ဤကာတွန်းဇာတ်လမ်းတိုကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ထုတ်ပြန်ထားသည့် လက်နက်ကိုင်ပဋိပက္ခနှင့် ၎င်းနှင့်ဆက်စပ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဖြစ်ပေါ်သော ကာလရှည်ကြာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်မှုများအကြောင်းကို ရေးသားဖော်ပြထားသည့် အစီရင်ခံစာနှင့်အတူ တစ်ချိန်တည်း ထုတ်ပြန်ပြသခဲ့ခြင်း ဖြစ်ပါသည်။

[ရန်ကုန် – ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့] ဒုက္ခသည်များနှင့် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူ (IDP) များ နောက်ထပ်ပစ်ပယ်မခံရစေရေး အာမခံနိုင်ရန်အတွက် ၎င်းတို့အား တန်းတူအခွင့်အရေးရှိသော နိုင်ငံသားများအဖြစ် အသိအမှတ်ပြုကာ ၎င်းတို့၏ အနာဂတ်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ် အားလုံးတွင် လုံလောက်စွာတိုင်ပင်ညှိနှိုင်းပြီး အပြည့်အဝအဓိပ္ပါယ်ရှိရှိ ပါဝင်နိုင်ခွင့်ပေးရမည်ဟု မြန်မာအရပ်ဘက် လူထုအဖွဲ့အစည်း ၁၅ ဖွဲ့က ကမ္ဘာ့ဒုက္ခသည်များနေ့နှင့် အချိန်ကိုက် ကျင်းပသည့် အစီရင်ခံစာသစ်ထုတ်ပြန်ပွဲတွင် ပြောဆိုလိုက်သည်။ NLD ဦးဆောင်သောအစိုးရ၊ နိုင်ငံတကာအစိုးရများနှင့် အခြားသက်ဆိုင်ပတ်သက်သူများ အနေဖြင့် ဒုက္ခသည်များနှင့် IDP များ ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနှင့် မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်သည်အထိ လုံလောက်သော လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့နှင့်အတူ နယ်စပ်ဖြတ်ကျော် အထောက်အကူများ ဆက်လက်ကူညီ ပေးသင့်ပါသည်။

“ထွက်ပြေးတိမ်းရှောင်ရသူ လူထုအသိုင်းအဝိုင်းတွေရဲ့ အနာဂတ်ဟာ သူတို့လက်ထဲမှာပဲ ရှိရမယ်၊ မြန်မာအစိုးရက ဆုံးဖြတ်တာ ဒါမှမဟုတ် UNHCR က ဖိအားပေးတာမျိုးမဖြစ်သင့်ဘူး။” ဟု ကရင်နီဒုက္ခသည်ကော်မတီ မှ ခူးနဲရယ် က ပြောသည်။ “သူတို့ကို ပြင်းပြင်းထန်ထန် ထိခိုက်တဲ့ ကိစ္စတွေမှာ သူတို့နဲ့ အပြည့်အဝတိုင်ပင် ညှိနှိုင်းရမယ်။” ဟု ၎င်းက ဆက်ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည်မှာ လေးနှစ်နီးပါး ကြာခဲ့သော်လည်း မြန်မာစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EAO) အများ အပြားအား ထိုးစစ်များ ဆက်လက်ဆင်နွှဲနေခြင်းသည် လူသားဖြစ်တည်မှုအားဆန့်ကျင်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအဖြစ် အကျုံးဝင်ပါသည်။ အပစ်ရပ်ဒေသများအပါအဝင် နေရာအများအပြား၌ တိုက်ပွဲများ တိုးများလာနေခြင်းက နောက်ထပ်ထွက်ပြေးတိမ်းရှောင်ရမှုများ ဖြစ်ပေါ်စေခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တည်ဆောက်ခဲ့သမျှ အနည်းငယ်သောယုံကြည်မှုကိုပင် ပျက်ပြယ်စေခဲ့သည်။ ဤအတောအတွင်း ထွက်ပြေး တိမ်းရှောင်ရသူလူထုများမှာ နေရပ်ပြန်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများတွင် ယခုအချိန်ထိ ထည့်သွင်းခံရခြင်း မရှိသေးပါ။

