မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ သြဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ

လူ့အခွင့်အရေး ကောင်စီ ၄၂ ကြိမ်မြောက်အစည်းအဝေး
(၉ – ၂၇ ရက်နေ့ စက်တင်ဘာလ ၂၀၁၉ ခုနှစ်)

အနှစ်ချုပ်နှင့် အဓိကကျသော အကြံပြုချက်များ

၁။ မြန်မာပြည်ဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (ဤနေရာမှစ၍ “မစ်ရှင်” ဟု သုံးစွဲသွားမည်။) အနေဖြင့် ၂၀၁၈ ခုနှစ် စက် တင်ဘာလ ၁၇ ရက်နေ့ ကုသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၃၉ ကြိမ်မြောက် အစည်းအဝေးတွင် တင်သွင်းခဲ့သော အစီရင်ခံစာများ (“၂၀၁၈ အစီရင်ခံစာ” ဟု သုံးစွဲသွားမည်။) ၌ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များအကြား နိုင်ငံတကာ ဥပဒေအပေါ် ပြင်းထန်သည့် ချိုးဖောက်မှုများအပြင် ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များရှိ ပြင်းထန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အလွဲသုံးစားပြုမှုများ၏ တသမတ်ထဲရှိလှသော ပုံစံကို ဖေါ်ထုတ် ပြခဲ့ပြီးဖြစ်သည်။ သတ်ဖြတ်မှု၊ အကျဉ်းချမှု၊ ဥပဒေဖြင့် ပျောက်ဆုံးစေမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိန်းမှု၊ လိင်ကျွန်ပြုမှု နှင့် အခြားပုံစံများဖြင့် လိင်အကြမ်းဖက်မှုများ၊ နှိပ်ကွပ်ညှဉ်းပန်းခြင်းနှင့် ကျွန်ပြုမှုများ ပါဝင်သော များစွာသော ချိုးဖောက်မှုတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုမြောက်သည်ဟု မစ်ရှင်မှ သုံးသပ်ခဲ့ပါသည်။

ထို့အပြင် ရခိုင်ပြည်နယ်၌ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ၏ အစိတ်အပိုင်းများ ဖြစ်သည့် အမြစ်ပြတ် သုတ်သင်ခြင်းနှင့် မောင်းထုတ်ခြင်းများသည်လည်း ရှိနေဆဲ ဖြစ်သည်ဟု တွေ့ရှိခဲ့ရသည်။ ထိုချိုးဖောက်မှုများကို အခြေခံ အားဖြင့် ကျူးလွန်သူများမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့မှဖြစ်ပြီး အဓိက ကျသူများမှာ မြန်မာစစ်တပ် သို့မဟုတ် တပ်မတော်ပင် ဖြစ်သည်။ မှတ်တမ်းတင်ရရှိထားသော ချိုးဖောက်မှုများ၏ အမြောက်အမြား သည် နိုင်ငံတကာဥပဒေအောက်တွင် အဆိုးဝါးဆုံးသော ရာဇဝတ်မှုများ ဖြစ်သည်။ မစ်ရှင်အနေဖြင့် “တပ်မတော်၏ အမိန့်ပေး ကွပ်ကဲမှု စနစ်တွင်ရှိသည့် အဆင့်မြင့် အရာရှိများကို စုံစမ်းစစ်ဆေးရေးနှင့် တရားစွဲဆိုရေးကို ပြုနိုင်မည့် လုံလောက်သော အချက်အလက်ရှိပြီး ဖြစ်သည်။ သို့ဖြစ်၍ ရခိုင်ပြည်နယ်ရှိ အခြေအနေနှင့် ပတ်သက်သော လူမျိုးတုန်း သတ်ဖြတ်မှုအပေါ် ၎င်းတို့၏ တာဝန်ရှိမှုကို စွမ်းဆောင်ရည်ရှိသည့် တရားရုံး တစ်ခုဖြင့် ဆုံးဖြတ်နိုင်ပြီ ဖြစ်ပါသည်။” ဟု ကောက်ချက်ချထားပါသည်။

၂။ မစ်ရှင်အနေဖြင့် နေရာအနှံ့ သက်ရောက်နေသည့် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေသော ယဉ်ကျေးမှုတခုသည် ပြည်တွင်းအဆင့်တွင် ရှိနေပြီဟု တွေ့ရှိရပါသည်။ ထိုအချက်ကြောင့်ပင် တာဝန်ယူမှု၊ တာဝန်ခံမှု အတွက် တွန်းအားသည် နိုင်ငံတကာ အသိုင်းအဝိုင်းမှသာ လာရမည်ဖြစ်ပြီး မစ်ရှင်မှ ထိုကိစ္စ အဆုံးသတ်ရေးအတွက် တိကျခိုင်မာသော အကြံပြုချက်များ ပြုခဲ့ပါသည်။ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေး၊ တရားစီရင်ရမည့် အဆင့်မြင့် ဗိုလ်ချုပ်ကြီးများ၏ အမည်စာရင်းကို မစ်ရှင်မှ ပြုလုပ်ပေးခဲ့ပါသည်။

