မြန်မာတပ်မတော်အနေနဲ့ အမျိုးသားတွေ၊ ယောကျာ်းလေးတွေနဲ့ လိင်ပြောင်းထားသူတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂ အချက်အလက်ရှာ မစ်ရှင် အဖွဲ့က စွပ်စွဲပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့  စုံစမ်းစစ်ရေးမစ်ရှင်အဖွဲ့က ဩဂုတ် ၂၂ ရက်က ကုလသမဂ္ဂရုံးမှာ အစီရင်ခံစာထုတ်ပြန် သတင်းစာရှင်းလင်းပွဲကျင်းပပြီး စွပ်စွဲလိုက်တာပါ။

တပ်မတော်သားတွေဟာ အဓမ္မပြုကျင့်မှု၊ အုပ်စုလိုက်မုဒိမ်းကျင့်မှုနဲ့ တခြားအကြမ်းဖက်မှု တွေအပြင် အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ မိန်းကလေးငယ်တွေ၊ ယောကျ်ားလေးတွေနဲ့ လိင်ပြောင်းထားသူတဲ့သူကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ စနစ်တကျ ပုံမှန်လိုလို ကျူးလွန်ပြီး   နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေကို ပေါ်ပေါ်တင်တင် ကျူးလွန်ခဲ့တယ်လို့လည်း အစီရင်ခံစာ မှာ စွပ်စွဲထားပါတယ်။

လိင်ပြောင်းထားသူတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ခု ပထမဆုံးအကြိမ် ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာရှင်းရှင်းလင်းလင်း မီးမောင်ထိုး တင်ပြထားတဲ့အကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူ ခရစ္စတိုဖာ စီဒေါ့တီ က ပြောပါတယ်။

“ကျနော်တို့ လိင်ပြောင်းထားတဲ့  ရိုဟင်ဂျာအမျိုးသမီးနဲ့ စကားပြောခဲ့ပြီး သူတို့ဟာ ရိုဟင်ဂျာ ဖြစ်တာကြောင့်ရယ်၊ လိင်ပြောင်းထားသူတွေဖြစ်တာရယ်ကြောင့် ဒုက္ခတွေ နှစ်ထပ်ကွမ်း ခံစားရသူတွေဖြစ်တယ်။”

မြန်မာတပ်မတော်အနေနဲ့  လူနည်းစုတိုင်းရင်းသားတွေအပေါ် ခြောက်လှန့်  အပြစ်ပေးဖို့အတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလုပ်တာကို ရပ်တန့်ဖို့လည်း ကုလသမဂ္ဂက တောင်းဆိုပါတယ်။

ကုလအချက်အလက်ရှာမစ်ရှင်အဖွဲ့ ဥက္ကဋ္ဌ မာဇူကီ ဒါရုမန်းက “နိုင်ငံအနှံ့အပြားက  ကျားမ လူတွေအားလုံးအပေါ် အလွန်အမင်းနာကျင်ခံစားရအောင် ဒုက္ခပေးခဲ့တဲ့ မြန်မာတပ်မတော်ကို တာဝန်ခံမှုရှိအောင်  နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ လုပ်ဆောင်ရမယ် ”လို့ ပြောပါတယ်။

ဒါ့အပြင် အမျိုးသမီးနဲ့ မိန်းကလေးတွေ ရိုက်နှက်ခံရတာ၊ စီးကရက်မီးနဲ့တို့ခံရတာ၊ ဓားနဲ့ မွှန်းခံရတာ၊ မုဒိမ်းကျင့်ခံရပြီး တပ်စခန်းမှာ လိင်ကျွန်အဖြစ် စေခိုင်းခံရတာရှိသလို အမျိုးသားတွေနဲ့ ယောကျ်ားလေးတွေကိုလည်း အတင်းအကျပ် ဝစ်လစ္စလစ်နဲ့ နေခိုင်းပြီး လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခိုင်း ခဲ့တဲ့ အမှုတွေလည်း အစီရင်ခံစာမှာမှတ်တမ်း တင်ထားတယ်လို့ဆိုပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်တဲ့  သတင်းစာရှင်းလင်းပွဲမှာ ကုလမစ်ရှင်အဖွဲ့ဝင်  မစ္စ ရာဒီကာ ကုမာရဆွာမိ ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ တယ်လို့ ပြောသွားပါတယ်။

“သူတို့တွေဟာ ရပ်ရွာထဲက လူတွေကို တပ်သားသစ်စုဆောင်းတယ်။ တခါတလေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ အတင်းအဓမ္မစုဆောင်းခဲ့တယ်။ အမျိုးသမီးတွေကို ထမင်းချက်၊ သူနာပြု ၊ သန့်ရှင်းရေး စတဲ့အလုပ်တွေ ခိုင်းစေခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း ဖြစ်ခဲ့တဲ့ အခြေအနေတွေလည်း ရှိခဲ့တယ်”

တချို့ တိုင်းရင်းသားဒေသတွေမှာတော့ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးတချို့ဟာ မုဒိမ်းကျင့်သူတွေကို  လက်ထပ်ခဲ့ရတာတွေရှိတယ်လို့လည်း မစ္စ ကုမာရဆွာမိက ပြောပါတယ်။

ကုလအချက်အလက်ရှာအဖွဲ့အနေနဲ့  ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက ရာနဲ့ချီတဲ့ မျက်မြင်သက်သေတွေ၊ ဒုက္ခက လွတ်မြောက်လာသူတွေကို မေးမြန်းပြီး ဒီအစီရင်ခံစာကို ပြုစုခဲ့တာလို့ ဆိုပါတယ်။

အချက်အလက်ရှာအဖွဲ့အနေနဲ့ နောက်ဆုံးအစီရင်ခံစာကို လာမည့် စက်တင်ဘာလမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံ တင်သွင်းမှာဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ကုလသမဂ္ဂအချက်အလက်ရှာအဖွဲ့ကို စတင်ဖွဲ့စည်း ကတည်းက လက်မခံခဲ့သလို ဒီအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ၊ ထုတ်ပြန်ပြောဆိုချက်တွေ၊ အစီရင်ခံစာတွေအားလုံးကိုလည်း အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ အဖြစ်  ပြင်းပြင်းထန်ထန် ပယ်ချထားပါတယ်။

မြန်မာ့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လိင်အကြမ်းဖက်မှုတွေ မရှိဘူးလို့   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လည်းပြောကြားထားပါတယ်။

ဓာတ်ပုံ-UN

DVB News