လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE) ရဲ့ အစီရင်ခံစာ အတိုင်း တပ်မတော်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကို စစ်ဆေးပြီး တရားစွဲဆို သွားဖို့အတွက် အစီရင်ခံစာ အပြည့်အစုံကို နိုင်ငံတော်သမ္မတက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ ပေးပို့ ထားကြောင်း နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေကတော့ ICOE ရဲ့ အစီရင်ခံစာကို ဝေဖန်မှုတွေရှိပါတယ်။

တပ်မတော်သားတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့မင်းကြီးရွာ (တူလာတိုလီ)နဲ့ ချွတ်ပြင်ကျေးရွာတွေက သတ်ဖြတ်မှုတွေနဲ့ ရာဇဝတ်မှုတွေအပြင် နေရပ်စွန့်ခွာ ထွက်ပြေးသွားတဲ့ မွတ်ဆလင်ကျေးရွာတွေက နေအိမ် မီးလောင်မှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တာကြောင့် တပ်မတော်စစ် ဥပဒေချုပ်ရုံးအနေနဲ့ စုံစမ်းစစ်ဆေး တရားစွဲဆိုတာတွေ တိုးချဲ့လုပ်နိုင်အောင် ICOE အစီရင်ခံစာ အပြည့်အစုံကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ ပေးပို့ထားကြောင်း နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE) ရဲ့ အစီရင်ခံစာပါ အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်သွားဖို့နဲ့ အထောက်အထားတွေ ခိုင်လုံရင် တရားစွဲဆိုဖို့ သမ္မတအနေနဲ့ သဘောတူကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဘယ်လို အမှုတွေပါဝင်ပြီး ဘယ်သူတွေက ကျူးလွန်ထားလည်းဆိုတာ သိရဖို့ တပ်မတော်သတင်းမှန် ပြန်ကြား ရေးအဖွဲ့ဝင် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

ဒါပေမဲ့ အစီရင်ခံစာအပေါ် တပ်မတော်ဘက်က သဘောထားကို မနေ့က မေးမြန်းခဲ့ရာမှာတော့ အသေးစိတ် မဖတ်ရသေးတဲ့အတွက် ဒီအပေါ်မှာ မှတ်ချက် မပေးလိုကြောင်းနဲ့ တပ်မတော်အနေနဲ့ အရင်ပြောထားတဲ့ အတိုင်းသာ ဆောင်ရွက်သွားမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

အရင်က ပြောထားတာကတော့ အစီရင်ခံ ထွက်လာလို့ တပ်မတော်သားတွေက လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တယ်လို့ပါရှိရင် အရေးယူ ဆောင်ရွက်သွားမယ်ဆိုတာပါ။

ကော်မရှင်က အရေးယူဖို့ အကြံပြုချက်ကို တစ်ခုတည်း မထည့်တဲ့အပေါ် ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးမောင်မျိုးမင်းက အခုလိုပြောပါတယ်။

အစီရင်ခံစာထဲမှာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ခိုက်မှု ဖြစ်စဉ်တွေအတွင်း ARSA အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ အတူ ပူးပေါင်းပါဝင်ခဲ့သူတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေက အရပ်သားတွေကို သတ်ဖြတ် တာ၊ အင်အား မမျှမတသုံးစွဲတာ၊ လုယက်မှုကျူးလွန်တာ၊ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေ က နေရပ်စွန့်ခွာသွားတဲ့ မွတ်ဆလင်တွေရဲ့နေအိမ်တွေကို ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တဲ့အပြင် မင်းကြီးရွာ (တူလာတိုလီ)၊ ချွတ်ပြင်ရွာနဲ့ မောင်နုရွာတွေမှာ လူ့အသက်ပေါင်းများစွာ သေဆုံးခဲ့တဲ့ စစ်ရာဇဝတ်မှု ကျူးလွန် တာတွေ ရှိခဲ့တယ်ဆိုတာကို ကော်မရှင်အနေနဲ့ တွေ့ရှိခဲ့ကြောင်းလည်း ပါရှိပါတယ်။