ရှာဖွေတွေ့ရှိမှုများ၏ လေးနက်ပြင်းထန်မှု ရှိနေသည့် ဆက်စပ်အခြေအနေတွင် “မြန်မာနိုင်ငံ၏ လုံခြုံရေး တပ်ဖွဲ့များကို မစ်ရှင်အဖွဲ့ က အကြံပြုထားသည့် အတိုင်း ပြန်လည်တည်ဆောက်ခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းများ မလုပ်မချင်း မြန်မာနိုင်ငံ အတွင်း လည်ပတ်နေသော စီးပွားရေးလုပ်ငန်းများ သို့မဟုတ် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုပြုနေသော သို့မဟုတ် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံထားသော စီးပွားရေးလုပ်ငန်းများအားလုံး အနေဖြင့် မြန်မာနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များ အထူးသဖြင့် တပ်မတော်ကဖြစ်စေ၊ ၎င်းတို့၏အဖွဲ့ဝင် တစ်ဦးချင်းကဖြစ်စေ ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်သည့် စီးပွားရေး လုပ်ငန်းများနှင့် စီးပွားရေး သို့မဟုတ် ငွေကြေးဆိုင်ရာ ပတ်သက် ဆက်နွယ်မှုများ လုံးဝ မဆောင်ရွက်သင့်ပါ။” ဟု မစ်ရှင်မှ တိုက်တွန်းခဲ့သည်။

အခြားသော ဘဏ္ဍာ အရင်းအမြစ်များကို တရားဝင် ဘတ်ဂျက် ပြင်ပမှ တပ်မတော်က ရှာဖွေနိုင်စွမ်းသည် အရပ်ဘက်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှု မလိုဘဲ ၎င်းဖာသာ လည်ပတ်လှုပ်ရှားနိုင်မှုကို အထောက်အကူပြုပါသည်။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့် နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေများကို ဆက်လက်၍ ကျူးလွန်မှု၊ အနာဂတ်တွင် ကျူးလွန်မှုများကို တားဆီးရန်နှင့် မစ်ရှင်မှ မှတ်တမ်းတင်ထားခဲ့သည့် အတိတ်ကာလက ကျူးလွန်မှုများအပေါ် တာဝန်ယူမှု တာဝန်ခံမှုကို မြှင့်တင်ပေးနိုင်ရန် တို့အတွက် တပ်မတော်၏ ဘဏ္ဍာရေး အထီးကျန်မှုကို ပြုလုပ်ရန် မစ်ရှင်၏ ၂၀၁၈ အစီရင်ခံစာမှ အကြံပြုခြင်းဖြစ်သည်။ မြန်မာနိုင်ငံ တွင် လူ့အခွင့်အရေးများကို လေးစားလိုက်နာမှုရှိရန်အတွက် မဖြစ်မနေ လိုအပ်ချက်တခုဖြစ်သည့် တပ်မတော် ပြုပြင်ပြောင်းလဲရေးကို အားပေးတိုက်တွန်း လိုသည့်အတွက်လည်း မစ်ရှင်မှ စီးပွားရေး အထီးကျန်မှုကို အကြံပြုခဲ့ခြင်းဖြစ်ပါသည်။

၃။ မစ်ရှင်အနေဖြင့် တပ်မတော်၏ စီးပွားရေးအကျိုးစီးပွားများ ဆိုသည့် ဤအစီရင်ခံစာကို ထုတ်ပြန်ရခြင်းမှာ မြန်မာအစိုးရ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အဖွဲ့ဝင်နိုင်ငံများ၊ သက်ဆိုင်ရာ အစိုးရများအကြား ဒေသတွင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ရင်းနှီးမြုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံတကာ ငွေကြေးရံပုံငွေဆိုင်ရာ အဖွဲ့အစည်းများ၊ နှင့် ကုလသမဂ္ဂ၊ ၎င်း၏ ရံပုံငွေအဖွဲ့များ၊ အစီအစဉ်များနှင့် ဌာနများမှ ဤ အကြံပြုချက်များကို အကောင်အထည် ဖေါ်စေရန်အတွက် ကူညီပေးရန် ဖြစ်ပါသည်။

