(ပလက်ဝမြို့ – ၂၂၊ ၀၁၊ ၂၀၂၀)
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် င/ရှားကျေးရွာက နောက်ထပ် အမျိုးသမီးငယ်တစ်ဦး မြေမြုပ်မိုင်းနင်းမိတဲ့အတွက် ညာဖက်ခြေသလုံးကျိုးပဲ့ကာ ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေလျှက်ရှိသည်ဟု ဒေသခံတဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။

ပလက်ဝမြို့မှမြောက်ပိုင်း မိုင်(၂၀)လောက်ကွာဝေးတဲ့ င/ရှားကျေးရွာက အဘ ဦးအောင်ဝင်း၏သမီး အသက်(၂၂) အရွယ်ရှိတဲ့ မခင်းလုံးသည် ၁၇၊ ၀၁၊ ၂၀၂၀ရက်နေ့ မနက်ပိုင်းတွင် တောင်ယာသို့ စပါးထမ်းသွားနေစဉ် မြေမြုပ်မိုင်းနင်းမိတဲ့အတွက် အခုလိုညာဖက်ခြေထောက်ကြိုးပဲ့ခြင်းဖြစ်ပြီး အဲဒီနေ့ညနေ ပိုင်းမှာ တခါတည်းပလက်ဝမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြကြောင်း သူကဆက်ဆိုသည်။

အလားတူစွာ ၀၇၊ ၀၁၊ ၂၀၂၀ရက်နေ့တွင် အမေဖြစ်သူ ဒေါ်ဟွေ့တင်သည် တောထဲသွားရာကနေ မြေမြုပ်မိုင်းနင်းမိ၍ ညာဖက်ခြေထောက်နှင့်မျက်နှာတွင် ဒက်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေပြင်းထန်တဲ့အတွက် ပလက်ဝဆေးရုံမှာ မကုသနိုင်ဘဲ စစ်တွေဆေးရုံသို့ ပို့ဆောင်က ယခုစစ်တွေဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေလျှက်ရှိကြောင်း ထိုသူကဆိုပါသည်။

၎င်းတို့မိသားစုသည် သာမန်တောင်သူလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူ ဖြစ်နေသည်နှင့်အညီ ငွေကြေးအခက်အခဲရှိတဲ့အတွက် မိုင်းကြောင့်အမေဖြစ်သူ စစ်တွေဆေးရုံသို့ ဆေးဝါးကုသရာတွင်လည်း အလှုံရှင်တွေဆီက အကူအညီကိုသာအားထားရပြီး ယခု နောက်ထပ် သမီးဖြစ်သူ မိုင်းပြန်ထိတော့ ၎င်းတို့ အတွက် ငွေကြေးမှာပိုပြီး ခက်ခဲလာနေရကြောင်း သိရပါသည်။

ယနေ့အချိန်အထိ ပလက်ဝမြို့နယ်အတွင်း မြေမြုပ်မိုင်းနင်းမိတဲ့အတွက် လူ(၃)ဦးသေဆုံးပြီး (၅)ဦးထိခိုက် ဒဏ်ရာရရှိပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

For media inquiries please contact:
Salai Terah, 09255934177 (Burmese)
Salai Lian, 09450687296 (English/Burmese)