ဦးပြည့်စုံဝင်းမောင် ပစ်ခံခံရပြီး သေဆုံးသွားသည့်အတွက် ရန်ကုန်မြို့ ကုလသမဂ္ဂ ရုံးတွင် ဝမ်းနည်းမှုအထိမ်းအမှတ်ဖြင့် အလံထက်ဝက် လွှင့်ထူထားစဉ် 

ရခိုင်ပြည်နယ်တွင်းရှိ COVID-19 ရောဂါပိုး သံသယရှိလူနာများကို ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ၊ မရှိ စစ်ဆေးရန် တို့ဖတ်နမူနာများ သယ်ဆောင်လာသည့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)၏ ယာဉ်သည် ဧပြီ ၂၀ ရက်၊ ညနေပိုင်းက မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် ပစ်ခတ် ခံခဲ့ရသည်။

ပစ်ခတ်ခံရမှုကြောင့် WHO မှ တရားဝင်ခန့်အပ်ထားသည့် ယာဉ်မောင်း ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် မောင်းနှင် လာသော ကားတိမ်းမှောက်ပြီး ဘယ်ဘက်တင်ပါးကို ကျည်ဖောက်ဝင်ကာ ဒဏ်ရာဖြင့် မင်းပြား ဆေးရုံတွင် ဆုံးပါးသွားသည်။

ယာဉ်အတွင်း လိုက်ပါလာသည့် WHO ၏ ကျန်းမာရေးကြီးကြပ်ဝန်ထမ်း ဦးအောင်မျိုးဦး သည်လည်း လက်မပြတ်လု နီးပါးအထိ ဒဏ်ရာ ရရှိသွားသည်။ ၎င်းကို စစ်တွေဆေးရုံသို့ ပို့ကာ ဆေးကုသပေးနေသည်ဟု သိရသည်။

ဆုံးပါးသွားသည့် ဦးပြည့်စုံဝင်းမောင် မောင်းနှင်လာသည့် WHO ပိုင် မော်တော်ယာဉ်တွင် ကမာ္ဘ့ကုလသမဂ္ဂ အဖွဲ့ (UN) အမှတ်တံဆိပ်များလည်း ကပ်ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ တစုံတရာ လိုက်ပါလာခြင်းမရှိဘဲ WHO ဝန်ထမ်းများ သီးသန့် သွားလာနေသည်ကို ပစ်ခတ် ခံရခြင်း ဖြစ်သည်။

WHO ယာဉ်ကို ပစ်ခတ်သူများမှာ ရက္ခိုင်စစ်တပ် (AA) ဘက်မှ ပစ်သည်ဟု တပ်မတော်နှင့် ပြန်ကြားရေး ဝန်ကြီး ဌာနဘက်မှ ပြောသော်လည်း AA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက တပ်မတော်ဘက်မှ ပစ်ခတ်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တစောင် ထုတ်ထားသည်။

ပစ်ခတ်ခံရခြင်းကြောင့် ကျည်ဒဏ်ရာဖြင့် ဆုံးပါးသွားသည့် ကိုပြည့်စုံဝင်းမောင်၏ ဖခင် ဦးဌေးဝင်းမောင်ကို ဧရာဝတီအကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်မှ ဆက်သွယ် မေးမြန်း ထားပါသည်။

မေး။ ။ မင်းပြားမှာ ပစ်ခတ်ခံရတဲ့ ကိုပြည့်စုံဝင်းမောင်နဲ့ ပတ်သတ်ပြီး မေးမြန်းချင်လို့ပါ။ သူနဲ့ နောက်ဆုံး အဆက်အသွယ် ရလိုက်သေးလား။

ဖြေ။ ။ ဟုတ်ကဲ့။ ကျနော်က ပြည့်စုံဝင်းမောင်ရဲ့ ဖေဖေပါ။ သားက WHO Organization ကပါ။ လေကြောင်းတွေက ပိတ်ထားတော့ ကားလမ်းက ၁ လမ်းပဲ ရှိတယ်။ အဲဒါ သူတို့ WHO က ကားနဲ့ ရန်ကုန်ကို အရေးပေါ် ဆင်းရတာတဲ့။ ဆေးပစ္စည်းတွေ သယ်လာတာလား၊ ဘာလားဆိုတာ ကျနော်တို့ကတော့ အတိအကျ မသိဘူးလေ။ ဝူဟန်ကိစ္စကြောင့်ပဲ။ ဝူဟန်ကိစ္စနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ သယ်လာလို့ သူတို့က မကွေးမှာ တညအိပ်မယ်။ နောက် နေပြည်တော် လမ်းကနေ တက်လာပြီး ရန်ကုန်ကို ဘယ်နနာရီ အရောက်မောင်းရမယ် ဆိုလားပဲ ပြောတယ်။ သူက လာတဲ့ လမ်းမှာ ဖြစ်သွားတာ။