၄။ ၂၀၁၀ နိုဝင်ဘာ နှင့် နောက်ဆက်တွဲ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲများ နောက်ပိုင်း မြန်မာနိုင်ငံ၏ အလုံးစုံ တိုက်ရိုက် စစ်အာဏာရှင်စနစ်မှ အသွင်ကူးပြောင်းမှုအပေါ် တပ်မတော်၏ အဆမတန်အာဏာက သက်ရောက်နေခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ တွင် အစိုးရ၏ အရပ်သားဘက်အခြမ်းကို ရယူခဲ့ပါသည်။ မည်သို့ပင် ဆိုစေကာမူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားခဲ့သည့် အတိုင်း တပ်မတော်သည် အရပ်သား အုပ်ချုပ်မှု သို့မဟုတ် ကြီးကြပ်မှုအောက်မှာ ကင်းလွတ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ ၎င်းက ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေး ဝန်ကြီးဌာနများကို ထိန်းချုပ်ထားပြီး ၎င်းတို့၏ ဝန်ကြီးများမှာ ကာကွယ်ရေးဦးစီးချုပ်မှ ရွေးချယ်ထားသည့် တာဝန်ထမ်းဆောင်ဆဲ စစ်တပ် အရာရှိများသာ ဖြစ်ပါသည်။ တပ်မတော် အနေဖြင့် ဥပဒေပြုရေးဆိုင်ရာ နေရာများ၏ ၂၅% ကို ရယူထားပြီး မည်သည့် ဖွဲ့စည်းပုံပြောင်းလဲမှုကိုမဆို ပိတ်ဆို့နိုင်သည့် အာဏာကို ရရှိထားပါသည်။

၅။ တပ်မတော်၏ စီးပွားရေး အကျိုးစီးပွားများက သူ၏ ပြုမူပုံများကို လုပ်ဆောင်နိုင်စေခြင်းဖြစ်သည်။ မစ်ရှင် အနေဖြင့် စီးပွားရေး အကျိုးစီးပွား၏ ကဏ္ဍ ၅ နေရာကို စုံစမ်းစစ်ဆေးခဲ့ပါသည်။

(က) တပ်မတော်၏ အဓိက စီးပွားရေး လုပ်ငန်းအုပ်စုကြီးများ ဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ၊ ၎င်းတို့ ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်ထားသည့် လက်အောက်ခံလုပ်ငန်းများ၊ နိုင်ငံပိုင် လုပ်ငန်းများရှိ တပ်မတော်၏ အခန်းကဏ္ဍ၊ “ခရိုနီ ကုမ္ပဏီများ” ဟု လူသိများလာသည့် ပြည်တွင်း ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းအုပ်စုနှင့် တပ်မတော်ကြား နီးကပ်စွာ ချိတ်ဆက်နေမှု၊

(ခ) မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်နှင့် ရှမ်းပြည်နယ်များတွင် ဆက်လက်ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများနှင့် တပ်မတော်၏ စီးပွားရေး အကျိုးစီးပွားများ၊

(ဂ) ၂၀၁၇ ခုနှစ် သြဂုတ်လတွင် အစပြုခဲ့သည့် ရခိုင်ပြည် မြောက်ပိုင်းရှိ တပ်မတော်၏ “ရှင်းလင်းရေး စစ်ဆင်ရေးများ” ကို အထောက်အကူပြုရန် တပ်မတော်မှ ကောက်ခံသော အလှုငွေများကို ပေးအပ်သည့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အလားတူ ရခိုင်ပြည်နယ် မြောက်ပိုင်း၌ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး စီမံချက်များကို ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများ၊

(ဃ) တပ်မတော်၏ ပူးတွဲရင်းနှီးမြုပ်နှံမှုများ အပါအဝင် ကုန်သွယ်မှုဆိုင်ရာ ဆက်သွယ်မှုများ ရှိသည့် နိုင်ငံခြားကုမ္ပဏီများ နှင့်

(င) ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ စ၍ တပ်မတော်အား လက်နက်များနှင့် ဆက်စပ် ပစ္စည်းကိရိယာများ ရောင်းချ သို့မဟုတ် လွှဲပြောင်းပေးနေသည့် ကုမ္ပဏီများနှင့် နိုင်ငံများ အစရှိသည်တို့ ဖြစ်ပါသည်။

