ဇန်နဝါရီ ၂၄ ရက် ၂၀၂၀
တအာင်းအမျိုးသမီးအဖွဲ့အစည်း
ဇန်နဝါရီလ ၂၃ ရက် ၂၀၂၀ ခုနှစ်တွင် အာဗြောင်ကျေးရွာ၊ မိုင်းငေါ့မြို့နယ်ခွဲ ကျောက်မဲခရိုင်တွင် နေထိုင်သည့် ရွာသား ၃ ဦး မိုင်းနင်းမိ၍ ဒဏ်ရာကိုယ်စီ ရရှိပြီး ကျောက်မဲနှင့် မန္တလေးဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။
ဒဏ်ရာရရှိသူများမှာ မိုင်းအိုက်လင်း (၃၀) နှစ်၊ မိုင်းကျော်ရွှင် (၂၆) နှစ် နှင့် မိုင်းမင်းနိုင် (၂၇) နှစ် တို့ဖြစ်ပြီး တောင်ယာတွင် ထင်းခုတ်ရန် ဆိုင်ကယ်ဖြင့် သွားနေစဉ် ကျေးရွာနှင့် ၁၀ မိခန့် အကွာအဝေးတွင် မိုင်းထိမိပြီး ဒဏ်ရာ အသီးသီး ရရှိခဲ့သည်။
ခြေထောက်တွင် ဒဏ်ရာရရှိသူ မိုင်းအိုက်လင်းနှင့် မိုင်းကျော်ရွှင်မှ ကျောက်မဲပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူပြီး ဝမ်းဗိုက်တွင် ဒဏ်ရာရရှိသူ မိုင်းမင်းနိုင်မှ မန္တလေးဆေးရုံသို့ လွဲပြောင်းကုသမှုခံယူနေရသည်။ ၎င်းတို့ သုံးဦးအနက် တစ်ဦးသည် ခြေထောက်တစ်ဖက်ကျိုးပြီး စတီးထည့်နေရသည်ဟု ထပ်မံသိရသည်။
ကျောက်မဲမြို့နယ်တွင် ဇန်နဝါရီ ၁ ရက်နေ့မှ ယနေ့အထိ မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူ (၆) ဦးအထိ ရှိနေပြီဖြစ်သည်။