“မြန်မာအစိုးရနဲ့ စစ်တပ်က ထွက်ပြေးတိမ်းရှောင်ရတဲ့ လူထုတွေအပေါ် ချိုးဖောက်မှုတွေ ဆက်လုပ်နေတာ၊ ချောင်ထိုးနေတာတွေက ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံဖြစ်ဖို့ မျှော်မှန်းချက်တွေကို အလေးထားတဲ့၊ ငြိမ်းချမ်း သာယာပြီး အားလုံးပါဝင်နိုင်တဲ့ လူ့ဘောင်ကို တည်ဆောက်ပျိုးထောင်ပေးဖို့ ခံယူချက်နဲ့ နိုင်ငံရေးစိတ်ဆန္ဒ ကင်းမဲ့တာကိုပြနေတယ်။” ဟု ရှေ့ပြေးအသံအဖွဲ့မှ အောင်ခိုင်မင်းက ဆိုသည်။

“အိမ်မလွမ်းသူ ဘယ်သူရှိမလဲ – မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခနှင့် ဆက်စပ်နေသော ကာလရှည်ကြာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှုများ” အစီရင်ခံစာသည် မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခကြောင့် လည်းကောင်း၊ ဆက်စပ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်လည်းကောင်း ကာလရှည်ကြာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှု အကြောင်းကို ဒေသခံတိုင်းရင်းသား လူထုအသိုင်းအဝိုင်းများ၏ ရှုထောင့်မှ တင်ပြထားသည့် တိုင်းရင်းသား အတော်များများအား လွှမ်းခြုံထားသော အစီရင်ခံစာတစ်စောင် ဖြစ်ပါသည်။ အစီရင်ခံစာထဲတွင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေသော လက်နက်ကိုင်တိုက်ပွဲများနှင့် တိုင်းရင်းသား လူထုများအပေါ် စနစ်တကျ နှိပ်ကွပ်ဖိနှိပ်မှုတို့၏ ဆိုးဝါးလှသော ထိခိုက်မှုကို မှတ်တမ်းတင်ထားကာ ထွက်ပြေးတိမ်းရှောင်နေရသော ကရင်၊ ကရင်နီ၊ မွန်၊ တအာင်း၊ ပအိုဝ်း၊ ကချင်နှင့် ရှမ်းဒုက္ခသည်များ၏ အဓိက စိုးရိမ်ချက်များနှင့် အရေးတကြီး လိုအပ်ချက်များကို တင်ပြထားပါသည်။ ဤအစီရင်ခံစာ တွေ့ရှိချက်များမှာ ဒုက္ခသည်များ၊ IDP များနှင့် တစ်ဦးချင်း အင်တာဗျူး ၃၃၈ ခု၊ ဦးတည်အစုအဖွဲ့ ဆွေးနွေးပွဲ ၂၁ ခုတို့ကို အဓိကအခြေခံထားပြီး EAO များ၊ CSO များ၊ ကုလအေဂျင်စီများ၊ INGO များနှင့် တွေ့ဆုံမေးမြန်းမှုများကိုလည်း အခြေခံထားပါသည်။

တွေ့ဆုံမေးမြန်းခဲ့သူ အများစုက ၎င်းတို့ ထွက်ပြေးတိမ်းရှောင်ရမှုမှာ ဆယ်စုနှစ်ချီ လက်နက်ကိုင် ပဋိပက္ခအပြင် မြန်မာစစ်တပ်မှ စနစ်တကျကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့်ဟု ထောက်ပြကြသည်။ မြန်မာစစ်တပ်သည် ပြစ်ဒဏ်ကင်းလွတ်ခွင့် အပြည့်အဝနှင့် ယင်းချိုးဖောက်မှုများကို ဆက်လက်လုပ်ဆောင် နေသည်။ တွေ့ဆုံမေးမြန်းခဲ့သူများက နှိပ်စက်ညှဉ်းပန်းမှု၊ လုယက်မှု၊ ရွာမီးရှို့မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ ကောက်ပဲသီးနှံ အိုးအိမ် မြေယာ သိမ်းယူမှု၊ မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းမှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ၎င်းတို့ ထွက်ပြေးတိမ်းရှောင်ရခြင်း၏ အကြောင်း ရင်းခံများဖြစ်ကြောင်း ဖော်ပြကြသည်။ ယင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းမှု များအပေါ် ထိခိုက်မှုများအား ပေါင်းစပ်လိုက်သည့်အခါတွင် ထွက်ပြေးတိမ်းရှောင်ရမှု များကို ဖြစ်ပွားစေပါသည်။ အချို့ကမူ ၎င်းတို့ခိုလှုံနေသည့် IDP စခန်းများ သို့မဟုတ် ကျေးရွာများကို မြန်မာ စစ်တပ်က မီးရှို့ပစ်သဖြင့် အကြိမ်များစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ပြောပြကြသည်။ ထွက်ပြေး တိမ်းရှောင်ရသူ လူထုအသိုင်းအဝိုင်းများ နေရပ်ပြန်သည့်အခါ ထိုသို့သော မတရားကျူးလွန်ချိုးဖောက်မှုများကို ကြောက်ရွံ့နေဆဲဖြစ်ကြောင်း၊ ၎င်းတို့ နေရပ်ပြန်ရေး ဘေးကင်းစိတ်ချမှုရှိမရှိကို အပစ်အခတ်ရပ်စဲခြင်း သို့မဟုတ် တိုက်ပွဲများ လျော့နည်းသွားခြင်း တစ်ခုတည်းဖြင့် တိုင်းတာနိုင်ရန် လုံလောက်မှုမရှိကြောင်း အစီရင်ခံစာက တွေ့ရှိခဲ့သည်။ ယင်းအချက်ကို ပိုမိုနက်ရှိုင်းစေသည်မှာ တာဝန်ယူမှုတာဝန်ခံမှု ကင်းမဲ့ခြင်းကြောင့် ထွက်ပြေး တိမ်းရှောင်ရသူများအနေဖြင့် ၎င်းတို့ နေရပ်ပြန်သည့်အခါ တိုက်ပွဲများနှင့် ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရွံ့ကြခြင်း ဖြစ်သည်။