၆။ လက်ရှိ အစီရင်ခံစာတွင် တပ်မတော်နှင့် ၎င်း၏ အဆင့်မြင့် ဗိုလ်ချုပ်ကြီးများအား စီးပွားရေး အကျိုးအမြတ်ကို ထောက်ပံ့ပေးနေသည့် စီးပွားရေးလုပ်ငန်းများ၊ လူပုဂ္ဂိုလ်များ နှင့် နိုင်ငံများ အားလုံး ပြည့်ပြည့်စုံစုံ ပါသည့် စာရင်းကို ဖေါ်ပြ ပေးမထားပါ။ ဤသို့ ဆောင်ရွက်ရန် မစ်ရှင် အတွက် ရရှိထားသော အချိန်နှင့် အရင်းအမြစ်အရ မဖြစ်နိုင်ခဲ့ပါ။ သို့ပါသော်လည်း အခြား စုံစမ်းစစ်ဆေးသူများနှင့် သုတေသီများကိ ဆက်လက် တည်ဆောက်နိုင်မည့် ခြုံငုံသုံးသပ်ချက် တရပ်နှင့် အခြေခံအုတ်မြစ်ကို ထောက်ကူ ပေးထားပါသည်။ အောက်ပါ ဖေါ်ပြထားသော တွေ့ရှိချက်များကို ဤ အစီရင်ခံစာ၏ နောက်ဆက်တွဲ ပူးတွဲတွင် ပါဝင်သော အချက်အလက်များက ပံ့ပိုးပေးပါသည်။ ၎င်း၏ စုံစမ်းစစ်ဆေး တွေ့ရှိချက်များအပေါ် အခြေခံ၍ ယုံကြည်နိုင်လောက်သော အချက်အလက်များပေါ်တွင် မစ်ရှင်အနေဖြင့် အောက်ပါအတိုင်း ကောက်ချက် ချခဲ့ပါသည်။

(က) တပ်မတော်၏ စီးပွားရေး လုပ်ငန်းအုပ်စုကြီး ၂ ခုဖြစ်သော မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ကို နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ နှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ တို့အား ဆိုးဝါးကြမ်းတမ်းစွာ ချိုးဖောက်ခဲ့သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှုးကြီး စိုးဝင်းတို့ အပါအဝင် တပ်မတော် ထိပ်တန်း ခေါင်းဆောင်များက ပိုင်ဆိုင် ချုပ်ကိုင် ထားပါသည်။ ကွဲပြားခြားနားသော စီးပွားရေး ကဏ္ဍ မြောက်မြားစွာတို့တွင် MEHL နှင့် MEC တို့မှ ပိုင်ဆိုင်သော စီးပွားရေး လုပ်ငန်း ၁၂၀ ခု – ဆောက်လုပ်ရေး နှင့် ကျောက်မျက်ထုတ်ယူရေး မှ စပြီး ကုန်ထုတ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းအထိ- နှင့် ကော်ပိုရေးရှင်း ပုံစံဖြင့် MEHL နှင့် MEC တို့ဖြင့် အနီးကပ် ဆက်စပ်မှုရှိသော နောက်ထပ် စီးပွားရေးလုပ်ငန်း ၂၇ ခု တို့ကို မစ်ရှင်မှ ဖေါ်ထုတ်နိုင်ခဲ့ပါသည်။ ထို စစ်တပ်စီးပွားရေး လုပ်ငန်းများမှ ရရှိသော ဘဏ္ဍာငွေက ရွေးချယ်ခံ အရပ်သားများ၏ ကြီးကြပ်မှုမှ ကင်းလွတ်နေကာ နိုင်ငံတကာ လူ့အခွင့်အရေး နှင့် လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သည့် တပ်မတော်၏ စစ်ဆင်ရေးများအား ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုကို ဖြစ်စေပါသည်။

“ခရိုနီ ကုမ္ပဏီများ” ဟု လူသိများသော မြန်မာ့ ပုဂ္ဂလိက ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းအုပ်စုကြီးများနှင့် တပ်မတော်၊ တပ်မတော်၏ စီးပွားရေးလုပ်ငန်းစု အုပ်စုကြီးများ ဖြစ်သည့် MHEL နှင့် MEC တို့ အကြား အားကောင်း၍ ခိုင်မြဲသော စီးပွားရေး နှင့် မိသားစု ဆိုင်ရာ ချိတ်ဆက်မှုများ ရှိနေပါသည်။

(ခ) မိုင်းတွင်း ဒေသများ အထူးသဖြင့် ကချင်ပြည်နယ်တွင် ၎င်းတို့၏ စီးပွားရေး လှုပ်ရှားမှုများနှင့် ပါတ်သက်ပြီး အဓမ္မလုပ်အား ခိုင်းစေခြင်း နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများ အပါအဝင် လူ့အခွင့်အရေးနှင့် နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတို့ အပေါ် ချိုးဖောက်မှုများကို တပ်မတော်မှ ကျူးလွန်ခဲ့ပါသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ MEHL ၊ MEC နှင့် ၎င်းတို့၏ လက်အောက်ခံဟု မစ်ရှင်က ရှာဖွေတွေ့ရှိထားသော စီးပွားရေး လုပ်ငန်းခွဲများမှ ကျောက်စိမ်းနှင့် ပတ္တမြား တူးဖော်ခွင့် လိုင်စင် အမြောက်အမြားကို ရရှိထားပါသည်။

