါတီများက ၎င်းတို့သည် စိတ်ကောင်းစေတနာရှိပြီး ပြည်သူများကို ကာကွယ်ပေးနေသူများ အဖြစ် ပုံရိပ်ပေါ်စေရန် ကပ်ရောဂါကို အခွင့်ကောင်းယူ အသုံးပြုနေသည်ကိုလည်း အစီရင်ခံစာက ဖော်ထုတ်ထားသည်။ မကြာမီ ကျရောက်လာတော့မည့် အထွေထွေရွေးကောက်ပွဲအတွက် ရှေ့ရှုလျက် နှာခေါင်းစည်းများ ဖြန့်ဝေခြင်း ကဲ့သို့သော COVID-19 ဆိုင်ရာ လှုပ်ရှားမှုများကို ပါတီတံဆိပ် (လိုဂို) များ ထင်ရှားစွာ တံဆိပ်တပ်ထားခြင်း နှင့်အတူ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ၎င်းတို့၏လှုပ်ရှားမှုများကို လူသိများအောင် ဆောင်ရွက်ခြင်း များကိုလည်း အလွန်အမင်းလုပ်ဆောင်လာသည်။ ယင်းလုပ်ဆောင်မှုများသည် အစိုးရမှ တိုင်းရင်းသား ကျန်းမာရေးဝန်ဆောင်မှုပေးသူများနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်းအပြင် ကာလကြာရှည်စွာ စွမ်းဆောင်နိုင်မှုအားနည်းပြီး လစ်လျူရှုခံထားရသော ကျန်းမာရေးစနစ်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ကို တွေ့ရသည်။
မြန်မာအစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် ကန့်သတ်မှုများ အဆုံးသတ်ရန်နှင့် မရှိမဖြစ်လိုအပ်သော COVID-19 တုံ့ပြန်မှု အကူအညီများအား တိုင်းရင်းသား ဒေသများအားလုံး အထူးသဖြင့် ပဋိပက္ခသက်ရောက်သော ဒေသများကို အထူးအလေးပေးပြီး အဟန့်အတားမရှိ ရောက်ရှိနိုင်စေရေး အာမခံရန်နှင့် COVID-19 ပြန့်ပွားမှု ကာကွယ်ရန် EAO အဖွဲ့များ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် ခြိမ်းခြောက်မှုများနှင့် ပိတ်ဆို့မှုများအားလုံးကို ချက်ချင်းရပ်တန့်ရန် ဤအစီရင်ခံစာမှ ထပ်မံတောင်းဆိုလိုက်သည်။ ထို့အပြင် မြန်မာအစိုးရနှင့် စစ်တပ်တို့မှ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်း (EHO) များ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရန်နှင့် ဘဏ္ဍာရေးနှင့် ရုပ်ဝတ္ထု အရင်းအမြစ်များကို ဖက်ဒရယ် ဒီမိုကရေစီ အခြေခံမူများနှင့်အညီ ပေးအပ်ရန်လည်း တိုက်တွန်း တောင်းဆိုလိုက်သည်။ ရန်ပုံငွေများကို နေပြည်တော်သို့ တိုက်ရိုက်ပေးအပ်ခြင်းသည် တိုင်းရင်းသား အခွင့်အရေးနှင့် ရှိနှင့်ပြီးသော တိုင်းရင်းသား ကျန်းမာရေးအခြေခံအဆောက်အအုံများကို ဖယ်ကျဉ်မှု ဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခ ကြီးထွားစေမည့် အလားအလာရှိသည့်အပေါ် စိုးရိမ်ပူပန်ကြောင်းကို အစီရင်ခံစာက တင်ပြထားသည်။ နိုင်ငံတကာ အလှူရှင်များနှင့် နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများနှင့် ပဋိပက္ခသက်ရောက်မှုဒဏ် ခံနေရသော အခြားဒေသများသို့ COVID-19 တုံ့ပြန်ရေး လုပ်ဆောင်မှုများအတွက် မရှိမဖြစ်သည့် ဝန်ဆောင်မှုများ ပေးနေသည့် EHO များနှင့် တိုင်းရင်းသားလူထုအခြေပြုအဖွဲ့အစည်းများအတွက် သာတူညီမျှမှုရှိသော တိုက်ရိုက်နယ်စပ်ဖြတ်ကျော် အကူအညီများကို လက်လှမ်းမီနိုင်ရေး လုပ်ဆောင်ရန် လည်း အစီရင်ခံစာမှ တိုက်တွန်းထားသည်။
“အခုမြန်မာနိုင်ငံက စွပ်စွဲခံထားရတဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေက လူထုအပေါ် ထားရှိတဲ့ စစ်တပ်ရဲ့ စိတ်ရင်းအမှန်ကို မထင်ရှားစေသေးဘူး ဆိုရင်တောင် COVID-19 ကာလမှာ လက်ရှိဖြစ်ပျက်နေတဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မတရားဖမ်းဆီးမှု၊ နှိပ်စက်ညှင်းပန်းမှုနဲ့ ဥပဒေမဲ့သတ်ဖြတ်မှုတွေက သူတို့ရဲ့ စိတ်ရင်းအမှန်ကို ဖော်ပြနေတယ်။” ဟု ခင်ဥမ္မာက ပြောသည်။ “ဒါကြောင့် မြန်မာနိုင်ငံကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကနေတစ်ဆင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို လွှဲပြောင်းတာမျိုးပဲဖြစ်စေ ဒါမှမဟုတ် လိုအပ်ချက်နှင့်အညီ ဖွဲ့စည်းတဲ့ အထူးခုံရုံးတို့ကနေ တစ်ဆင့်ပဲဖြစ်စေ အဲဒီကြီးမားတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံက တာဝန်ခံရမယ်။” ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။
ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်
ခင်ဥမ္မာ
အကြံပေးဘုတ်အဖွဲ့ဥက္ကဌ၊ ရှေ့ပြေးအသံအဖွဲ့
khinohmar@progressive-voice.org, info@progressive-voice.org
“နောက်ကျကျန်ခဲ့သောတိုင်းပြည် – မြန်မာနိုင်ငံမှ COVID-19 ကို လက်နက်အဖြစ် အသုံးချခြင်း” အစီရင်ခံစာကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရန် https://bit.ly/2XN7vhI