■ ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းအုပ်စု အလယ်ကျွန်းကျေးရွာက အသက် ၁၈ နှစ်အရွယ် ငပျော့(ခေါ်)ကိုမျိုးလှိုင်ဟာ မေလ ၁၇ ရက်နေ့က လှေနဲ့ငါးရှာဖို့ထွက်သွားပြီးနောက် ဖမ်းဆီးခံရတာလို့ ကျေးရွာသားတွေက RFA ကိုပြောပါတယ်။
သူအိမ်ပြန်ရောက်မလာလို့ နောက်တစ်နေ့ မေလ ၁၈ ရက်နေ့မှာ ဆွေမျိုးတွေနဲ့ ကျေးရွာသား ၁၅ ဦးက ရှာဖို့သွားကြရာမှာ အဲဒီအထဲက လူ ၁၄ ဦးပါထပ်မံဖမ်းဆီးခံရတာလို့ အလယ်ကျွန်းကျေးရွာက ကိုအလင်္ကာက ပြောပါတယ်။
“နေ့လယ် ၁ နာရီမှာ ငါးရှာသွားရင်းနဲ့သူကပြန်မလာတော့ဘူး။ ညနက်တဲ့အထိပြန်မလာတော့ဘူး။ အဲဒါနဲ့မိုးလင်းတဲ့အခါ ရွာသားတွေကလိုက်ပြီးတော့ရှာကြတယ်။ အဲဒီလိုရွာသားတွေပါလိုက်ရှာရင်းနဲ့ပဲ ရွာသားတွေပါ ဆက်ပြီးတော့ အဖမ်းခံလိုက်ရတယ်။ ကုန်းကရှာတဲ့လူတွေနဲ့ ရေကရှာတဲ့လူ နှစ်ဖွဲ့စလုံး အဖမ်းခံလိုက်ရတာ။ သူတို့နဲ့ပတ်သက်လို့ ဘာသတင်းမှမရသေးဘူး။ မိသားစုတွေနဲ့လည်းတစ်ယောက်မှ အဆက်အသွယ်မရသေးဘူး”
ငပျော့(ခေါ်)ကိုမျိုးလှိုင်ကို ရေလမ်းကနေလှေနဲ့သွားရှာတဲ့ လူ ၉ ဦးထဲက ၈ ဦးဖမ်းဆီးခံရတာဖြစ်ပြီး ကျန်တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်လာပါတယ်။ ကုန်းလမ်းကနေ သွားရှာတဲ့ လူ ၆ဦး ကတော့ ရွာရဲ့အရှေ့ဘက် တစ်မိုင်လောက်အကွာက တောင်ပေါက်အနီးမှာ ဖမ်းဆီးခံရတာလို့ကျေးရွာသားတွေက ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်လာတဲ့ အမည်မဖော်လိုတဲ့ အဲဒီဒေသခံက ကင်းပုန်းဝပ်နေတဲ့ တပ်မတော်သားနှစ်ဦးက သူတို့လှေမှာပါတဲ့သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ပြောပါတယ်။
“သွားရှာကြတဲ့အချိန်မှာ ငပျော့ကိုမတွေ့ပါဘူး။ ချောင်းထဲမှာ သူ့လှေကိုသာတွေ့ပါတယ်။ အဲဒီလှေနဲ့ မလှမ်းမကမ်းမှာ ချုံထဲကနေထွက်လာတဲ့ စစ်သားနှစ်ယောက်ကို ကျွန်တော်တို့တွေ့ပါတယ်။ တွေ့တဲ့အခါမှာ ကျွန်တော်တို့လှေ ဘယ်ကလဲလို့ သူတို့ကမေးပါတယ်။ သူတို့ကအဲလိုမေးတော့ ကျွန်တော်တို့ကလည်း ရွာသူရွာသားတွေပါလို့ ဖြေပါတယ်။ ဘာရှာတာလဲလို့ သူတို့ကမေးတဲ့အခါမှာ ကျွန်တော်တို့က ကောင်လေးတစ်ယောက်ပျောက်လို့ရှာတယ်လို့ ပြန်ဖြေပါတယ်။ ကျွန်တော်တို့ကို လှေပေါ်ကနေ ကမ်းကိုတက်ခိုင်းပါတယ်။ တက်ခိုင်းပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ တန်းစီပြီးတဲ့အချိန်မှာ ကျွန်တော်က ချုံအကွယ်ကနေပြီး နောက်တစ်နေရာကို အသာလေးတိမ်းရှောင်ပြီးထွက်ပြေးလာခဲ့တာပါ”