“ကျနော်တို့အတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုတာ ကြေညာချက်တွေထုတ်တာ၊ စာရွက်တွေပေါ်မှာ လက်မှတ် ထိုးတာထက် အများကြီးပိုအဓိပ္ပါယ်ရှိတယ်။” ဟု ကရင်လူ့အခွင့်အရေးအဖွဲ့မှ ဝေလေးက ပြောသည်။ “အပစ်အခတ်ရပ်စဲရေးတွေ ကျနော်တို့တွေ့ခဲ့ဖူးပြီ၊ တိုင်းရင်းသားဒေသတစ်ခုမှာ တိုက်ပွဲတွေ ရပ်သွားပြီဆိုရင် နောက်ဒေသတစ်ခုမှာ ပြန်ဖြစ်လာရော၊ အိပ်မက်ဆိုးတွေ ထပ်တလဲလဲမက်နေသလိုပဲ။ တိုင်းပြည်ထဲက အစိတ်အပိုင်းတစ်ခုမှာ စစ်ပွဲမရှိတော့တာ တစ်ခုတည်းနဲ့တော့ ဘေးကင်းရန်ကင်းနဲ့ သိက္ခာရှိရှိ အိမ်ပြန်ဖို့ အချိန်ကျပြီဆိုတဲ့ လက္ခဏာမဟုတ်ဘူး။” ဟု ၎င်းကဆက်ပြောသည်။

အကူအညီထောက်ပံ့မှုအပေါ် မှီခိုရပ်တည်နေရသည့် တွေ့ဆုံမေးမြန်းခံရသူအားလုံးက မကြာသေးခင် နှစ်များအတွင်း ရပ်တည်ရှင်သန်ရေးအတွက် စိုးရိမ်ရလောက်သော အခြေအနေအထိ ထောက်ပံ့မှုများ လျော့ကျ လာခြင်းအကြောင်း ပြောပြကြသည်။ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှ ဒုက္ခသည်စခန်းများတွင် ယင်းအချက် သည် အဆင်သင့်မဖြစ်သေးသော အခြေအနေတစ်ခုတွင် ဒုက္ခသည်များ မြန်မာနိုင်ငံပြန်စေဖို့ ဖိအားတစ်ခု ဖြစ်လာသည်။ ကူညီထောက်ပံ့မှုများ လျော့ကျလာခြင်း သို့မဟုတ် နယ်စပ်ဖြတ်ကျော် အကူအညီများ ရပ်တန့် သွားခြင်းကို ကာလရှည် ထွက်ပြေးတိမ်းရှောင်ရခြင်း၊ အနာဂတ်မရေရာခြင်းတို့နှင့် ပေါင်းစပ်လိုက်သည့်အခါ IDP စခန်းများနှင့် ဒုက္ခသည်စခန်းများထဲတွင် စိတ်ကျရောဂါဖြစ်နှုန်းများ မြင့်မားလာ၍ မိမိကိုယ်ကို သေကြောင်း ကြံစည်မှုအပြင် အိမ်တွင်းအကြမ်းဖက်မှုများ၊ လောင်းကစားမှုများ၊ မူးယစ်ဆေးနှင့် အရက်စွဲခြင်း စသည့် လူမှုရေးဂယက်များ တိုးပွားလာသည်။