(ဂ) ၂၀၁၇ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့သည့် ရခိုင်ပြည် မြောက်ပိုင်းရှိ ရိုဟင်ဂျာတို့ အပေါ် စစ်တပ်၏ “ရှင်းလင်းရေး စစ်ဆင်ရေးများ” ကို အထောက်အကူပြုရန် ၂၀၁၇ ခုနှစ် စက်တင်ဘာလက တပ်မတော် ထိပ်တန်း ခေါင်းဆောင်များက ကောက်ခံ၍ ရခဲ့သော အလှုငွေထဲတွင် ကုမ္ပဏီနှင့် အဖွဲ့အစည်း အနည်းဆုံး ၄၅ ဖွဲ့က လှုဒါန်းငွေ အမေရိကန် ဒေါ်လာ ၁၀.၂ သန်း ပါဝင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၌ ရိုဟင်ဂျာများ ပါဝင်သည့် အထောက်အထား ဖျောက်ဖျက်ရန် နှင့် ၎င်းတို့၏ ဇာတိမြေနှင့် လူထုအသိုင်းအဝန်းထံသို့ ၎င်းတို့ ပြန်လာနိုင်ရေးကို တားဆီးရန်တို့အတွက် နည်းလမ်းတခုအနေဖြင့် ဒေသကို ပုံစံအသစ် ပြန်လည် ဖေါ်ဆောင်ရန် ဟူသော တပ်မတော်၏ ဦးတည်ချက်ကို ဖြည့်ဆည်းပေးမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား တပ်မတော်နှင့် ခိုင်ခိုင်မြဲမြဲ ချိတ်ဆက်မှု ရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများက ငွေကြေးပံ့ပိုးလျက် ရှိကြောင်း မစ်ရှင်မှ တွေ့ရှိခဲ့သည်။ လူသားချင်း စာနာမှု အကူအညီ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) အောက်တွင် အကောင်အထည်ဖေါ်သော ဤစီမံချက်များသည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု နှင့် လူမျိုးတုန်း သတ်ဖြတ်မှု ဆောင်ရွက်ချက်များ၏ နောက်ဆက်တွဲ အကျိုးဆက်များကို တပေါင်းတစည်း တည်း ထုတ်ဖေါ်ပြသပါသည်။[1] ဤတွေ့ရှိချက်များကို အခြေခံ၍ “လူသားမဆန်သော ပြုမူချက်များ” ဖြစ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် နှိပ်ကွပ်ညှဉ်းပန်းမှု အပါအဝင် နိုင်ငံတကာ ဥပဒေအောက်တွင် ကျုးလွန်သည့် ရာဇဝတ်မှုများအား သိသာထင်ရှားစွာ၊ တိုက်ရိုက် ပံ့ပိုးမှု ပြုလုပ်ခဲ့နိုင်သော ပုဂ္ဂလိက ကုမ္ပဏီများနှင့် အရာရှိများအား စုံစမ်းစစ်ဆေးရန် မစ်ရှင်မှ ဖေါ်ထုတ်ခဲ့ပါသည်။

(ဃ) တပ်မတော်၏ စီပွားရေးလုပ်ငန်းများနှင့် နိုင်ငံခြား ကုမ္ပဏီပေါင်း ၁၅ ခု က ဖက်စပ်လုပ်ငန်းများ ရှိပြီး နောက်ထပ် နိုင်ငံခြား ကုမ္ပဏီပေါင်း အနည်းဆုံး ၄၄ ခုက အခြားသော ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ချည်နှောင်မှုများ ရှိကြသည်။ ထိုကဲ့သို့သော ဖက်စပ်လုပ်ငန်းများနှင့် ကုန်သွယ်မှု ဆက်ဆံမှုများမှ တဆင့် တပ်မတော်နှင့် ၎င်း ၏ စီးပွားရေး လုပ်ငန်းစုကြီးများ ဖြစ်သော MEHL နှင့် MEC တို့နှင့် ပတ်သက်သော မည်သည့် ပြည်ပ စီးပွားရေး လုပ်ငန်းမဆို နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့် နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေများ ချိုးဖောက်မှုများအပေါ် ပံ့ပိုးပေးသည့် သို့မဟုတ် ဆက်စပ်ပတ်သက်ခံရနိုင်သည့် မြင့်မားသော အန္တရာယ် တစ်ခု ရှိသည်ဟု မစ်ရှင်က တွေ့ရှိပါသည်။ အနည်းဆုံးအနေဖြင့် ထိုပြည်ပ ကုမ္ပဏီများသည် တပ်မတော်၏ ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်ရည်ကို အထောက်အကူ ပြုပါသည်။

