ဧပြီလ ၁၀ ရက်၊ ၂၀၂၀ ပြည့်နှစ်။ စအိုင်ဆူး

Covid-19 ကပ်ရောဂါ ရင်ဆိုင်နေရချိန်တွင် မြန်မာ့တပ်မတော်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲ ရေးကို လိုက်နာ၍ တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကို ချက်ချင်းရပ်စဲရန် လူ့အခွင့် အရေး မှတ်တမ်းကွန်ယက်(ND-Burma)က ယနေ့ (ဧပြီ ၁၀ရက်) ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုလိုက် သည်။

တပ်မတော်အနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာနှင့် တည်ရှိနေမှုကိုအခွင့်ကောင်းယူ အသုံးချ၍ လက်နက် ကိုင် ပဋိပက္ခဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် ပြည်သူလူထုအတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းထက် စစ်တပ်၏ လိုလားချက်ကို ရှေ့တန်းတင် ဆောင်ရွက်နေမှုအပေါ် ရှုတ်ချကြောင်း ND-Burma ကွန်ယက်က ဆိုသည်။

ကွန်ယက်၏ ပြောခွင့်ရ ဒေါ်သက်သက်အောင်က “ဒီအချိန်သည် ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ အားလုံးပူး ပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတယ်။ အစိုးရ၊ တပ် ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ စသဖြင့် ဒါတွေသည် လက်ရှိမှာ Covid-19 ဖြစ်နေတဲ့ ကာလမှာတောင် ရပ်တန့်မှု မလုပ်နိုင်ဘူးဆိုရင် ငြိမ်းချမ်းရေး အတွက်ဆိုရင် ကျမတို့ ဘယ်လိုပုံဖော်ကြမလဲပေါ့။ အခုလက်ရှိကာလသည် အပစ်အခတ်ရပ်စဲထားရမယ့် ကာလဖြစ်တာ တောင် မရပ်စဲနိုင်တာ ဖြစ်တဲ့အတွက် ဒါကအင်မတန်မှ ပြည်သူလူထုအတွက်ရော တိုင်းပြည်အတွက်ရော ဆုံးရှုံး နစ်နာမှုတွေရှိနိုင်ပါတယ်” ဟု ကေအိုင်စီသို့ပြောသည်။

လက်ရှိတွင် ရခိုင်နှင့် ချင်းပြည်နယ်တို့အတွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာ့တပ်မတော်တို့ အကြား ပစ်ခတ်တိုက်ခိုက်မှုပြင်းထန်လျက်ရှိပြီး တပ်မတော်၏ လေကြောင်းစစ်ဆင်ရေးများပါ အသုံးပြုမှုကြောင့် အရပ်သား ပြည်သူများထိခိုက်သေဆုံးမှုများရှိနေသလို စစ်ပြေးရှောင်နေရသူ သိန်းချီရှိနေပြီးဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။

အလားတူ အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်း အစိုးရတပ် မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားမှုရှိနေသလို အရပ်သားများအပေါ်ပစ်မှတ်ထား တိုက်ခိုက်မှုများလည်းရှိနေကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများဘက်က ပြောသည်။

