Burma Monitor ၏ ၂၀၂၀ မတ်လ ၁ ရက်နေ့မှ ၃၁နေ့အထိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရသူများနှင့် ပဋိပက္ခများအတွင်း မြေမြုပ်မိုင်းများ ကြောင့် သေဆုံးဒဏ်ရာရသူများအား ဖော်ပြထားပါသည်။ အချက်အလက်များနှင့် ပတ်သက်၍ အစိုးရ သတင်းမီဒီယာ စာမျက်နှာများ၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ သတင်းစာမျက်နှာများ၊ တိုင်းရင်းသား ဒေသတွင်းရှိ မီဒီယာများ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ သတင်းမီဒီယာများနှင့် ပြည်တွင်းသတင်းမီဒီယာများ စုစုပေါင်း (၄၃)ခုမှ တွေ့ရှိချက်များအား ဖော်ပြထားပါသည်။
ပုံတစ်ပုံချင်းစီအောက်တွင် သက်ဆိုင်ရာအကြောင်းအရာများကို ဝင်ရောက်ဖတ်ရှု့နိုင်ပါသည်။
ရခိုင်ပြည်နယ်၂၀၂၀ခုနှစ် မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ရခိုင် ပြည်နယ်ရှိ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ အမ်း၊ ကျောက်ဖြူ၊ မြောက်ဦး၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့တွင် တိုက်ပွဲပေါင်း (၈၃) ကြိမ်ဖြစ်ပွားခဲ့ပြီး ပလက်ဝမြို့နယ်တွင် အများဆုံး ဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားသည့် ရက်များမှာ တိုက်ပွဲဖြစ်ပွားသည့်ရက်ပေါင်း (23) ရက်ဖြစ်ပွားခဲ့ပြီး မတ်လ 12,17,18,21,26,29,30,31 ရက်နေ့များတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသည်ကို နှစ်ဖက်ထုတ်ပြန်ချက်များနှင့် သတင်းမီဒီယာများ၏ ဖော်ပြချက်များ အရ သိရသည်။
သတင်းဖော်ပြချက်များအရ လက်နက်ကိုင်တိုက်ပွဲများကြောင့် သေဆုံးသူ (၁၂၈)ဦး၊ ဒဏ်ရာရရှိသူ (၁၄၇) ဦး၊ ဖမ်းဆီးခံရသူ (၃၄) ဦးနှင့် လက်နက်ကြီး လက်နက်ငယ်များ ကျရောက်မှုကြောင့် နေအိမ် (၄၇) လုံး ပျက်စီးခဲ့သည်။ အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ပိုမိုများပြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများတွင် ကြည်း၊ ရေ၊ လေ၊ တပ်များအပါအဝင် ဂျက်တိုက်ယာဥ်များ၊ ရှော့ကတ်ဒုံးကျည်များ၊ ဗုံးခွဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများ၊ အသုံးပြုတိုက်ခိုက်မှုများရှိခဲ့သည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီးပစ်ကူသည့် (ဗျူဟာကုန်း)၌ ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ရက် (၄၀) ကျော်ကြာသည်ကို တွေ့ရသည်။

မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း (၂၀)ခုဖြစ်ပွားကာ သေဆုံးသူဦး ရေ အမျိုးသား (၈)ဦးနှင့် အမျိုးသမီး (၃)ဦး စုစုပေါင်း (၁၁) ဦး၊ ဒဏ်ရာရသူဦးရေ အမျိုးသမီး (၂) ဦး၊ ဖမ်းဆီးခံရသည့်သူဦးရေ (၁၁၇)ဦး၊ ပြန်လည်လွတ်မြောက်သူဦးရေ (၅၈)ဦးတို့ ဖြစ်သည်။ ယခုလအတွင်း ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုး ဖောက်မှုများပုံစံများမှာ ညှင်းပမ်းနှိပ်စက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လူနေအိမ်နှင့် အဆောက်အအုံများအား အကြောင်းမဲ့ မီးရှို့ဖျက်စီးခြင်း၊ ဆက်သွယ်ရေးဖြတ်တောက်ခြင်းများ ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်မှုများကြောင့် စစ်ဘေးရှောင်ဦးရေမှာ ဖေဖေါ်ဝါရီလ၌ (၁၀၆၆၁၄)ဦးရှိခဲ့ပြီး မတ်လ အတွင်း၌ (၁၂၈၄၀၀)အထိ တိုးလာကာ ဒုက္ခသည်များအတွက် နေရာထိုင်ရေး နှင့် အစားအသောက် အခက်အခဲများ လည်း ရှိသည်။ သောက်သုံးရေ ရရှိရန် အခက်အခဲများလည်း ရှိနေသဖြင့် လက်ရှိရင်ဆိုင်နေရသော COVID-19 ရောဂါကာကွယ်ရေး အတွက် လက်ဆေးရန်ပင် မဖြစ်နိုင်ဟု ရခိုင်အမျိုးသားပါတီ ဒေါ်အေးနုစိန်မှ ပြောခဲ့သည်။

မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်၊ မင်းပြား၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တို့၌ မြေမြှုပ်မိုင်း ပေါက်ကွဲမှု (၈) ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါပေါက်ကွဲမှုကြောင့် ကလေး (၂)ဦးနှင့် အမျိုးသား (၂)ဦး သေဆုံးခဲ့ပြီး အရပ်သား (၁၃)ဦးဒဏ်ရာရရှိခဲ့သည်။

=========

ရှမ်းပြည်နယ်

၂၀၂၀ခုနှစ် မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုးမိတ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုင်းကိုင်၊ မိုင်းတုံနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းခတ်မြို့နယ်တို့၌ မြန်မာ့တပ်မတော်နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)တို့ကြား (၆)ကြိမ်၊ မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်လွတ်မြောက်ရေး တပ်မတော် (RCSS) တို့ကြား (၂၀)ကြိမ်၊ မြန်မာ့တပ်မတော်နှင့် ကောင်းခါးပြည်သူ့စစ်တို့ကြား (၁)ကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်ထုတ်ပြန်ချက်များနှင့် သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ ယင်းလက်နက်ကိုင် တိုက်ပွဲများကြောင့် (၂)ဦး သေဆုံးခဲ့ပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့သည်။

မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ရှမ်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင် များမှ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည်။ သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ လူ့အခွင့်အရေး ချိုးဖောက်မှု ပေါင်း (၇)ကြိမ်ရှိခဲ့ပြီး မြန်မာ့တပ်မတော်မှ (၄)ကြိမ်၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)မှ (၂)ကြိမ်နှင့် ကျန်လူ့အခွင့်အရေးချိုးဖောက်မှုများအား ချိုးဖောက်သည့် အဖွဲ့အစည်းအမည် ဖော်ပြထားခြင်း မရှိပေ။ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် သေဆုံးသူ အမျိုးသား (၁)ဦး၊ ဒဏ်ရာရသူ အမျိုးသား (၁)ဦး၊ ဖမ်းဆီးခံရသူ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၈)ဦး ရှိခဲ့သည်။ ချိုးဖောက်သည့် ပုံစံများမှာ ဒေသခံများအား ဖမ်းဆီးခြင်း၊ နေအိမ်အတွင်း အတင်းအဓမ္မ ဝင်ရောက်ရှာခြင်း၊ အရပ်သားများအား ပစ်ခတ်သတ်ဖြတ်ခြင်း၊ တပ်သားစုဆောင်းခြင်း နှင့် ဆက်ကြေးကောက် ခံခြင်းများ ဖြစ်သည်။

မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မိုင်းကိုင်မြို့နယ် ကောင်းမူးရွာနှင့် နန်းလှရွှေကျေးရွာမှ ဒေသခံ (၁၀၇)ဦး၊ ကျေးသီးမြို့နယ်နှင့် မိုင်းနောင်မြို့နယ်တို့မှ ဒေသခံ (၂၆၀)ကျော်၊ မိုင်းကိုင်မြို့နယ်မှ ဒေသခံ (၄၆၀) ကျော်၊ မိုးမိတ်မြို့နယ်မှ (၃၀၀)ကျော်တို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သတင်းဖော်ပြချက်များမှ တွေ့ရှိချက်များအရ မတ်လအတွင်း ရှမ်းပြည်နယ်၌ မိုင်းပေါက်ကွဲ၍ သေဆုံးဒဏ်ရာရသူများ မရှိကြောင်း တွေ့ရသည်။