(င) တပ်မတော်၏ ဆိုးရွားသော လူ့အခွင့်အရေး မှတ်တမ်းကို ကျယ်ကျယ်ပြန့်ပြန့် နှင့် လူသိရှင်ကြား ဖြစ်စေခဲ့သော ၂၀၁၆ ခုနှစ် မှ စ၍ နိုင်ငံ ၇ နိုင်ငံမှ ပြည်ပ ကုမ္ပဏီ အနည်းဆုံး ၁၄ ခုမှ တပ်မတော်အား လက်နက်များနှင့် ဆက်စပ် ကိရိယာများကို ပံ့ပိုးပေးခဲ့ပါသည်။ ထို့အပြင် ထို လက်နက်နှင့် ဆက်စပ် ကိရိယာများ၏ အမျိုးအစားများစွာကို တပ်မတော် က နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ နှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေ တို့အား ဆိုးရွားစွာ ချိုးဖောက်ရာတွင် အသုံးပြုနေကြာင်း အများသိ မှတ်တမ်းများက ရှင်းရှင်းလင်းလင်း ဖေါ်ပြထားခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်၍ ဤ ကုမ္ပဏီများနှင့် နိုင်ငံများသည် ၎င်းတို့၏ လက်နက်များ လွှဲပြောင်းပေးမှုကြောင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ အပေါ်တွင် တိုက်ရိုက်နှင့် ကျိုးကြောင်းရှိစွာ ခန့်မှန်းနိုင်သော သက်ရောက်မှု ရှိကြောင်း သိပြီးသား သို့မဟုတ် သိသင့်ပြီးသား ဖြစ်သည်။ မစ်ရှင်က ဖော်ထုတ်ခဲ့သော လက်နက် ထောက်ပံ့ပေးသူများအနက် ကုမ္ပဏီ ၁၂ ခုမှာ နိုင်ငံပိုင် လုပ်ငန်းများ ဖြစ်ကြသည်။

၂၀၁၆ ခုနှစ်မှ စ၍ တပ်မတော်က နှစ်မျိုးသုံးနိုင်သော ပစ္စည်းများနှင့် အတတ်ပညာများ ရယူရန် ကြိုးစားခဲ့သော ပြည်ပ ပုဂ္ဂလိက ကုမ္ပဏီ ၇ ခု နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များကို အလားတူ ရရှိခဲ့ပါသည်။ ဤ နည်းပညာထဲတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ၊ တိတိကျကျ ခြေရာခံစနစ်များ၊ လူမပါသော လေကြောင်းအသုံးပြု ယာဉ်များ၊ အင်တာနက်နှင့် အချက်အလက် ထုတ်လွှင့်နိုင်သော နည်းပညာများ ပါဝင်ပါသည်။

၇။ ဤကဲ့သို့ သမာရိုးကျ မဟုတ်သော ဘဏ္ဍာငွေများ၏ အရင်းအမြစ်နှင့် စီးပွားရေး အကျိုးစီးပွားကို ဖယ်ရှားရန်အတွက် မြန်မာအစိုးရ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း နည်းလမ်းမှ ဆောင်ရွက်ခြင်း အပါအဝင် လိုအပ်သော ဥပဒေများနှင့် မူဝါဒများကို ချမှတ်ခြင်းဖြင့် တပ်မတော်အား အရပ်ဘက်ဆိုင်ရာ ထိန်းချုပ်မှု နှင့် ကြီးကြပ်မှု အောက်တွင် လုံးဝ ထားရှိခြင်းအားဖြင့် စရမည်ဖြစ်သည်။ ထိုအချိန်အထိ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အဖွဲ့ဝင်နိုင်ငံများနှင့် သက်ဆိုင်ရာ အစိုးရများအကြား ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက တပ်မတော် ပိုင်သော ကုမ္ပဏီများ အထူးသဖြင့် MEHL ၊ MEC နှင့် လက်ခွဲကုမ္ပဏီများ အားလုံးအပေါ် ပစ်မှတ်ထားသော ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုများ ချမှတ်သင့်သည်။ ထိုသို့ ပြုလုပ်ရာတွင် လူ့အခွင့်အရေးကို လေးစားသော အပြုအမူနှင့် ထို ပိတ်ဆို့မှုများကြောင့် ပြည်သူလူထု အပေါ် သက်ရောက်နိုင်သည့် အပျက်သဘောဆောင်သော လူမှုရေး၊ စီးပွားရေး မည်သည့် သက်ရောက်မှုကို မဆို ချင့်ချိန် စဉ်းစားပြီး ဆောင်ရွက်သင့်သည်။ ၎င်းဆောင်ရွက်မှုကို စောင့်ကြည့်မှုနှင့် သက်ဝင် လိုက်နာစေမည့် ယန္တရားတစ်ရပ် ပါဝင်သည့် မြန်မာပြည်အပေါ် ပြည့်စုံသော လက်နက်ရောင်းချမှု ပိတ်ပင်မှုနှင့်ပါ တွဲဖက်ဆောင်ရွက်သင့်သည်။

