Burma Monitor ၏ 2020 Jan မှ 2020 Feb အထိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရသူများနှင့် ပဋိပက္ခများအတွင်း မြေမြုပ်မိုင်းများ ကြောင့် သေဆုံးဒဏ်ရာရသူများအား ဖော်ပြထားပါသည်။ အချက်အလက်များနှင့် ပတ်သက်၍ အစိုးရ သတင်းမီဒီယာ စာမျက်နှာများ၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ သတင်းစာမျက်နှာများ၊ တိုင်းရင်းသား ဒေသတွင်းရှိ မီဒီယာများ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ သတင်းမီဒီယာများနှင့် ပြည်တွင်းသတင်းမီဒီယာများ စုစုပေါင်း (၄၃)ခုမှ တွေ့ရှိချက်များအား ဖော်ပြ ထားပါသည်။

 

ရခိုင်ပြည်နယ်

၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (ULA/AA) တို့အကြား တိုက်ပွဲ ရက်ပေါင်း (၅၇) ရက်ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ အမ်း၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ တောက်ကုတ်၊ ရမ်းဗြဲ၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ရှိ စုစုပေါင်း ကျေးရွာ (၈၀)ရွာတို့တွင် တိုက်ပွဲပေါင်း (၁၆၅) ကြိမ်ဖြစ်ပွားကာ ပလက်ဝမြို့နယ်တွင် အများဆုံး ဖြစ်ပွားခဲ့သည်။
လက်နက်ကိုင်တိုက်ပွဲများကြောင့် သေဆုံးသူ (၁၅၈)ဦး၊ ဒဏ်ရာရရှိသူ (၁၆၇) ဦးနှင့် ပျောက်ဆုံးသူ (၄) ဦးရှိခဲ့သည်။ မြန်မာ့တပ်မတော်ဘက်မှ ကျဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ပိုမိုများပြားခဲ့သည်။ တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်မှ ကြည်း၊ ရေ၊ လေ၊ တပ်များအပါအဝင် ဂျက်တိုက်ယာဥ်များ၊ ရှော့ကတ်ဒုံးကျည်များ၊ ဗုံးခွဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများ၊ အသုံးပြုတိုက်ခိုက်မှုများရှိခဲ့သည်။
ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ၂၉ ရက်နေ့အတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း (၂၇)ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ (၁၆)ဦး၊ ဒဏ်ရာရ သူဦးရေ (၃၂)ဦး၊ ဖမ်းဆီးခံရသူဦးရေ (၁၅၇)ဦး၊ ပြန်လည် လွတ်မြောက်သည့် ဦးရေ (၃၇)ဦး၊ အဓမ္မပြုကျင့် ခံရသူ (၁)ဦးနှင့် ပျောက်ဆုံးသူ (၁)ဦးတို့ ရှိခဲ့သည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်၊ စစ်တွေ၊ မင်းပြား၊ ရမ်းဗြဲ၊ မောင်တော၊ တောင်ကုတ်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် မြေပုံမြို့နယ်တို့၌ မြေမြှုပ်မိုင်း ပေါက်ကွဲမှု (၁၈)ကြိမ်ဖြစ်ပွားခဲ့သောကြောင့် ကလေး (၄)ဦးနှင့် အမျိုးသား (၇)ဦးတို့ သေဆုံးခဲ့ပြီး ကလေး (၃)ဦး၊ အမျိုးသမီး (၁၀)ဦး၊ အရပ်သား (၁၉) ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ အဆိုပါမိုင်းပေါက်ကွဲမှုများသည် ဇန်နဝါရီလ (၇)၊ (၉)၊ (၁၁)၊ (၁၃)၊ (၂၀)၊ (၂၇) ရက်နေ့နှင့် ဖေဖော်ဝါရီ လ (၁)၊ (၂)၊ (၈)၊ (၁၀)၊ (၁၃)၊ (၁၈)၊ (၂၀)၊ (၂၂)၊ (၂၆) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ ပြင်းထန်မှုများကြောင့် စစ်ဘေးရှောင် ဦးရေမှာ (၁၀၆၆၁၄)အထိ တိုးလာခဲ့ပြီး ဒုက္ခသည်များအတွက် နေရာထိုင်ခင်းနှင့် အစားအသောက် အခက်အခဲများလည်း ရှိနေသည်။