ယနေ့ ND-Burma ထုတ်ပြန်ချက်၌ တအာင်းအမျိုးသမီးအဖွဲ့(TWO)၊ တအာင်းကျောင်းသားနှင့်လူငယ်များ အစည်းအရုံး(TSYU)နှင့် တအာင်းလူမှုအဖွဲ့အစည်းများ၏ မှတ်တမ်းများအရ တအာင်းဒေသတွင်၂၀၂၀ မတ်လ တစ်လအတွင်း မတရားဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အတင်းအဓမ္မစေခိုင်းမှု ၁၈ မှုဖြစ်ပွားခဲ့ကြောင်း၊ ရခိုင် ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC)၏ မှတ်တမ်းများအရ ရခိုင်နှင့် ချင်းပြည်နယ် အတွင်းသတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူမဆန်စွာပြုကျင့်မှု၊ ပျောက်ဆုံးမှု၊ အတင်းအကြပ် ဖမ်းဆီး ခံရမှုနှင့် သတင်းမီဒီယာများအပေါ် ဖိနှိပ်မှု ၅၁ ခုရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် ကူးစက်ရောဂါ ပြန့်ပွားနေသည့် ကာလမျိုးတွင် ပြည်သူလူထုအပေါ် မှန်ကန်ရိုးသားစွာ အကာအကွယ် ပေးလိုပါက မြန်မာစစ်တပ်အနေဖြင့် ရခိုင်နှင့် ချင်းပြည်နယ်အတွက် ဖြတ်တောက်ထားသည့် အင်တာနက်များ ကို ပြန်လည်ဖွင့်ပေးရန်လိုအပ်သလို တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို လိုက်လျောရမှာဖြစ်ပြီး ရောဂါ ကူးစက်ပျံ့နှံ့မှုတားဆီးရေး လုပ်ငန်းများတွင်လည်း မည်သည့် အရပ်သားများကိုမျှ ချန်လှပ်မထားရန် ND-Burma အနေဖြင့် မြန်မာအစိုးရနှင့် စစ်တပ်ကို ထုတ်ပြန်ချက်၌ တောင်းဆိုထားသည်။

တအာင်းကျောင်းသားနှင့်လူငယ်များ အစည်းအရုံးမှ လွေးပိုးစေက “ဒါကို ရပ်စဲမှပဲ ဒီ Covid-19 နဲ့ပတ်သက် တဲ့ ဟာကို ကျမတို့ ရွာထဲအထိ သွားပြီးမှ လုပ်နိုင်တာလေးတွေရှိမယ်။ အခုကျတော့ နယ်မြေအခြေအနေ မတည် ငြိမ်နေတဲ့အချိန်မှာ ကျမတို့မှာ ဒီဟာကို သွားလုပ်ဖို့တောင်မှ မသွားရဲတဲ့ အခြေအနေတွေရှိတယ်။ ကျမတို့ ပြည် သူလူထုမှာ ဒီရောဂါ အန္တရာယ်ကိုကော ၊ နောက်ဘယ်အချိန်မှာလက်နက်ကြီးတွေကျလာ မလဲဆိုတဲ့ အန္တရာယ် ကိုကော တပြိုင်နက်စိုးရိမ်နေရတဲ့ အခြေအနေမှာရှိနေပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကမ္ဘာ့ကပ်ရောဂါ ကျရောက်နေချိန် ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရန်နှင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် အတူတကွပါဝင်ကြရန် ကမ္ဘာ့ကုလသမဂ္ဂ ထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်မှ တိုက်တွန်း ပြောဆိုထားသော်လည်း မြန်မာအစိုးရမှ ရက္ခိုင့်တပ်တော်(AA)ကို ပြီးခဲ့သည့် မတ်လ ၂၃ရက်နေ့က အကြမ်း ဖက် အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာလိုက်ပြီးနောက် အစိုးရတပ်မတော်နှင့် AAအကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်လာခဲ့သည်။

အလားတူ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB ကလည်း ရခိုင်၊ ချင်း၊ ကရင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် တပ်မတော်မှ ထိုးစစ်ဆင်နေမှုများကို ရပ်တန့်ရန်နှင့် တပ်စခန်းများရုပ်သိမ်းရန်၊ NCAပါ အချက် များကို လိုက်နာရန်အပြင် အပစ်အခတ်ရပ်စဲ၍ Covid-19 ကာကွယ်ရေးအစီအစဉ်များကို အမြန်ဆုံး အကောင် အထည်ဖော်ရန်စသည့် အချက် (၉)ချက်ပါ တောင်းဆိုချက်ဖြင့် ယမန်နေ့က ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန် ထားသေးသည်။

ND-Burmaကို တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများကို ကိုယ်စားပြုသည့် အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး နစ်နာသူများ၏ တရားမျှတမှုရရှိရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစ၍ မှတ်တမ်းတင်နေသည့်အဖွဲ့ဖြစ်သည်။

KIC News