၈။ မစ်ရှင်အနေဖြင့် ၎င်း၏ ၂၀၁၈ ခုနှစ် အစီရင်ခံစာတွင် ပါဝင်သော အကြံပြုချက်ဖြစ်သည့် “ခရီးသွားလာခွင့် ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုထိန်းချုပ်ခြင်း အပါအဝင် လူပုဂ္ဂိုလ် တစ်ဦးချင်းစီအား ပစ်မှတ်ထားသည့် ဒဏ်ခတ်မှုများသည် နိုင်ငံတကာ ဥပဒေပါ ပြစ်မှုများကျူးလွန်ခြင်း လျှော့ချရာတွင် အထောက်အကူဖြစ်စေနိုင်ပြီး အထူးသဖြင့် နိုင်ငံတကာ ဥပဒေအောက်တွင် ဖြစ်သော ကြမ်းတမ်းသည့် လူ့အခွင်ရေး ချိုးဖောက်မှုများနှင့် ပြင်းထန်သော ရာဇဝတ်မှုများ ဖြစ်စေသော အဓိက ပြုမူလုပ်ဆောင်မှုများ အတွက် ဖြစ်သည်” ကို ထပ်မံ ပြောကြားပါသည်။ မြန်မာနိုင်ငံအစိုးရ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အဖွဲ့ဝင်နိုင်ငံများ၊ သက်ဆိုင်ရာ အစိုးရများအကြား ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ရင်းနှီးမြုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့အစည်းများ၊ နှင့် ကုလသမဂ္ဂ၊ ၎င်း၏ ရံပုံငွေအဖွဲ့အစည်းများ၊ လုပ်ငန်းအစီအစဉ်များနှင့် ဌာနများ အနေဖြင့် ယင်းအကြံပြုချက်ကို အကောင်အထည် ဖေါ်နိုင်ရန် ဤအစီရင်ခံစာတွင် ပါဝင်သော တွေ့ရှိချက်များက ရှင်းရှင်းလင်းလင်း လမ်းကြောင်း ပေးထားပါသည်။ ဤအစီရင်ခံစာသည် ပိုမိုအာရုံစိုက်ရန် လိုအပ်သည့် နေရာဧရိယာများကိုလည်း လမ်းညွှန်ပြထားပြီး နိုင်ငံတကာဥပဒေ အောက်တွင် ရာဇဝတ်မှု အတွက် တာဝန်ရှိသည့်သူများ၏ ပိုင်ဆိုင်မှုများကို ခြေရာခံခြင်း၊ အသုံးမပြုနိုင်အောင် ရပ်တန့်ထားစေခြင်း၊ သိမ်းဆည်းခြင်းနှင့် ပြန်လည် ရှာဖွေရယူခြင်း တို့ကို ဦးတည်သွားစေမည့် စုံစမ်းစစ်ဆေးခြင်းများ ဖြစ်ပေါ်စေခြင်းတို့သည် တာဝန်ယူတာဝန်ခံမှုတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်း၏ အာဏာပိုင်ခွင့်အတွင်း တရားစီရင်ခွင့်ကို အသုံးပြု၍ စုံစမ်းစစ်ဆေးခြင်း နှင့် သင့်တော်ပါက မြန်မာပြည် လူ့အခွင့်အရေး အကြပ်အတည်းနှင့် ဆက်စပ်သော နိုင်ငံတကာ ဥပဒေအောက်တွင် ရာဇဝတ်မှုများကို ပါဝင်သည်ဟု စွပ်စွဲခံထားရသည့် ကုမ္ပဏီများ၏ အရာရှိများကို တရားစွဲဆိုသင့်ပါသည်။