“ကျမတို့နိုင်ငံအတွက် အကူအညီအထောက်အပံ့တွေအပြင် စီးပွားရေးအခွင့်အလမ်းတွေလည်း တိုးလာနေတယ် ပြောကြပေမယ့် ကျမတို့ကတော့ ဒီဆယ်စုနှစ်တွေအတွင်း ထွက်ပြေးတိမ်းရှောင်ရတဲ့ တိုင်းရင်းသား လူထုတွေ အတွက် အဆိုးဆုံးအခြေအနေတချို့ကိုဘဲမြင်နေရတယ်။” ဟု ကရင်ဒုက္ခသည်ကော်မတီမှ နော်ဘလူးမင်းနိုက်ဇန် က ပြောသည်။ “ဒုက္ခသည်တွေက စားစရာမလောက်တော့လို့ စခန်းအပြင်ထွက်ပြီး အလုပ်လုပ်ကြရတယ်။ IDP တွေလည်း အသက်မွေးဝမ်းကျောင်းဖို့၊ စားစရာရှာဖို့ မြေမြှုပ်မိုင်းတွေပြည့်နေတဲ့ နယ်မြေတွေမှာ အသက်နဲ့ ရင်းနေရတယ်၊ ကိုယ့်မိသားစုတွေကို ထမင်းကျွေးနိုင်ဖို့ လူကုန်ကူးခံရမယ့် အန္တရာယ်ကိုလည်း ရင်ဆိုင်ကြရတယ်၊ ဒါတွေရဲ့ ရလဒ်ကတော့ တိုင်းရင်းသားပြည်သူတွေ အသက်ငင်နေတာပဲ။” ဟု ၎င်းကဆက်ပြောသည်။

တွေ့ဆုံမေးမြန်းခဲ့သူ အများအပြားက ၎င်းတို့ နေရပ်ပြန်ပါက အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှုများ အစားပြန်ရမရ စိုးရိမ်ကြောင်း ဖော်ပြကြသည်။ သို့သော်လည်း ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှုဥပဒေက အစိုးရအား “မြေလွတ်” သို့မဟုတ် “မြေလပ်” များအား ထိန်းချုပ်ခွင့်ပေးထားပြီး နောက်ထပ် ဥပဒေ ပြင်ဆင်ချက် များကလည်း၊ ခွင့်ပြုချက်မရှိဘဲ မြေယာအသုံးချပါက ကြီးမားသောဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ်ပင် ချနိုင်ကြောင်း သတ်မှတ်ထားရာ၊ လိုအပ်သောစာရွက်စာတမ်းများ ချို့တဲ့နေလေ့ရှိပြီး မိမိတို့မြေကို မှတ်ပုံတင် နိုင်ရန် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်မရှိသည့် ထွက်ပြေးတိမ်းရှောင်ရသူ လူထုများအတွက် အလွန်အမင်း ထိခိုက်စရာ ဖြစ်နေပါသည်။ ထို့အပြင် ဓလေ့ထုံးတမ်းမြေယာဥပဒေသည် တိုင်းရင်းသားရပ်ရွာများ၏ ယဉ်ကျေးမှု နှင့် ကြန်အင်လက္ခဏာများကို ထိန်းသိမ်းပေးခဲ့ပြီး ဘိုးဘေးများပိုင်ဆိုင်ခဲ့သော မြေယာများကို ထိန်းသိမ်း စောင့်ရှောက်နေသော်လည်း ယင်း မြေလွတ် မြေလပ် ဥပဒေက တိုင်းရင်းသားများကျင့်သုံးနေသော ဓလေ့ ထုံးတမ်း မြေယာဥပဒေကိုလည်း အသိအမှတ်မပြုပေ။

အစီရင်ခံစာပြုစုရေးသားသောအဖွဲ့များက မြန်မာအစိုးရနှင့် စစ်တပ်တို့အနေဖြင့် ထိုးစစ်များရပ်တန့်ရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မြန်မာစစ်တပ်အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး၊ တိုင်းရင်းသား ဒေသများတွင် စစ်တပ်အခြေစိုက်ထားမှုကိုဖယ်ရှားရေး၊ မြေသိမ်းဆည်းမှုများရပ်တန့်ရေး၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကိုအခြေခံသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ထူထောင်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စသည်တို့အပါအဝင် ပဋိပက္ခ၏ အရင်းခံ အကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် စစ်မှန်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်စေမည့် အခိုင်အမာ ဆောင်ရွက်ချက်များ လုပ်ဆောင်ရန် ဆော်သြကြပါသည်။ မြန်မာအစိုးရနှင့် အခြားသက်ဆိုင်ပတ်သက်သူများ အနေဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများအပေါ် သက်ရောက်သော မူဝါဒလုပ်ငန်းစဉ်အားလုံး၏ ဆုံးဖြတ်ချက် ချသည့်အဆင့်တိုင်းတွင် ၎င်းကာယကံရှင်များ အပြည့်အဝ အဓိပ္ပါယ်ရှိရှိ ပါဝင်ဆောင်ရွက်နိုင်ရေးကို အာမခံ လုပ်ဆောင်ပေးသင့်ပါသည်။