ငပျော့(ခေါ်)ကိုမျိုးလှိုင်ရဲ့လှေကို တပ်မတော်သားတွေရှိနေတဲ့ နေရာမှာတွေ့ရတဲ့အတွက် သူ့ကိုလည်း တပ်မတော်ကပဲ ဖမ်းဆီးထားတယ်ဆိုတာငြင်းမရဘူးလို့ ကျေးရွာသားတွေကပြောပါတယ်။ အလယ်ကျွန်းကျေးရွာက ထပ်မံဖမ်းဆီးခံရသူတွေဟာ အသက် ၃၁ နှစ်ကနေ ၅၆ နှစ်ကြားအရွယ် အမျိုးသားတွေလို့ဆိုပါတယ်။
အလားတူ မေလ ၁၈ ရက်နေ့က ဒလက်အနောက်ရွာ ရှမ်းကုန်းက ကျောင်းဆရာ ဦးအောင်ထွန်းခင်အပါဝင် ချင်းတိုင်းရင်းသား ၅ ဦးဟာ ဇရပ်ကွင်းလိပ်ကုန်းကို သီဟိုစေ့ဝယ်ဖို့သွားရင်း ထပ်မံအဖမ်းခံထားရပြီး သူတို့ကိုလည်း တပ်မတော်က ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကို မသိရဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။
ဒလက်ချောင်းအုပ်စုမှာ သီတင်းသုံးနေတဲ့ ဦးဇင်းတစ်ပါးဖြစ်တဲ့ ဦးပညာနန္ဒက တပ်မတော်က ဖမ်းဆီးထားသူတွေဟာ သာမန်အရပ်သားတွေဖြစ်တဲ့အတွက် ပြန်လွှတ်ပေးစေချင်တယ်လို့ မိန့်ပါတယ်။
“အထက်ကလူကြီးတွေကို သိစေချင်တာက ဒီကျေးရွာသားတွေဟာ ဘာအပြစ်မှမရှိပါဘူး။ တောသူတောင်သားလေးတွေ သူ့ဟာနဲ့သူ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့သူတွေပါ။ စစ်ဆေးမှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေမလုပ်ဖို့ မိသားစုတွေ စိတ်ပူနေကြတယ်။ အတတ်နိုင်ဆုံးအနေနဲ့ ပြန်လည်ပြီးတော့ သူတို့ကို ရွာကိုပြန်လွှတ်ပေးစေချင်ပါတယ်”
အမ်းမြို့နယ် ဒလက်ချောင်းဒေသဟာ ပြီးခဲ့တဲ့လတွေက တပ်မတော်နဲ့ အေအေအဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ဒေသတစ်ခုပါ။ ဒီဒေသမှာ တပ်မတော်က ဒေသခံအရပ်သားတွေအပေါ် အသွားအလာတွေကန့်သတ်ထားတာကြောင့် စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း ဦးဇင်း ဦးပညာနန္ဒကမိန့်ပါတယ်။
တပ်မတော်က ဒေသခံ ၁၉ ဦးကိုဖမ်းဆီးထားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ဒီသတင်းရေးသားနေချိန်အထိ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းတွေအတွင်း တိုက်ပွဲဖြစ်ပွားတာ မကြားရပေမယ့် တပ်မတော်ဘက်က ဒေသခံတွေကို အေအေနဲ့ပတ်သက်လို့ သံသယနဲ့ ဖမ်းဆီးမှုတွေရှိနေတဲ့သတင်းတွေကို ကြားသိနေရပါတယ်။ RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အခုနှစ်ဇန်နဝါရီလကနေ မေလ ၁၂ ရက်နေ့အထိ အရပ်သားထိခိုက်သေဆုံးမှုက ၁၄၈ ဦးရှိနေပြီး ဒဏ်ရာရသူက ၃၄၇ ဦးအထိရှိနေပါတယ်။
RFA News