အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာတရားရုံး(အိုင်စီစီ) အပါအဝင် မြန်မာနိုင်ငံကို ခုံရုံးတွေ တင်ဖို့အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအသစ် တည်ထောင်မှုကို မြန်မာနိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မိန့်ခွန်းပြောကြားရာမှာ ကန့်ကွက်လိုက်တာပါ။

“မြန်မာနိုင်ငံကို ခုံရုံးများတင်ဖို့အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအသစ် တည်ထောင်မှုကိုလည်း ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒီအထဲမှာ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး(အိုင်စီစီ) လည်း အပါအဝင်ဖြစ်ပါတယ်။ အိုင်စီစီနဲ့ပတ်သက်လို့ ကျနော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ အိုင်စီစီဟာ မြန်မာနိုင်ငံအပေါ်မှာ တရားစီရင်ပိုင်ခွင့် မရှိပါဘူး”လို့ ဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂ စင်မြင့်ထက်ကနေ ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်မှာ အိုင်စီစီရှေ့နေက ရခိုင်ပြည်နယ်မှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားတဲ့အပေါ် မြန်မာဘက်က တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်  ဦးကျော်တင့်ဆွေက “မြန်မာနိုင်ငံဟာ ရောမသဘောတူစာချုပ် (Rome Statute) မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ မဟုတ်တဲ့အတွက် ဒီဝေဖန်မှုတွေက ပိုမိုပြင်းထန်လာရတာ ဖြစ်ပါတယ်။ ယင်းတရားရုံးအနေနဲ့ မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့ ပြစ်မှုတွေအတွက် တရားစီရင်ပိုင်ခွင့် မရှိဘူးဆိုတဲ့ မိမိတို့ရဲ့ ရပ်တည်ချက်ဟာ ပြောင်းလဲမှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

အိုင်စီစီ ရှေ့နေဟာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လူအမြောက်အမြား စွန့်ခွာထွက်ပြေးတဲ့ကိစ္စကိုသာ အလေးထားနေပြီး၊ နေရပ်စွန့်ခွာမှုကို ဖြစ်စေတဲ့ ကျယ်ပြန့်တဲ့ လက်တလောနဲ့ ရေရှည်အကြောင်းတရားတွေ၊ ပါဝင်ပတ်သက်သူတွေကိုတော့ ရေငုံ နှုတ်ပိတ်နေတယ်၊ ဒီလိုရေငုံနှုတ်ပိတ်နေတာဟာ အိုင်စီစီနဲ့ မြန်မာပြည်သူတွေအကြား သဘောထား ပိုမိုဝေးကွာစေမယ်လို ပြောသွားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂလူ့အခွင့်အရေးကောက်စီကဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ကိုလည်း ကန့်ကွက်ကြောင်း၊ ဒီအဖွဲ့ရဲ့ အစီရင်ခံစာတွေဟာ တဖက်စောင်းနင်းဖြစ်ပြီး၊ အချက်အလက်မှား များစွာပါဝင်ကာ ခိုင်လုံတဲ့ အချက်အလက်တွေကို အခြေမခံဘဲ နှုတ်ပြောဇာတ်ကြောင်းတွေကိုသာအခြေခံထားသလို နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေက ပိုလို့တောင် ဆိုးရွားတယ်လို့လည်း မြန်မာကိုယ်စားလှယ်က ပြောပါတယ်။

“ရိုဆင်သယ်ရဲ့ အစီရင်ခံစာအပေါ်မှာလည်း ကျနော်တို့ အလွန်စိတ်ပျက်မိပါတယ်။ အစီရင်ခံစာမှာတင်ပြတဲ့ အချက်အလက်တွေဟာ တိကျမှုမရှိဘဲ၊ လိုသလိုဆွဲယူထားတာတွေပါဝင်ပြီး၊ ပညာရှင်ပီသစွာနဲ့ အရှိအတိုင်း တင်ပြရမှာဖြစ်ပေမယ့် တင်ပြပုံနည်းစနစ် မှားယွင်းနေပြီး၊ အလွန်အကျွံဘက်လိုက်ပြီး ကြိုတင်ကောက်ချက်ချထားတဲ့ ထင်မြင်ယူဆချက်တွေပေါ်မှာ အခြေခံထားတာတွေ့ရပါတယ်။ အစီရင်ခံစာမှာ မြန်မာအစိုးရနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေ၊ နှစ်နိုင်ငံနဲ့ နိုင်ငံတကာ သဘော တူညီချက်တွေအရ အကူအညီပေးနေတဲ့ အစီအစဉ်တွေကို သိသိသာသာ ချန်လှပ်ထားပါတယ်။”

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီညီလာခံကြီးရဲ့ နောက်ကွယ်က လုပ်ဆောင်ချက် တွေရဲ့ တကယ့်ရည်ရွယ်ချက်ဟာ လူ့အခွင့်ရေးကို ကာကွယ်ဖို့ စစ်မှန်တဲ့ ဆန္ဒလား၊ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လူ့အခွင့်အရေးကို အပိုင်စီး အသုံးချနေတာလားဆိုပြီးလည်း မြန်မာအဖွဲ့ခေါင်းဆောင်က မေးခွန်းထုတ်သွားပါတယ်။

ရခိုင်အရေးကိစ္စဟာ ဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အရှုပ်ထွေးဆုံး စိန်ခေါ်မှုဖြစ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ခိုင်မာစွာ အမြစ်တွယ်စေဖို့ နိုင်ငံတကာ အသိုက် အဝန်းအနေနဲ့ အပြုသဘော လက်တွဲဆောင်ရွက်သွားကြဖို့ လည်း ပြည်ထောင်စုဝန်ကြီး  ဦးကျော်တင့်ဆွေက မြန်မာနိုင်ငံကိုယ်စား တိုက်တွန်းသွားပါတယ်။

ကုလအချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့ကတော့ ယူဂိုဆလားဗီးယားနဲ့ ရဝမ်ဒါတို့အတွက်ဖွဲ့စည်းခဲ့သလို လက်တန်းရာဇဝတ် ခုံရုံးတခု  မြန်မာအတွက် တည်ထောင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မကြာသေးခင်ကမှ တိုက်တွန်းထားတာဖြစ်ပါတယ်။

စက်တင်ဘာ ၂၆ ရက်က ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၄၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာလည်း အီးယူနဲ့ အိုအိုင်စီက တင်သွင်းတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ တခြားတိုင်းရင်းသားလူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေ ဆုံးဖြတ်ချက် အဆိုမူကြမ်းကို မဲခွဲဆုံးဖြတ် အတည်ပြုထားပါတယ်။

ဓာတ်ပုံ-MOFA

DVB News