ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့မှာ အသက် ၁၃ နှစ်အရွယ် ဆိုင်အကူလုပ်သား ကလေးငယ်အား ဆီလောင်းမီးရှို့ခဲတဲ့ဆိုင်ပိုင်ရှင်ဒေါ်ချိုချိုစန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီလို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူက ပြောပါတယ်။

“ဆိုင်က အလုပ်သမားကလေးကို နှိပ်စက်မှုနဲ့ ဆိုင်ရှင် ဒေါ်ချိုချိုစန်းကို မနေ့က ညပိုင်းမှာ ဖမ်းဆီး လိုက်ပါပြီ။ ရဲလုပ်ငန်းစဉ်အတိုင်း လိုအပ်တဲ့ သက်သေစစ်ဆေးမှုတွေလုပ်ဆောင်သွားမှာပါ၊ လောလောဆယ်တော့ လပွတ္တာမြို့မရဲစခန်းမှာ သူ့ကို စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်”လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက ဒီဗွီဘီကိုပြောပါတယ်။

အသက် ၁၃ နှစ်အရွယ် ဆိုင်အကူကလေးငယ်အား ဆီလောင်းမီးရှို့ခဲ့တဲ့ ဒေါ်ချိုချိုစန်းဆိုသူကို ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးရဲ့ တရားလိုပြုလုပ်တိုင်တန်းမှုနဲ့ လပွတ္တာမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ နဲ့ အမှုဖွင့်ပြီး ၂ ရက်အကြာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

မီးရှို့ခံရတဲ့ ဆိုင်အကူကလေးငယ်ကို မိဘတွေရဲ့ သဘောဆန္ဒအရ ဖေဖော်ဝါရီ ၂၃ ရက် ည ၁၀ နာရီကျော်မှာ ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းကုသဖို့အတွက် တာဝန်ကျ ဆရာဝန်တွေက ခွင့်ပြုခဲ့လို့ လက်ရှိအချိန်မှာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ ၃ မိုင်ဆေးရုံ၊ လှုမှုဆက်ဆံရေးအရာရှိ ကိုအောင်မျိုးခိုင်က ဒီဗွီဘီကိုပြောပါတယ်။

အသက် ၁၃ နှစ်အရွယ် ကလေးကို မီးရှို့ခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ အသက် ၃၆ နှစ်အရွယ် ဒေါ်ချိုချိုစန်းကို လက်ရှိအချိန်မှာ လပွတ္တာမြို့မရဲစခန်းမှာ စစ်ဆေးဖို့ မြို့နယ်တရားသူကြီးဆီကို ချုပ်မိန့်ရမန် ၁၀ ရက်တောင်းခံထားတယ်လို့ တိုင်းရဲတပ်ဖွဲ့ဆီက သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

DVB News