၀ါးခယ်မမြို့နယ် ငှက်ပျောချောင်းတိုက်နယ် အမှတ် (၂) ရဲစခန်းက ဖမ်းဆီးသွားပြီးနောက် ခြောက်ရက်အကြာတွင် ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့သည့် အမျိုးသားတစ်ဦး၏အမှုကို သေဆုံးသူ၏ မိသားစုဝင်က ရန်ကုန်မြို့သို့ လာရောက် တိုင်ကြားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဧပြီ ၆ ရက်တွင် ကနဦး စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ သိရသည်။သေဆုံးသူမှာ ဦးကျော်အေးဆိုသူဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ၀ါးခယ်မမြို့နယ် ဆူးတွင်းကျေးရွာအုပ်စုတွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းအား ရပ်ကွက်အေးချမ်းမှုကို ထိခိုက်အောင် ပြုမူသည်ဟုဆိုကာ မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ၀ါးခယ်မမြို့နယ် ငှက်ပျောချောင်းတိုက်နယ် အမှတ် (၂) ရဲစခန်းက ဖမ်းဆီးသွားခဲ့ကြောင်း၊ ထို့နောက် မတ် ၂၇ ရက်တွင် သေဆုံးသွားပြီဟု သတင်းရရှိသဖြင့် အလောင်းကို ၀ါးခယ်မမြို့နယ်ဆေးရုံမှ သွားရောက် သယ်ဆောင်ခဲ့ကြကြောင်း သေဆုံးသူ မိသားစုဝင်က လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားသည်။

“သေသွားတဲ့သူ ကိုကျော်အေးရဲ့ ခယ်မပေါ့နော်။ သူက ကော်မရှင်ကို တိုင်ကြားပါတယ်။ သေဆုံးသွားတဲ့ ကိုကျော်အေးကို ရယက အုပ်ချုပ်ရေးမှူးနဲ့ စကားများရာကနေ ရဲကနေ ခေါ်ပြီးတော့ ထိန်းသိမ်းတယ်။ ပြီးတော့မှ စခန်းကနေ ထိန်းသိမ်းပြီးတဲ့နောက်ပိုင်းမှာ ခြောက်ရက်လောက်အကြာမှာ သေဆုံးသွားတယ် ဆိုပြီးတော့။ အုပ်ချုပ်ရေးမှူးပြောပြလို့ ၀ါးခယ်မဆေးရုံကြီးမှာ အလောင်းကို သွားယူတယ်။ ယူတဲ့အခါမှာ ဒီအလောင်းကို ယူတဲ့အခါကျတော့ အဲဒီမှာ အလောင်းက ရုပ်ပျက်ဆင်းပျက်နဲ့ ဒီ ဖူးရောင်ဒဏ်ရာတွေ၊ ညိုမည်း ဒဏ်ရာတွေနဲ့ မြင်မကောင်း ရှုမကောင်းတာ တွေ့ရတယ်။ ဒါတွေဟာ ပယောဂကြောင့် သေဆုံးတယ်လို့ သူတို့ယူဆတဲ့အတွက် လူ့အခွင့်အရေးက နစ်နာမှုရှိတယ်။ ချိုးဖောက်ခံရမှုရှိတဲ့အတွက် ဒါ အရေးယူဆောင်ရွက်ပေးဖို့ဆို ပြီးတော့ ကော်မရှင်ကို တိုင်ကြားလာခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့လာရောက်တိုင်ကြားတဲ့ ဒေါ်သန်းသန်းမိုးရယ်၊ ဒေါ်ခင်မာချိုရယ်။ သူတို့ကိုတော့ ဒီနေ့စပြီးတော့ စုံစမ်းစစ် ဆေးမှုတွေ ဆောင်ရွက်ပါတယ်” ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အတွင်းရေးမှူး ဦးဘုန်းကြွယ်က ဆိုသည်။

ဦးကျော်အေးသည် ဖမ်းဆီးခံရသည့် မတ် ၂၁ ရက်မတိုင်မီ နှစ်ရက်သုံးရက်အလိုက ၎င်း၏ဇနီးဖြစ်သူနှင့် စကားများခဲ့ကြောင်း၊ ထိုသို့ စကားများတွင် အုပ်ချုပ်ရေးမှူး ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးနှင့်ပါ ထပ်မံစကား များခဲ့ကြောင်း၊ ယင်းသို့ စကားများစဉ် အုပ်ချုပ်ရေးမှူးက မင်း ငါ့အကြောင်း သိမယ်ဟု ပြောဆိုပြီး ပြန်သွားကြောင်း၊ ယင်းနောက် ရပ်ရွာအေးချမ်းမှုကို ထိခိုက်အောင်ပြုမူသည်ဟု ဆိုကာ ဖမ်းဆီးခံခဲ့ရပြီးနောက် ခြောက်ရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သို့ မိသားစုဝင်က တိိုင်ကြားထားသည်။

