တိုက်ပွဲဆက်တိုက်ပြင်းထန်နေတဲ့ ပလက်ဝမြို့နယ်က ပွီဝုန်းရွာကို မနေ့တုန်းက မတ်လ ၉ ရက်နေ့မှာ ရွာထဲကို လက်နက်ကြီးကျလို့ အရပ်သား နှစ်ယောက် သေဆုံးပြီးတော့၊ လေးယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့မနက်မှာ ပြောပါတယ်။
တောင်ယာကို မှီခိုအားထားလုပ်ကိုင်တဲ့ ပွီဝုန်းရွာဟာ အိမ်ခြေ ၄၀ ဝန်းကျင်ပဲ ရှိပါတယ်။ နေအိမ် ၁၅ လုံးနဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတယ်လို့ ပွီဝုန်းရွာခံက ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ပွီဝုန်းဒေသတစ်ဝိုက် တိုက်ပွဲပြင်းထန်နေတာ အခုဆိုရင် ရက်ပေါင်း ၂၀ ကျော်လာပါပြီ။
တစ်နေ့တည်းမှာပဲ မင်းပြားမြို့နယ်က ဖားပြိုရွာထဲကို လက်နက်ကြီးကျလို့ အရပ်သား ငါးယောက်ဒဏ်ရာရတယ်လို့ ဖားပြိုရွာခံတစ်ယောက်က RFA ကို ပြောပါတယ်။ လက်နက်ကြီးကြောင့် နေအိမ် ၁၀ လုံးလည်း မီးလောင်သွားတယ်လို့ သူက ပြောပါတယ်။
ဒဏ်ရာရသွားတဲ့ အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး လေးယောက်ကို မင်းပြားဆေးရုံကို ပို့ထားကြပါတယ်။ ဒီလိုတိုက်ပွဲဖြစ်တိုင်း ရာမောင်တံတားထိပ်မှာ နေရာယူထားတဲ့ တပ်မတော်ဘက်က ရွာထဲကို လက်နက်ကြီးနဲ့ လှမ်းပစ်တာခံရတယ်လို့ ရွာသားတွေက ပြောပါတယ်။
မင်းပြားနဲ့ ပလက်ဝမြို့နယ်တို့မှာ မနေ့က တိုက်ပွဲဖြစ်ပွားပြီးတော့၊ တပ်မတော်က လေကြောင်းသုံးတိုက်ခိုက်တာကို AA က ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။ အရပ်သားတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတဲ့ကိစ္စတွေကို တပ်မတော်နဲ့ AA တို့ရဲ့ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။