၉။ မြန်မာပြည်တွင် လည်ပတ်နေသော သို့မဟုတ် ကုန်သွယ်မှုပြုနေသော သို့မဟုတ် စီးပွားရေး တခုတွင် ရင်းနှီးမြုပ်နှံနေသော မည်သည့် စီးပွားရေး လုပ်ငန်းမဆို မြန်မာပြည်၏ လုံခြုံရေးတပ်ဖွဲ့များနှင့် ပတ်သက်နေသော အထူးသဖြင့် တပ်မတော် သို့မဟုတ် လက်ခွဲ လုပ်ငန်းများ အပါအဝင် ၎င်းတို့ သို့မဟုတ် ၎င်းတို့ အဖွဲ့ဝင်များ ပိုင်ဆိုင် သို့မဟုတ် ထိန်းချုပ်ထားသည့် လုပ်ငန်းများနှင့် ရှိသည့် စီးပွားရေးဆက်ဆံမှုမျိုး များထဲကို မည်သည့်ပုံစံဖြင့်နှင့်မှ မဝင်ရောက်သင့်ပေ။ မြန်မာ့ ကျောက်စိမ်းနှင့် ပတ္တမြားတို့ ကမ္ဘာတလွှား လက်လှမ်းမီနိုင်သည့် အခြေအနေ၊ သယံဇာတ ထုတ်လုပ်မှုတွင် တပ်မတော် ပါဝင်နေမှုနှင့် မိုင်းတွင်းဒေသများတွင် လူ့အခွင့်အရေးနှင့် နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုများ အပေါ် တပ်မတော် တာဝန်ရှိမှုကို ကြည့်ပါက စီးပွားရေးလုပ်ငန်းများအနေဖြင့် ထိုချိုးဖောက်မှုများကို ထောက်ကူပြုပေးနေခြင်း သို့မဟုတ် အကျိုး အမြတ်ရရှိနေခြင်းမျိုး မဖြစ်သင့်ပေ။ တပြိုင်နက်တွင် ပုဂ္ဂလိက ကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုကို ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများကဖြစ်စေ သို့မဟုတ် နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့များက ဖြစ်စေ တပ်မတော်နှင့် တွဲဖက်စီးပွားရေး လုပ်ငန်းများ မဟုတ်သည့် အခြား စီးပွားရေး သမားများ၏ ကြီးထွားတိုးတက်မှုအား ထောက်ကူပေးရန် ပိုမို ဦးစားပေးသင့်ပါသည်။

မြန်မာဘာသာပြန်ဆိုထားသော အစီရင်ခံအပြည့်အစုံ
https://bit.ly/2Zjp6N9
မူရင်းအင်္ဂလိပ်ဘာသာ အစီရင်ခံစာအပြည့်အစုံ
https://bit.ly/2Mvmz0f

***************************************
ယခုဘာသာပြန် အစီရင်ခံစာအား ရှေ့ပြေးအသံအဖွဲ့မှ ဘာသာပြန်ထားခြင်းမဟုတ်ပါ။ ဤအစီရင်ခံစာအား စေတနာ့ဝန်ထမ်း ဘာသာပြန်အဖွဲ့မှ ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

ဤအစီရင်ခံစာ သည် ၂၀၁၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလ လူ့အခွင့်အရေးကောင်စီ ၄၂ ကြိမ်မြောက်အစည်းအဝေးတွင် တင်သွင်းမည်ဖြစ်သည့် မြန်မာပြည်ဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေး မစ်ရှင်၏ “မြန်မာ့တပ်မတော်၏ အကျိုးစီးပွား” အစီရင်ခံစာ အား တရားမဝင် ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ ဤတွင် ဘာသာပြန်ဆိုချက်နှင့် အဓိပ္ပယ်ဖွင့်ဆိုချက်များ၊ သတ်ပုံများ မှားယွင်းမှု ရှိနေပါလျှင် ဘာသာပြန်အဖွဲ့၏ တာဝန်သာဖြစ်ပါသည်။ မိမိတို့အနေဖြင့် တိုင်းရင်းသားလူမျိုးများနှင့် အဖွဲ့အစည်းများ၏ နာမည်များ၊ ကျေးရွာ မြို့အမည်များကို အတတ်နိုင်ဆုံး၊ အနီးစပ်ဆုံး ဖြစ်အောင် ကြိုးစားခဲ့သော်လည်း လွဲချော်မှုများ ရှိနေပါက မိမိတို့အားနည်းချက် အဖြစ် နားလည်၍ ဖြည့်စွက် ဖတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အချို့သော စကားလုံး/အခေါ်အဝေါ်များမှာ မြန်မာစကားလုံး အသစ်တီထွင်ထားသကဲ့သို့ ဖြစ်နေသောကြောင့် နားလည်ရခက်သည် ဆိုလျှင်လည်း မိမိတို့ အားနည်းချက်သာ ဖြစ်ကြောင်း ထပ်ဆင့် ဝန်ခံအပ်ပါသည်။ မစ်ရှင်အနေဖြင့် သြဂုတ်လ ၉ ရက်နေ့တွင် ထပ်မံရရှိသော အချက်အလက်များအပေါ် အခြေခံ၍ နောက်ဆက်တွဲ ထုတ်ပြန်ထားသည်ကိုလည်း ကြည့်ရှုနိုင်ရန် ဘာသာပြန်ပေးထား ပါသည်။

(ဘာသာပြန်အဖွဲ့)