==========
ကရင်ပြည်နယ်

မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်တို့၌ မြန်မာ့တပ်မတော်နှင့် ကရင် အမျိုးသား အစည်းအရုံး(KNU)တို့ကြား တိုက်ပွဲ (၂)ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်မှ (၁)ဦး သေဆုံးခဲ့သည်။ ယခုကဲ့သို့ တိုက်ပွဲဖြစ်ရခြင်းမှာ မြန်မာ့တပ်မတော်ဖက်မှ (KNU) တပ်မဟာ(၅) ဧရိယာအတွင်းသို့ လမ်းဖောက်လုပ်ခြင်းကြောင့် နှစ်ဘက် စစ်ရေးပဋိပက္ခ ဖြစ်ပွားရခြင်း ဖြစ်ပြီး မြန်မာ့တပ်မတော်ဘက်မှ တပ်အင်အား တိုးချဲ့မှုများလည်း ပြုလုပ်ခဲ့သည်။ ထို့အပြင် ဒွယ်လုံးမြို့နယ် မယ်ဝိုင်းကျေးရွာအနီး KNU-ကရင်အမျိုးသား အစည်းအရုံး၏ မူတရော်(ဖာပွန်) ခရိုင်သစ်တောဌာန တောခေါင်း (၂)ဦးသည် ဆိုင်ကယ်ဖြင့်သွားစဉ် မြန်မာ့တပ်မတော်မှ ပစ်ခတ်ခဲ့သော ကြောင့် တောခေါင်း (၁)ဦး သေဆုံးခဲ့သည်။

ကရင်ပြည်နယ် ဘားအံမြို့ အုန်းတပင်ကျေးရွာ၌ လက်ပစ်ဗုံးပေါက်ကွဲခဲ့သောကြောင့် ဒေသခံ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ သေဆုံးခဲ့သည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ စစ်ဘေးရှောင်များအား နိုင်ငံတကာရောက် ကရင်များမှ ထောက်ပံ့ကူညီသွားမည်ဟု နော်ဝေနိုင်ငံ ရောက် စောဆာ့ကပေါ်ဝါးမှ ပြောခဲ့သည်။

==========

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း

မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း မွန်ပြည်နယ် ရေးမြို့ ရေးချောင်းဖျားဒေသ ကမ်းနီကျေးရွာ၌ မြေမြှုပ်မိုင်းပေါက်ကွဲမှု (၁)ကြိမ် ဖြစ်ပွားကာ ဒေသခံ (၁)ဦး ဒဏ်ရာရှိခဲ့ပြီး တနင်္သာရီတိုင်း ရေးဖြူမြို့နယ် မျောက်ချောကျေးရွာအနီး၌ မြေမြှုပ်မိုင်း ပေါက်ကွဲမှု (၁)ကြိမ် ဖြစ်ပွားကာ ဒေသခံ (၂)ဦး ဒဏ်ရာရရှိခဲ့သည်။

=======

ကချင်ပြည်နယ်

မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ကချင်ပြည်နယ် မိုးကောင်းမြို့နယ်နှင့် ဒေါ့ဖုန်းယန်မြို့တို့၌ မြေမြုပ်မိုင်းပေါက်ကွဲမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ (၄)ဦး ဒဏ်ရာရခဲ့သည်။

ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မန်စီ၊ မိုးကောင်းနှင့် မိုးမောက်မြို့နယ်အတွင်းရှိ ရွာပေါင်း (၁၇)ရွာမှ တိုက်ပွဲရှောင်များအား စစ်ရှောင်စခန်းများမှ နေရပ်ပြန်နိုင်ရေး မြန်မာ့တပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO) နှင့် ကချင်လူသားချင်းစာနာမှုကော်မတီ (KHCC)တို့ ညှိနှိုင်းဆွေးနွေးခဲ့ပြီး တိုက်ပွဲရှောင်များ ပြည်လည်နေရာချထားရေး အတွက် ဂျပန်နိပွန်ဖောင်ဒေးရှင်းမှ အမေရိကန်ဒေါ်လာ (၅)သန်းထောက်ပံ့ပေးခဲ့သည်။ ကချင်ပြည်နယ်၌ စစ်ရှောင်စခန်း ပေါင်း (၁၆၉)ခုရှိပြီး တိုက်ပွဲရှောင်လူဦးရေ (၁၇၀၀၀၀)ကျော် ရှိသည်ဟု စစ်ရှောင်များ ကူညီပေးနေသည့် အဖွဲ့အစည်းများမှ ဖော်ပြထားသည်။ စစ်ရှောင်စခန်းများတွင် သောက်သုံးရေနှင့် လတ်တလော ရင်ဆိုင်နေရသည့် ကိုရိုနာဗိုင်းရပ်အား ကာကွယ်နိုင်ရန် ကာကွယ်ရေးပစ္စည်းများ အရေးပေါ် လိုအပ်လျက်ရှိသည်။

==========