“အလှူရှင်တွေ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာအစိုးရက လုပ်မှာမဟုတ်တဲ့အလုပ်တွေကို ဖြည့်ပြီး လုပ်နေကြတဲ့ ဒေသခံတိုင်းရင်းသား လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့လုပ်ငန်းတွေကို အားပေးထောက်ပံ့ သင့်တယ်။ ဘယ်နေရာမှာပဲရှိနေနေ ထွက်ပြေးတိမ်းရှောင်ရတဲ့ လူထုတွေအားလုံးဆီကို ကူညီထောက်ပံ့မှုတွေ တန်းတူရောက်စေဖို့ သေချာလုပ်ပေးသင့််ပြီး ဒေသခံ CBO တွေ မှတ်ပုံတင်ထားသည်ဖြစ်စေ မတင်ထားသည် ဖြစ်စေ သူတို့ရဲ့ အရေးပါတဲ့ကဏ္ဍကို အသိအမှတ်ပြုပေးရမယ်။” ဟု ကရင်နီအမျိုးသမီး အစည်းအရုံးမှ မီးမီး က ပြောသည်။

သတင်းအချက်အလက် ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်

နော်ဘလူးမင်းနိုက်ဇန်၊ ကရင်ဒုက္ခသည်ကော်မတီ (KRC)၊ +၉၅ (ဝ) ၉၄၄၇၆၇၈၆၅၀၊ +၆၆ (ဝ) ၆၅၄၃၄၄၈၇၅ (ထိုင်း)၊ z_blooming@hotmail.com
အောင်ခိုင်မင်း၊ ရှေ့ပြေးအသံအဖွဲ့ (PV)၊ +၉၅ (ဝ) ၉၂၆၁၀ဝ၉၉၉၅၊ akm@progressive-voice.org
မီးမီး၊ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)၊ +၉၅ (ဝ) ၉၄၄၅၉၇၂၄၀၃၊ miemie123@gmail.com
ဝေလေး၊ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)၊ +၉၅ (ဝ) ၉၇၉၉၉၁၃၀၇၈၊ waylay@khrg.org

အစီရင်ခံစာပြုစုရေးသားသည့်အဖွဲ့အစည်းများ

1. မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊
2. ကရင်ကျောင်းသားကွန်ယက်အဖွဲ့၊

3. ကရင်လူ့အခွင့်အရေးအဖွဲ့၊

4. ကရင်ဒုက္ခသည်ကော်မတီ၊

5. ကရင်အမျိုးသမီးအစည်းအရုံး၊

6. ကရင်နီဒုက္ခသည်ကော်မတီ၊

7. ကရင်နီဥပဒေနှင့်လူ့အခွင့်အရေးစင်တာ၊

8. ကရင်နီပညာရေးဌာန၊

9. ကရင်နီအမျိုးသမီးအစည်းအရုံး၊
10. ကရင်နီလူမှုဖူလုံရေးနှင့်ဖွံ့ဖြိုးရေးပင်မ၊

11. ကုန်းကျောရှမ်းဒုက္ခသည်စခန်း၊

12. ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ၊

13. ပအိုဝ်းဒေသကျန်းမာရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ၊

14. ရှေ့ပြေးအသံအဖွဲ့၊

15. တအာင်း အမျိုးသမီးအဖွဲ့အစည်း

သတင်းထုတ်ပြန်ချက်ကို မြန်မာဘာသာဖြင့် ဤနေရာ၌ ရယူပါ။

သတင်းထုတ်ပြန်ချက်ကို အင်္ဂလိပ်ဘာသာဖြင့် ဤနေရာ၌ ရယူပါ။

“အိမ်မလွမ်းသူ ဘယ်သူရှိမလဲ – မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခနှင့် ဆက်စပ်နေသော ကာလရှည်ကြာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှုများ” အစီရင်ခံစာကို ကြည့်ရန်။