ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လူနည်းစု ရိုဟင်ဂျာများကို လူမျိုးတုံး သတ်ဖြတ်မှုနှင့် ဥပဒေမဲ့ ရှင်းလင်းဖယ်ရှားမှုများအပါအဝင် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်များကြောင့်ဟုဆိုကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာ့တပ်မတော်  ထိပ်တန်းခေါင်းဆောင်လေးဦးနှင့် မိသားစုဝင်များကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ်သန်းဦးနှင့် ဗိုလ်မှူးချုပ်အောင်အောင်တို့ကို ယင်းလုပ်ရပ်များအတွက် တာဝန်ရှိသူအဖြစ် ဒဏ်ခတ်အရေးယူလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယင်းဒဏ်ခတ်အရေးယူမှု အပေါ် တပ်မတော်၏ သဘောထားကို သိရှိနိုင်ရန် တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကိုMyanmar Now ကဆက်သွယ်မေးမြန်းရာတွင် အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုကြောင့် တပ်မတော်၏ “ဂုဏ်သိက္ခာပိုင်းဆိုင်ရာ” ထိခိုက်ကြောင်း ပြန်လည်ဖြေကြားသည်။

ပဋိပက္ခများ ဖြစ်ပွားလာသည့်အတွက် တိုင်းရင်းသားများ၏ အသက်အိုးအိမ်နှင့် နယ်မြေဒေသ လုံခြုံရေးအတွက် တပ်မတော်က စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ချိုးဖောက်မှုနှင့် ပတ်သက်သည့်စွပ်စွဲချက်များကိုလည်း လျစ်လျူရှုထားခြင်း မရှိဘဲ တရားဥပဒေနှင့်အညီစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ကို နိုင်ငံတကာအဖွဲ့အစည်းများနှင့်အခြားနိုင်ငံများက လေးစားစေလိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေသည့် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာကို နားလည်ရန် လိုအပ်ကြောင်း ၎င်းကဆက်ပြောသည်။

ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းမှာ အမေရိကန်နိုင်ငံခြားရေးဌာန၏ ဥပဒေပြဌာန်းမှုများအရ  ချမှတ်လိုက်ခြင်းဖြစ်ပြီး ယင်းဥပဒေတွင် နိုင်ငံခြားတိုင်းပြည်များရှိ အစိုးရအရာရှိများသည် အဂတိလိုက်စားမှုများနှင့် ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု ခိုင်မာသည့် သတင်းအချက်အလက်များ ရှိပါက ယင်းပုဂ္ဂိုလ်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို အမေရိကန်ပြည်ထောင်စုသို့ လာရောက်ခွင့် ပိတ်ပင်ရမည်ဟု ဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီးသည် အဆိုပါ ဥပဒေအရ ပိတ်ဆို့အရေးယူခံရမည့်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လူသိရှင်ကြားဖြစ်စေ၊ သီးခြား (သိုသိုသိပ်သိပ်) ဖြစ်စေ ထုတ်ပြန်နိုင်သည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဌာနသည် (မြန်မာစစ်တပ်၏) အပြုအမူများ ပြောင်းလဲရန်နှင့် တာဝန်ရှိမှု၊ တာဝန်ခံမှုကို မြှင့်တင်ပေးနိုင်မည့် မူဝါဒများကို ထောက်ခံအားပေးသည့်အတွက် ယခုပိတ်ဆို့မှုသည် ယင်းရည်မှန်းချက်များ ဖြစ်မြောက်စေရန် တွန်းအားပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုမီယိုက ဆိုသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို မြန်မာနိုင်ငံအစိုးရက အရေးမယူသေးသည့်အတွက် စိုးရိမ်မကင်းဖြစ်မိကြောင်း၊ မြန်မာစစ်တပ်သည် နိုင်ငံတစ်ဝန်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများ ဆက်လက်ကျူးလွန်နေကြောင်း ဖော်ပြသည့် သတင်းနှင့် အစီရင်ခံစာများလည်း ရှိနေသေးကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာတပ်မတော် ထိပ်သီးခေါင်းဆောင်ပိုင်း၏ တာဝန်ခံမှု မရှိပုံ တုန်လှုပ်ဖွယ် ဥပမာတစ်ခုမှာ အင်းဒင်ရွာလူသတ်မှုဖြစ်စဉ်ကြောင့် အကျဉ်းကျနေသည့် တပ်ဖွဲ့ဝင်များကို လအနည်းငယ်အကြာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လွှတ်ရန်အမိန့်ပေးခဲ့သော်လည်း ယင်းလူသတ်မှုအကြောင်း ဖော်ထုတ်ရေးသားခဲ့သည့် သတင်းထောက်များမှာမူ ရက်ပေါင်း ၅၀၀ ကျော်အကျဉ်းကျခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာ့တပ်မတော် ထိပ်သီးခေါင်းဆောင်များကို အဆိုပါကိစ္စနှင့် ပတ်သက်၍ လူသိရှင်ကြားပိတ်ဆို့အရေးယူလိုက်သည့် ပထမဆုံးနိုင်ငံလည်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဩဂုတ်လကလည်း ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွင် တာဝန်ရှိသူများဖြစ်သည်ဆိုကာ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ခင်မောင်စိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တပ်မ ၉၉ ၏ တပ်မမှူး ဗိုလ်မှူးချုပ်ခင်လှိုင်၊ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ကိုင်တွယ်ခဲ့သည့် ရဲမှူးချုပ် သူရစန်းလွင်နှင့် ခြေမြန်တပ်မ ၉၉ ၊ တပ်မ ၃၃ တို့ကို အမေရိကန်အစိုးရက ပစ်မှတ်ထားပိတ်ဆို့ အရေးယူမှုများ လုပ်ဆောင်ထားသည်။

Myanmar Now