မေး။ ။ သူတို့ ဘယ်လို ပစ်ခံရတာလဲ။ အန်ကယ်တို့ ဘယ်လို သိထားပါသလဲ။

ဖြေ။ ။ လမ်းမှာ သားမောင်းလာတဲ့ ကားနား လက်နက်ကြီး ကျတယ်တဲ့။ လက်နက်ကြီး တချက်မှန်ပြီး ကားပေါ်က ဆင်းတော့ လက်နက်ငယ်တွေ ထပ်မှန်တယ်တဲ့။ သူကတော့ ညကတည်းက မင်းပြားဆေးရုံမှာ သတိမရတော့တာ။ အခုမနက် ဆုံးသွားပြီလို့ ကျနော်တို့ကို သတင်းပေးပါတယ်။

မေး။ ။ ရခိုင်မှာ သူက တာဝန်ထမ်းဆောင်နေတာ ကြာပြီလား။

ဖြေ။ ။ တာဝန်ထမ်းဆောင်နေတာ ကြာပါပြီ။ WHO Organization မှာ သူက ယာဉ်မောင်းလေ။ ၂ နှစ်ကျော်ပါပြီ။ သူ့မှာ မိသားစုဆိုရင် အမျိုးသမီး ကျန်ခဲ့ပါတယ်။ အဖေ၊ အမေ ဖြစ်တဲ့ ကျနော်တို့ ကျန်ခဲ့တာပေါ့။

မေး။ ။ အန်ကယ်တို့နဲ့က သူပစ်ခတ်ခံရပြီး ဆေးရုံရောက်တော့ အဆက်အသွယ် ရသေးလား။

ဖြေ။ ။ ပစ်ခံရပြီးတဲ့နောက် ဘယ်လိုမှ ပြောလို့ မရတော့ဘူးလေ။ မပစ်မခံရခင် ၂ နာရီလောက်က အတွင်းကတော့ မင်းပြားမှာ ထမင်းစားတယ်တဲ့။ သူ့အမျိုးသမီးနဲ့ ဖုန်းဆက်ပြီး ပြောနေကြပါသေးတယ်။ ကျနော်နဲ့ကတော့ ဖုန်းမပြောဖြစ်ပါဘူး။

မေး။ ။ အန်ကယ်တို့ရဲ့ သား အခုလို ကျန်းမာရေးကိစ္စအတွက် တာဝန်ထမ်းဆောင်နေချိန် ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေအနေနဲ့ ဘာတွေ ပြောပြချင်တာ ရှိပါသလဲ။

ဖြေ။ ။ ကျနော်ဘယ်လိုပြောရမှန်းတောင် မသိပါဘူး။ ကျနော်တို့ ဘယ်လို ပြောရမှာလဲ။ ဘာပြောနိုင်မှာလဲ။ အခုက သဂြိုဟ်ဖို့ ကိစ္စအတွက် ဝန်ကြီးဌာနဲ့ တိုင်ပင်ပြီး ကျနော်တို့ ပြည်မြို့နယ်ကို အလောင်းကို ပို့ဖို့ ဒီမှာ အဖွဲ့အစည်း တွေနဲ့ ညှိနှိုင်းပြီး သဂြိုဟ်လို့ ရအောင် စီစဉ်ပေးမယ်လို့တော့ ပြောတယ်။ ကားနဲ့ပဲ ပြည်ကို သယ်လာမယ်လို့ သိထားသေးတယ်။ မင်းပြားကနေ ပြည်ကို တိုက်ရိုက် မသယ်လာဘူးတဲ့။ သူတို့ ရုံးကို သွားဦးမှာတဲ့။ ဆေးတွေ ဘာတွေ ထိုးဦးမှာတဲ့။

မေး။ ။ မိသားစုဝင်တွေ အနေနဲ့ ပစ်ခတ်လိုက်တဲ့ သူတွေကို ဘာပြောချင်လဲ။

ဖြေ။ ။ ပစ်တဲ့သူတွေကို ဘာပြောချင်လဲဆိုတော့ အခုချိန်မှာ ကျနော်တို့ ဘာမှ မပြောချင်တော့ဘူး။ ကိုယ့်စနက်လည်း ဖြစ်သွားမှာ စိုးတယ်။ သေချာလည်း မမြင်ရဘူး။ ကိုယ်တွေက ဘာမှ မြင်ရတာ မဟုတ်တော့ ဘယ်လိုပြောမလဲ။ အထင်ကိုလည်း မပြောရဲဘူး။

သူတို့ ပစ်သွားတော့ ကျနော်တို့သား ဆုံးရှုံးသွားတော့ ရင်ကျိုးတာပေါ့။ ကျနော်တို့ ရင်ထုမနာ ကျန်ရစ်ခဲ့တာပဲ။ ဒါပါပဲ။ ကျနော်တို့ သားကြီး တာဝန်ထမ်းဆောင်ရင်းနဲ့ ဆုံးရှုံးသွားတော့ ကျနော်တို့လည်း ခံစားရတယ်။ ကျနော်တို့ သေမလောက် ခံစားနေရတယ်။ တခုခုဖြစ်လို့ သေတာမျိုးဆို လက်ခံနိုင်သေးတယ်။ အခုက ရှေ့တန်း စစ်တပ်လည်း မဟုတ်ပဲ သေနတ်မှန် သေရတာ။

Irrawaddy