ဒါပေမဲ့ လူမျိုးပြုန်းတီးစေဖို့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ဆောင်ရွက်ခဲ့တာမျိုး လုံးဝမရှိဘူးလို့လည်း ကော်မရှင် အစီခံစာက ဆိုထားပါတယ်။

ဒီလိုထုတ်ပြန်ချက်တွေဟာ နိုင်ငံတကာတရားရုံး ICJ မှာ ဒေါ်အောင်ဆန်းစုကြည်သွားရောက် ဖြေရှင်းစဉ်က ပြောသလိုပဲ အတူတူဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင်ဟောင်း ဦးအေးလွင်ကတော့ အရင်အစီရင်ခံစာတွေ ထက်ပိုပြီး အပြုသဘော ဆောင်လာတဲ့အတွက် အမှန်တရားနဲ့ နီးစပ်လာတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ လူ့အခွင့်အရေး အလေးထားသူတွေကတော့ ဒီအစီရင်ခံစာအပေါ် အားရကျေနပ်မှု ရှိမှာမဟုတ်ဘူးဆိုတာ နားလည်ပေမယ့် အရင့်အရင် အစီရင်ခံစာတွေထက်တော့ ပိုတိုးတက်မှု ရှိတယ်ဆိုတာကို ထောက်ပြတာသာဖြစ်တယ်လို့ ဦးအေးလွင်ကဆိုပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု မရှိဘူးဆိုတဲ့ ICOE ရဲ့အစီရင်ခံစာအပေါ် လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ HRW အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ထားသလို ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာများ အသင်း(UK) ကလည်း အယုံအကြည်မရှိကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ပစ္စည်းဥစ္စာ ဖျက်ဆီးခံရမှုတွေ၊ လုယက်မှုတွေ၊ အရပ်သား တွေက ကျုးလွန်ခဲ့တဲ့ အခြားရာဇဝတ်မှုကြီးတွေကို ဆက်လက်စုံစမ်းပြီးစစ်ဆေးပြီး တရားစွဲဆိုမှုတွေ ပြုလုပ်ဖို့ အတွက်လည်း အစီရင်ခံစာ အပြည့်အစုံကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ပေးပို့ထားပြီး ဖြစ်တယ်လို့ သမ္မတရုံးရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ARSA အဖွဲ့ဝင်တွေ  အပါအဝင် သူတို့နဲ့ ပူးပေါင်းပါဝင်ခဲ့သူတွေက ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုကြီးတွေ ကိုလည်း စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုတာတွေ လုပ်ဆောင်သင့်တဲ့အတွက် ပြည်ထောင်စု ရှေ့နေချုပ်အနေနဲ့ စစ်ဥပဒေချုပ်နဲ့ လိုအပ်သလို တိုင်ပင်ဆောင်ရွက်သွားဖို့လည်း နိုင်ငံတော်သမ္မတက အကြောင်းကြားထား တယ်လို့ဆိုပါတယ်။

ICOE ရဲ့ အပြီးသတ်  အစီရင်ခံစာဟာ အကြံပြုချက် (၂၂) ချက်နဲ့ နောက်ဆက်တွဲ (၃၁)ခု အပါအဝင် စုစုပေါင်း စာမျက်နှာ (၄၆၁) မျက်နှာကျော်ပါရှိကာ ရခိုင်၊ မွတ်စလင်၊ မြို၊ သက်၊ ဒိုင်းနက် အစရှိတဲ့ တိုင်းရင်းသားတွေ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၁၅၀၀ ဝန်းကျင်ကို အင်တာဗျူးပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကိုလည်း ICOE အဖွဲ့က သွားရောက် တွေ့ဆုံမေးမြန်းတာတွေရှိခဲ့ပါတယ်။

အဲဒီ အစီရင်ခံစာကို ကော်မရှင်က ဇန်နဝါရီလ ၂၀ ရက်နေ့ မနေ့က နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ICOE အဖွဲ့ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ကိုယ်တိုင်ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပြီး ဥက္ကဋ္ဌ အဖြစ် ဖိလစ်ပိုင်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း သံအမတ်ကြီး ရိုဆာရီယို မယ်နာလို၊ အဖွဲ့ဝင်တွေအဖြစ် ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်တို့ကို တာဝန်ပေးထားတာ ဖြစ်ပါတယ်။

RFA News