=======

ရှမ်းပြည်နယ်

၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းကိုင်၊ နမ့်ဆန်နှင့် ကျောက်မဲမြို့နယ် တို့၌ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် တို့ကြား (၁)ကြိမ်၊ မြန်မာ့တပ်မတော်နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား(၆) ကြိမ်နှင့် မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်လွတ်မြောက်ရေး တပ်မတော် (RCSS) တို့ကြား (၂)ကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် အမျိုးသမီး (၂)ဦး သေဆုံးကာ လက်နက်ကြီး ကျည်ကျရောက်မှုများကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် (၁)လုံးပျက်ဆီးခဲ့သည်။
ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အတွင်း ရှမ်းပြည်နယ်အတွင်း၌ လူ့အခွင့်အရေးချိုးဖောက်မှု ပေါင်း အကြိမ်(၂၀) ဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်မှ (၆) ကြိမ်၊ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ (၄)ကြိမ်နှင့်ကျန်လူ့အခွင့်အရေးချိုးဖောက်မှုများအား ချိုးဖောက်သည့် အဖွဲ့အစည်းအမည်များ ဖော်ပြထားခြင်းမရှိပေ။ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၉)ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသား (၄)ဦး ဒဏ်ရာရှိကာ အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၁၁)ဦး တို့ ဖမ်းဆီးခံခဲ့ရသည်။ ထို့အပြင် နေအိမ်အတွင်း အတင်းအဓမ္မ ဝင်ရောက်ရှာခြင်း၊ အရပ်သားများအား ပစ်ခတ်သတ်ဖြတ်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်များအား အတင်းအဓမ္မယူဆောင်ခြင်း၊ တပ်သားစုဆောင်းခြင်းနှင့် ဆက်ကြေးကောက်ခံမှုများ လည်း လုပ်ခဲ့သည်။
ရှမ်းပြည်နယ်အတွင်း လောက်ကိုင်မြို့နယ်၊ မိုင်းငေါ့မြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် ကျောက်မဲမြို့နယ် တာချီလိတ်မြို့ နယ် အတွင်းရှိ ရင်ကျားကန်၊ မန်ကန်၊ ပန်လော့၊ နန်းကော်၊ ပန်နှီမ်း၊ တော့ဆန်၊ မန်ခေါက်၊ မင်းကုန်း၊ အာပြောက်၊ ကွင်းစလင်းနှင့် ကျောက်ဖြူကျေးရွာစသော ကျေးရွာများ၌ မြေမြုပ်မိုင်း ပေါက်ကွဲမှု (၁၃)ကြိမ်် ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုများကြောင့် အမျိုးသား (၁)ဦး သေဆုံးကာ အမျိုးသား (၁၁) ဦးနှင့် အမျိုးသမီး (၇) ဦးတို့ ဒဏ်ရာရရှိ ခဲ့သည်။

======

ကရင်ပြည်နယ်

၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ကရင်ပြည်နယ် ကမမောင်းမြို့နယ်၊ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်တို့၌ မြန်မာ့တပ်မတော်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား (၂)ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ကြား (၁)ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲများပြီးတွင် မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီးအလုံး (၄၀)ကျော်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ (၂)ဦး သေဆုံးခဲ့သည်။
ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှု (၃)ကြိမ် ဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲခြင်းကြောင့် (၁)ဦး သေဆုံးကာ (၂)ဦး ဒဏ်ရာရခဲ့သည်။ ကရင်ပြည်နယ် KNU တပ်မဟာ (၅) နယ်မြေ၌ လမ်းဖောက်ရာတွင် လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းအား KNUမှ မိုင်းဖောက်ခွဲမှု ပြုလုပ်ခဲ့သောကြောင့် မြန်မာ့တပ်မတော်မှ အရာရှိ (၁)ဦးသေဆုံး၍ အဆိုပါလမ်းဖောက် ဆောင်ရွက်မှုအတွက် စားနပ်ရိက္ခာများ ပို့ဆောင် သည့် တပ်မတော်ယာဥ်တန်းကိုလည်း ဒေသန္တရမိုင်း တစ်လုံးဖြင့် မိုင်ထောင်ဖောက်ခွဲခဲ့သဖြင့် မော်တော်ယာဥ် (၁)စီးနှင့် ဆန်အိတ်များ ပျက်စီးဆုံးရှုံးခဲ့သည်။

======

ကချင်ပြည်နယ်

ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ကချင်ပြည်နယ် မိုးမောက်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ် တို့၌ မြေမြုပ်မိုင်းပေါက်ကွဲမှု (၂) ကြိမ်ဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီး (၁)ဦး သေဆုံးခဲ့ပြီး အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၂)ဦးတို့ ဒဏ်ရာရခဲ့သည်။