“မျက်နှာမှာ ညိုမည်း ဒဏ်ရာတွေနဲ့ မြင်မကောင်းဘူး။ အသက်တောင် ပြင်းပြင်း မရှူနိုင်ဘူး။ ကျွန်မ ခဲအို ကိုကျော်အေးတောင် ကျွန်မ မမှတ်မိဘူး။ အိမ်ရောက်လို့ မနက်စောစော ကျွန်မတို့ဖွင့်ကြည့်တော့ အဲဒီမှာ အူပွင့် ထွက်နေတယ်။ မျက်နှာမှာ ညိုမည်းနေတဲ့ ဒဏ်ရာတွေ။ ပြီးတော့ ဒီဘေးတွေ ကိုပေါ့နော်။ ခြေထောက်တွေနဲ့ ဖိနပ်စီးပြီး ကန်ထားတဲ့ အနေအထားမျိုးတွေ။ ဒီဘေးမှာလည်း သွေးယိုပြီးတော့ စိမ့်ထွက်နေတဲ့ပုံစံတွေလည်း တွေ့ရ တယ်။ ပြီးတော့လည်း ခြေထောက်တွေမှာ ပူတဲ့ အရာနဲ့ပေါ့နော်။ တို့ပြီးတော့ နှိပ်စက်မေးမြန်းထားသလို ကျွန်မကတော့ ထင်တယ်ပေါ့နော်။ အရည်ကြည်ဖုတွေ ထွက်ပြီးတော့ မြင်မကောင်းဘူး။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ အပြစ်ရှိတဲ့သူတွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့။ ဥပဒေအရ ထိရောက်စွာ အရေးယူပေးစေချင်တယ်။ ကိုကျော်အေးရဲ့ဇနီးက ခြေမသန်ဘူး။ ထော့နဲ့ထော့နဲ့နဲ့ သွားနေရတာ။ ကလေးလေးကလည်း ရှစ်နှစ်ကိုးနှစ်အရွယ် သုံးတန်းကျောင်းသူလေးပဲ ရှိသေးတာ။ အရမ်းကို ဆင်းရဲတာ။ ဘာပဲဖြစ်ဖြစ် ကျွန်မပြောတာက သူတို့ပြောသလို ဆိုးနေတဲ့သူတစ်ယောက်ကို ဥပဒေကပေးတဲ့ အဆုံးအမကိုပဲ ခံယူသင့်တယ်လို့ ကျွန်မ ယူဆတယ်လေ။ ခြေလွန်လက်လွန် ဖြစ်ပြီးတော့  ဒဏ်ရာဒဏ်ချက်တွေ မြင်မ ကောင်းတဲ့ သေဆုံးမှုကို လုံးဝကို မကျေနပ်ဘူး” ဟု သေဆုံးသူ၏ မိသားစုဝင် ဒေါ်သန်းသန်းမိုးက ပြောကြားသည်။

ယင်းအမှုကို ကော်မရှင်၏ လုပ်ထုံးလုပ်နည်းအရ လုပ်ဆောင်ပြီးနောက် မကြာမီတွင် အမှုဖြစ်ပွားသည့် နေရာသို့ ကွင်းဆင်းစစ်ဆေးမည်ဟု သိရသည်။

“ဒီလိုဖြစ်ရပ်မျိုးတွေဖြစ်ရင်တော့ တိုင်ကြားလာတာဖြစ်စေ၊ တိုင်ကြားမှုမရှိရင်လည်း ကော်မရှင်က သိရှိရင်ဖြစ်စေ အခြေခံဥပဒေအရ ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးတာတွေ လုပ်ပါတယ်။ ဒါက ဒီကိစ္စဟာလည်း မကြာခင်မှာ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စဆောင်ရွက်နိုင်ဖို့အတွက်လည်း တိုင်ကြားစာ လက်ခံရရှိပြီးနောက်ပိုင်းမှာ ဗဟိုကော်မရှင်ကို တင်ပြဖို့ရှိပါတယ်။ ဒီအစီရင်ခံစာကိုရေးပြီးတော့ ဗဟိုကော်မရှင်ထံ အဖွဲ့ကို တင်ပြသွားဖို့ရှိပါတယ်။ ဗဟိုအဖွဲ့ ရဲ့ ခွင့်ပြုချက်နဲ့ ကွင်းဆင်းစစ်ဆေးမှာ ဖြစ်ပါတယ်”  ဟု ဦးဘုန်းကြွယ်က ပြောကြားသည်။

Eleven News